၆၄နှစ် ပြည့်သွားပြီဖြစ်သည့် ဟီရိုရှီးမား အဖြစ်ဆိုး

Planet

တိတ်ဆိတ်ငြိမ်းချမ်းနေသော နေ့လေးတစ်နေ့။ ဂျပန်နိုင်ငံ၏ ဟီရိုရှီးမား မြို့ကလေးသည် မကြာမီကျရောက်တော့မည့် ကြမ္မာဆိုးကို မရိပ်မိရှာဘဲ ငြိမ်သက်အေးဆေးစွာ တည်ရှိနေသည်။ မြို့၏အထက် အမြင့်ပေ (၃၂၀၀၀)ကျော်တွင်မူ အမေရိကန် B-29ဗုံးကြဲ လေယာဉ်ကြီးတစ်စင်းသည် တစ္ဆေတစ်ကောင်နှယ် တရိပ်ရိပ် လွင့်မြောလာနေသည်။ မကြာမီမှာပင် လေယာဉ်ထံမှ အရာတစ်ခုက ဟီရိုရှီးမားမြို့ထံသို့ လေထုကိုဖြတ်သန်းပြီး ကျဆင်းသွားသည်။ နောက်ထပ်(၅၇)စက္ကန့် အကြာတွင်တော့ ငရဲဘုံဆိုသော အရာကို ဟီရိုရှီးမား မြို့သူမြို့သားများ မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရရှိခဲ့လေတော့သည်။ (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့က ဖြစ်ပွားခဲ့သော အနုမြူဗုံးကွဲမှုကြီး ဖြစ်ပွားခဲ့သည်မှာ (၆၄)နှစ်တင်းတင်း ပြည့်ပြီဖြစ်သည့်တိုင် ဟီရိုရှီးမား ဒေသခံတို့က မေ့မရသေးပါ။

(မှိုပွင့်သဏ္ဍန် မီးခိုးလုံးကြီးဖြင့် ပေါက်ကွဲခဲ့သည့် အနုမြူဗုံး)
လှပပြီး အရှေ့တိုင်းယဉ်ကျေးမှု ထွန်းကားရာ မြို့ကလေးသည် စက္ကန့်ပိုင်းအတွင်း ပြာပုံဖြစ်သွားသည်။ ကီလိုဂရမ် (၁၆၀) အလေးချိန်ရှိသည့် ဗုံးကြီးသည် အမြင့်ပေ (၂၀၀၀)တွင် ပေါက်ကွဲသွားပြီး မြေပြင်အထက်ကောင်းကင်သို့ မှိုပွင့်ကြီးသဏ္ဍန် မီးခိုးလုံးကြီးတစ်ခု ထိုးတက်သွားချိန်မှာပင် လူပေါင်းသောင်းနှင့်ချီ ချက်ချင်းလိုလို အသက်ပျောက်သွားသည်။ ထိုအခိုက်အတန့်က လူ့သမိုင်းတွင် ဂျပန်သည် ပထမဆုံးသော အနုမြူဗုံးဒဏ်ခံ နိုင်ငံအဖြစ် အနက်ရောင်မော်ကွန်း တွင်သွားခဲ့ရှာသည်။ နောက်(၃)ရက်အကြာတွင် အမေရိကန်က လူဝကြီးဟု အမည်တပ်ထားသည့် ဒုတိယမြောက် သေမင်းတမန် ဗုံးကြီးတစ်လုံးကို နာဂါစကီမြို့တော်သို့ ကြဲချခဲ့ပြန်သည်။ ထို့နောက်တွင်တော့ နေမင်း၏ သားတော်ဟု ဂုဏ်ယူဝံ့ကြွားခဲ့ပြီး သမိုင်းတွင် တစ်ကြိမ်မှ စစ်မရှုံးခဲ့ဖူးသော ဂျပန်နိုင်ငံသည် မဟာမိတ်တပ်များထံ လက်နက်ချ အရှုံးပေးခဲ့ရပြီး ဒုတိယ ကမ္ဘာစစ်ကြီးမှာလည်း ဆုံးခန်းတိုင်သော အခြေအနေသို့ ရောက်ရှိခဲ့လေတော့သည်။

(ဟီရိုရှီးမားအမှတ်တရ အဆောက်အဦနှင့် အနုမြူဗုံးဒဏ် ခံခဲ့ရသူတစ်ဦးပုံအား ပြသထားစဉ်)
“နျူကလီးယား လက်နက်တွေ ချုပ်ငြိမ်းသင့်ပါပြီ။ ဒီအတွက် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းပါဝင်ရမှာပါ”ဟု ဟီရိုရှီးမား မြို့တော်ဝန် တာဒါတိုရှီ အကီဘာက ဩဂုတ်လ (၆)ရက်နေ့တွင် ကျရောက်သည့် ဟီရိုရှီးမား ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး (၆၄)နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ အီနိုလာဂေးအမည်ရှိ B-29မှ ကြဲချလိုက်သော လူကလေးဟု နာမည်ပေးထားသည့် ဗုံးဒဏ်ကြောင့် လူ(၈၀၀၀၀)ကျော် သေဆုံးခဲ့ရသည့် သမိုင်းဝင်မြို့၏ အုပ်ချုပ်ရေးမှူးက အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ သဘောဆန္ဒကို ထောက်ခံပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်အသီးသီးသို့ စွမ်းအားမြင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းကြပါရန် ပန်ကြားခဲ့သည်။ “သမ္မတ အိုဘားမားက ကမ္ဘာ့နိုင်ငံတိုင်းမှာ နျူကလီးယားလက်နက်တွေ ကိုင်ထားတဲ့ အခြေအနေကို (၂၀၂၀)မှာ လုံးဝမရှိသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။ သူ့စကားကို ကျွန်တော်သဘောတူပေမယ့် ဒီကိစ္စဟာ အတင်းအကြပ် စီမံလို့မရဘဲ ကိုယ့်တာဝန်ကိုယ်ယူမှသာ ဖြစ်နိုင်မှာပါ”ဟုလည်း အကီဘာက ပြောကြားသွားသည်။
(ဟီရိုရှီးမားမြို့ အနုမြူဗုံးဒဏ်ခံ အမှတ်တရ အဆောက်အဦး)
ဟီရိုရှီးမားနေ့ဟု သတ်မှတ်ထားသည့် ထိုနျူကလီးယား ဆန့်ကျင်ရေး ၀မ်းနည်းကြေကွဲဖွယ် နှစ်ပတ်လည်နေ့တွင် မြို့အတွင်းရှိ ဗုံးဒဏ်ခံ အဆောက်အအုံတစ်ခုအား ပြုလုပ်ထားသည့် အမှတ်တရ ပြတိုက်သို့ လူအများ လာရောက်လေ့လာကြသည်။ ဟီရိုရှီးမားသည် ဗုံးဒဏ်ကြောင့် ထွက်ပေါ်လာသည့် ရေဒီယို သတ္တုကြွမှုများကြောင့် နောက်ထပ်လူ(၁၀၀၀၀၀)ကျော် သေဆုံးမှုနှင့်လည်း ကြုံခဲ့ရသေးသည်။ ယခုအခါတွင် ခေတ်မီလှပနေသော မြို့ကြီးအဖြစ် ပြန်လည်ရောက်ရှိနေသည့်တိုင် ဗုံးဒဏ်ကြောင့် ပျက်စီးနေသော အကြွင်းအကျန် အချို့တို့ကို အမှတ်တရ ချန်ထားဆဲဖြစ်သည်။ ဩဂုတ်(၆)ရက်နေ့ အခမ်းအနားသို့ လူပေါင်း(၅၀၀၀၀)ကျော် တက်ရောက်ခဲ့သလို ဗုံးကြောင့်သေဆုံးသွားသူများအတွက် ရည်စူးဆုတောင်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ် တာရိုအဆိုကလည်း အခမ်းအနားသို့ ရောက်ရှိလာပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးသည် ဟီရိုရှီးမား၏ ဖြစ်ရပ်ဆိုးကို အတုယူကာ အနုမြူလက်နက်များ၏ အန္တရာယ်ကို သတိထား ကိုင်တွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
(ဟီရိုရှီးမားမြို့လေးပေါ်သို့ ကြဲချခဲ့သည့် အနုမြူဗုံးပုံ)
“ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယား မပြန့်ပွားရေး ရည်မှန်းချက်(၃)ခုကို ဆက်ပြီးကျင့်သုံးနေဦးမှာပါ။ နောက်ပြီးတော့ ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အကျိုးရှိမယ့် နျူကလီးယားလက်နက်အားလုံး ဖျက်သိမ်းရေး သဘောတူညီချက် ရနိုင်ဖို့လည်း ဆက်ကြိုးစားသွားပါ့မယ်”ဟု ၀န်ကြီးချုပ်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ မြို့ရှိလူဦးရေ စုစုပေါင်း၏ (၃၀)ရာခိုင်နှုန်းကို ပျောက်ကွယ်သွားစေပြီး အဆောက်အအုံ စုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကို ပြားပြားဝပ်သွားစေသည့် ဗုံးဒဏ်ခံ မြို့ကြီးတွင် ဂျပန်ဝန်ကြီးချုပ် ပြောကြားသွားသည့် နျူကလီးယား မပြန့်ပွားရေး ရည်မှန်းချက် (၃)ခုဆိုသည်မှာ လက်နက်များ မဆောက်လုပ်ရေး၊ မပိုင်ဆိုင်ရေးနှင့် မလွှဲပြောင်းရေးတို့ဖြစ်သည်။
(သေဆုံးခဲ့ရသူများအတွက် လွမ်းသူ့ပန်းခွေချနေသည့် ဂျပန်ဝန်ကြီးချုပ်)
ယခုအခမ်းအနားသည် ပြီးခဲ့သော မေလက ဂျပန်၏ ဒေသတွင်းရန်သူ မြောက်ကိုရီးယားက စမ်းသပ်ဖောက်ခွဲခဲ့သော နျူကလီးယားဗုံးကြောင့် ပိုမိုရုပ်လုံးကြွနေကြောင်း လေ့လာသူများကဆိုသည်။ မေလ(၂၅)ရက်နေ့က မြောက်ကိုရီးယားသည် ဟီရိုရှီးမားဗုံးနှင့် ပြင်းအားအဆင့်တူမျှရှိသည့် နျူကလီးယား ဗုံးတစ်လုံးကို အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့သည်။ “တစ်ကမ္ဘာလုံးကို လူသတ်လက်နက်တွေ ကင်းရှင်းနေတဲ့ ငြိမ်းချမ်းတဲ့ နယ်မြေကြီး ဖြစ်စေချင်ပါတယ်”ဟု သေဆုံးသွားသူများအတွက် ရည်ရွယ်ပြီး မြို့ရင်ပြင်တွင် ပန်းစည်းလာချသော မြို့ခံတစ်ဦးကဆိုသည်။ ဂျပန်ကျောင်းသားကျောင်းသူ အများအပြားသည် ဟီရိုရှီးမားပြတိုက်ရှိ ဓာတ်ပုံများနှင့် သရုပ်ပြ ပုံစံငယ်များကို သွားရောက်လေ့လာပြီး ကြမ္မာဆိုးခဲ့သည့် မြို့သမိုင်းကို မေးမြန်းနေကြသည်။ “သမိုင်းဆိုတာ ဖျောက်ပစ်လို့ ရတာမှမဟုတ်တာ။ ကျွန်မတို့ဟာ စစ်ပွဲကြီးတစ်ခုကြောင့် မိဘဘိုးဘွားတွေ စတေးခံခဲ့ရတယ်ဆိုတာ ကလေးတွေ သိနေဖို့ လိုပါတယ်။ စစ်ကိုမုန်းဖို့၊ ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ဆိုရင်တော့ ဟီရိုရှီးမားဟာ အကောင်းဆုံး သင်ပြပေးနိုင်မယ့် ပြယုဂ်တစ်ခုပါ”ဟု ကလေးများအား ပြတိုက်ခေါ်လာသည့် မူလတန်းပြ ဆရာမတစ်ဦးက ပြောကြားခဲ့သည်။ (၆၄)နှစ်ပြည့် ဟီရိုရှီးမားနေ့နှင့် ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ဂျပန်အစိုးရထံ စာနာကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။

စုစည်းဘာသာပြန် - ZYW

Source: WSJ Online, Wikipedia, MSNBC

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form