အာဏာနှင့် လက်နက် အားကိုးတဲ့သူ

ဇူလိုင်လ (၁၉) ရက်နေ့  ည (၁၂) နာရီလောက်က ဆရာစံလမ်းက “24 Hour Mark” မှာ လူနှစ်ယောက် ရန်ဖြစ်ကြ ပါတယ်တဲ့။ ရန်ဖြစ်ကြတဲ့သူ နှစ်ယောက်လုံး မူးနေပါတယ်။ တစ်ယောက်က ပြောက်ကျား စစ်ဝမ်းဆက်နဲ့ပါ။ စကားများ နေရင်း ပြောက်ကျား စစ် ၀မ်းဆက်နဲ့ လူက ဘောင်းဘီအိတ်ထဲမှ သေနတ် တစ်လက် ဆွဲထုတ် လိုက်ပြီး ကျန်တစ်ယောက်ရဲ့ နဖူးကို တေ့လိုက် ပါတယ်။

နဖူးကို ချိန်ထားပြီး “ငါ့နာမည် ဗိုလ်ကြီး လှဌေးလှိုင်” လို့ ခေါ်တယ်၊ ငါ မနေ့ကမှ ရှေ့တန်းက ပြန်ရောက်တာ ၊ မင်းလို ကောင်ကို ပစ်သတ် လိုက်လို့ ငါဘာမှ မဖြစ်သွားကွ” ဆိုပြီး ကြိမ်းမောင်း နေပါတယ်။

အဲ့ဒီ အချိန်မှာ ဆိုင်ရှေ့ကားပေါ်က သူ့တပည့် တစ်ယောက် ဆင်းလာပြီး တစ်ဘက်က စကားများသူရဲ့ ခေါင်းကို ၀င်ရိုက် လိုက်ပါတယ်။ နောက်တော့ ကားပေါ်ကနေ မိန်းမ တစ်ယောက် ထပ်ဆင်းလာပြီး အဲ့ဒီ ပြောက်ကျား စစ်ဝမ်းဆက်နဲ့ လူကို အတင်း ဆွဲခေါ်သွားပါတယ်။ မဆွဲရင် ပစ်တော့မယ့် ပုံပါ။

Mark II 92 Model အဖြူရောင်ကား (နံပါတ် - ၇က/၂၈၈၇) စီးတဲ့ ဗိုလ်ကြီး လှဌေးလှိုင်လို အပြုအမူ တွေဟာ အင်မတန် ရိုင်းစိုင်း လွန်းပါတယ်။ တစ်ဘက်က စကားများ ရန်ဖြစ်တဲ့ သူဟာ ဘယ်သူဘဲ ဖြစ်နေပါစေ နှစ်ယောက်လုံး မူးနေလို့ ဖြစ်တယ်ပဲ ထားပါ။ ငါဟာ ဗိုလ်ကြီး၊ ရှေ့တန်းကနေ ပြန်ရောက်လာတာ၊ ပစ်သတ်လို့ ဘာမှ မဖြစ်ဖူး ဆိုတဲ့ စကားတွေဟာ အာဏာ ရာထူးကို အလွဲ သုံးစား လုပ်ရုံမက တစ်ဘက်သားကို လက်နက် အားကိုးနဲ့ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ယောကျာင်္း မှန်ရင် သတ္တိ တကယ်ရှိရင် တရားသဖြင့် ယှဉ်ပြိုင် ရဲရင် ရာထူးတွေ အာဏာတွေ လက်နက်တွေနဲ့ ခြိမ်းခြောက်တာ အားကိုးတာ မလုပ်ဘဲ လက်ချည်း သက်သက် ယှဉ်ပြိုင်ပါလား။

ဒီလို ထင်ရာစိုင်း လုပ်လို့ ရနေတာ နအဖရဲ့ တရား ဥပဒေဆိုတာ ဘာလည်းလို့ မေးလိုပါတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ဆိုတာရော ဘာလည်းလို့ မေးချင် ပါတယ်။

ဒီထက် ပိုမေးချင်တာကတော့ ပြည်သူ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ပါတယ်ဆိုတဲ့ စစ်သား အရာရှိ တစ်ဦးရဲ့ ရမ်းကားတဲ့ လုပ်ရပ်ဟာ အပြောနဲ့ အလုပ် ညီပါရဲ့လား ဆိုတာပါ။

ဒီတော့ကာ ဗိုလ်ကြီး လှဌေးလှိုင်လို အာဏာရာထူး အလွဲသုံးစားလုပ်ပြီး ပြည်သူတစ်ဦးအပေါ်မှာ လက်နက်နဲ့  ခြိမ်းခြောက် အနိုင် ယူတတ်တဲ့ သူတွေကို နအဖက “တရားဥပဒေ” ဆိုတာနဲ့ လက်တွေ့ ကျကျ အရေးယူ မယူကို စောင့်ကြည့်လိုက်ပါမယ်။
ဒီလို ရမ်းကား စော်ကားသူ ဗိုလ်ကြီး လှဌေးလှိုင်ကို အရေးယူ အပြစ်ပေးတာ နအဖရဲ့ သတင်းစာထဲမှာ လူသိရှင်ကြား ပါမလာရင်တော့ နအဖပြောတဲ့ တရားဥပဒေ ဆိုတာ အလကားပဲလို့ သတ်မှတ်လိုက် ပါမယ်။

source by : ကိုနစ်နေမန်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form