ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက် မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ်နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစတွေ အားလုံးကို မြင်နေတယ်။
ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေတယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။

ဟိုးအမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျ သွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန်တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။

အား … ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ ရင်ကွဲမတတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ်ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။
အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ …)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက် လေးတွေကို ၀န်းပတ်ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်း နေတဲ့ သီလရှင် ဆရာလေးတွ၊ သူတို့ ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကို ငေးစိုက်ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်း ထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသားတွေနဲ့  ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရတယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော် တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …

ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီယို သတ္ထုလိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့ အကူအညီ တောင်း နေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့ မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …။

ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့  လက်ဖ၀ါးတွေကို ဖြန့်ကြည့် လိုက်တဲ့ အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ် ဒဏ်ရာနဲ့  သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။

မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက် ကြမ်းကြမ်းတွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်းတွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင။် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။
ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲ ကျတယ်။ သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေးတယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ်တုတ်နဲ့ မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်း နိုင်တော့လို့ ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံး နေတဲ့ ကောင်ကို ပါးဖြတ် ရိုက်လိုက်တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။

အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့
ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက်လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသ့တွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။

စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်းမထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့ သတ်ပစ် သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက် သွားပြန်တယ်။

လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ ကောင်လေးတယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်းပါတဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေနဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။

ညီမလေး … ညီမလေး … အိမ်မက် မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုး လာတဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊
သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။
----------------------
ဒီနေ့ မဆုံရတာ ကြာပြီ ဖြစ်တဲ့ မြန်မာပြည်က သူငယ်ချင်း တစ်ယောက်လာလို့ သွားတွေ့ရင်း စကားတွေ အကြာကြီး ပြောဖြစ်တယ်..သူနဲ့ စကား ပြောရင်းက သူပြောပြတဲ့ ကျွန်မတို့ တိုင်းပြည်က အကြောင်း အရာတွေကို နားထောင်ရင်း ဘာကိုမှ ခွန်းတုံ့မပြန် နိုင်အောင်ကို ဆွံအမိတယ်..

အဲ့ သလောက် တောင် လုပ်ခဲ့တယ် ဆိုတာ သိခဲ့ပေမယ့် ထင်ထား တာထက်ကို မယုံနိုင် လောက် အောင် လူမဆန်ခဲ့ တာတွေကို ပြန်ကြား မိတဲ့အခါ အဟောင်းတွေဟာ အသစ်တွေ ပြန်ဖြစ် တယ်..အခုဆို..၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး..စတေးခဲ့တဲ့ သံဃာတော်တွေ အခု နယ်ပြောင်း ထောင်ပြောင်း ထောင်ဒဏ်တွေ စီရင်ချက် ချခံနေရတာတွေ..ရင်နဲ့ မဆန့် အောင်ကို နာကျင် ခံစားရပါတယ်.. ဘယ်လို ပြောရမှန်း တာင် မသိတော့အောင် ဖြစ်ရ ပါတယ်..သေချာ တာတော့ ငါတို့ မမေ့သေးဘူး သိလားလို့ ဆိုတော့ ကျွန်မ သူငယ်ချင်းက မဲ့ပြုံးပြုံးပြီး..ခပ်ဟဟ ရယ်တယ်..

မိသားစုရယ် ကျွန်မ သူငယ်ချင်းတွေရယ်ကို နောက် ကျွန်မ ချစ်တဲ့ ကျွန်မတိုင်းပြည်ကို ပစ်ပြေးခဲ့သလို ဖြစ်တဲ့ အတွက် .နောင်တ တစ်ခုလို အမြဲခံစားရတယ် သတင်းတွေနဲ့ အတူ အနီးကပ်ရှိနေရင်းက အဖြစ်အပျက်တွေစာ ခြောက် အိမ်မက် ဆိုးကြီး တစ်ခုလို ဖြစ်နေတုန်းပဲဆိုတာ သူငယ်ချင်းကို သိစေချင်လို့ အရင်က ရေးခဲ့ဘူးတဲ့ ပို့စ်လေးတစ်ခုကို ပြန်တင်လိုက်ပါတယ်ရှင်..

0 comments: