ဆန်သယ်ဆောင်ရန်အတွက်သာ မြောက်ကိုရီးယားသင်္ဘော ရောက်ရှိမည်

ပလက်နက် | မြောက်ကိုရီးယားနိုင်ငံမှ ကုန်တင်သင်္ဘော Kang Namမှာ မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်း လာနေသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက တရားဝင်ပြောကြား ငြင်းဆန်လိုက်ကြောင်း သိရှိရသည်။ မေလ(၂၅)ရက်နေ့က နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲလိုက်ပြီးနောက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်နေပြီး ၎င်း၏ ရေကြောင်းသွားလာမှုများကိုလည်း စောင့်ကြည့်လျက်ရှိရာ ဇွန်လ(၁၇)ရက်နေ့က မင်ပိုအာဆိပ်ကမ်းမှ ထွက်ခွာလာသည့် Kang Nam၏ ဦးတည်ရာသည် မြန်မာနိုင်ငံ ဖြစ်နိုင်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ခန့်မှန်း ဖော်ပြခဲ့ကြသည်။


(ပြည်ပနှင့်အင်တာနက်သတင်းများတွင် ရေးသားဖော်ပြနေကြသည့် မြောက်ကိုရီးယားသင်္ဘော Kang Nam) (Photo: Associated Press)
မြောက်ကိုရီးယားပိုင် ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်သင်္ဘောတစ်စင်းက စစ်လက်နက်များ တင်ဆောင်လာသည်ဆိုသော သံသယဖြင့် နောက်ယောင်ခံ လိုက်ပါလျက်ရှိပြီး ထိုသင်္ဘောမှာ မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာခြင်း မဟုတ်ကြောင်း အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် အတိအလင်း ဖော်ပြခဲ့သည်။ ဇွန်လ(၂၅)ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားမှုအရ မြန်မာနိုင်ငံ အစိုးရအနေနှင့် နိုင်ငံခြားသတင်းဌာနများ၏ မမှန်သတင်းများ ဖော်ပြနေမှုအတွက် စိုးရိမ်ကြောင့်ကြမှု လုံးဝမရှိကြောင်း ဖော်ပြပါရှိသည်။ Kang Namသည် မြန်မာနိုင်ငံနှင့် လုံးဝဆက်စပ်မှု မရှိသော်လည်း အခြားမြောက်ကိုရီးယား သင်္ဘောတစ်စင်းမှာမူ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောမှာ MV Dumangangသင်္ဘောဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆန်တန်ချိန် (၈၀၀၀)သယ်ယူပို့ဆောင်ရန် ကိစ္စအတွက် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှ ထွက်ခွာလာနေပြီး ဇွန်လ(၂၇)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာဖွယ်ရှိနေကြောင်း သတင်းရရှိသည်။

Source: XinhuaNet / ပလက်နက်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form