ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း

NEJ | အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ရှိနေခဲ့ရသော ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နအဖ စစ်အစိုးရက ဧပြီ (၃၀) ရက်တွင် ယတိပြတ် ပယ်ချလိုက်ပြီဖြစ်သည်။ ယင်း အခြေအနေများနှင့် စပ်လျဉ်း၍ ခေတ်ပြိုင်က ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းကို ဆက်သွယ် မေးမြန်း ခဲ့သည်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားတဲ့အပေါ် သတင်းတပ်ဖွဲ့က ဘယ်လိုတုံ့ပြန်ပါသလဲ ဆရာ။

ဖြေ။ ။ တောင်းတာက (၄) ရက်နေ့က တောင်းတာဗျ။ (၄) ရက်နေ့ တနင်္လာနေ့က ရုံးဖွင့်ရက်ဆိုတော့ ကျနော်က သွားပြီး စာတင် လိုက်တယ်။ ကျနော်ကလည်း မြန်မြန်ထက်ထက်သွားပြီး သတင်းပို့ချင်တာကိုး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဦးဦးဖျားဖျား သိသင့်တဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒါကြောင့် (၄) ရက်နေ့က (၅) ရက် (သို့မဟုတ်) (၆) ရက်နေ့မှာ တွေ့ခွင့်ပြုပါဆိုပြီး တင်လိုက်တာ။ အခု ချိန်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူးဗျ။ ဆိုတော့ ဒီနှစ်ရက်ကတော့ မရဘူးထင်ပါရဲ့။ ရန်ကုန်သတင်းတပ်ဖွဲ့ကလည်း နေပြည်တော်ကို ဆက်တင် ရဦးမယ် ထင်ပါတယ်။ ဒီကနေ ခွင့်ပြုနိုင်တဲ့ အနေအထားမဟုတ်ဘူးဗျ။ နေပြည်တော် တင်ရင် နေပြည်တော် မှာရှိတဲ့ သတင်းတပ်ဖွဲ့မှူးကလည်း ဆက်ပြီး ပြည်ထဲရေးကို တင်ရဦးမယ် ထင်တယ်။ ဆိုတော့ဗျာ… ကြာဦးမယ်ထင်ပါတယ်။

မေး။ ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်တုန်းကလည်း အယူခံလွှာကို နေပြည်တော်တင်ထားပြီးဖြစ်ကြောင်းနဲ့ ပြင်ဆင် ဖြည့်စွက် လိုတာတွေ ပြင်ဆင်ဖြည့်စွက်နိုင်အောင်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း တာတောင် မရခဲ့ဘူးဆိုတော့ ဒီကြား ကာလမှာရော အမှုနဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါ သေးလား။

ဖြေ။ ။ ကျနော်တို့ အယူခံလွှာကို ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့မှာ ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော် ကို သွားတင်ပါတယ်။ တင်ပြီးတော့ အဲဒီအချိန်ကတည်းက ကျနော်လည်း ဒီလို တင်ထားတဲ့ အကြောင်း သတင်းပို့ဖို့တို့၊ နောက် ညွှန်ကြားလွှာယူဖို့တို့အတွက် တွေ့ခွင့်တောင်းတယ်။ တော်တော်များများ တောင်းပါတယ်။ တောင်းပေမယ့်လည်း ဘာမှမရခဲ့ဘူး။ ကြားကာလအတွင်းမှာ တွေ့ဆုံခွင့် လုံးဝ မရခဲ့ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပြည်တွင်း အက်ဥပဒေအရ (၅) နှစ် အထိပဲ ချုပ်နှောင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ဆရာတို့ဘက်က တင်ပြတာကို အစိုးရဘက်ကလက်မခံဘူး။ အယူခံကို ကြားနာမှုတောင်မရှိဘဲ ပယ်ချခဲ့တယ်ဆိုတော့ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်နိုင်စွမ်း ရှိပါဦးမလား။

ဖြေ။ ။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရ ရှိရင်ရှိသလို လုပ်မှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတာဝန်ကို ဖြစ်နေပြီဗျာ။ အခု အဆင့်ကျတော့ ဖြေသာဖြေ လိုက်တာပေါ့။ အခုဟာက ဒေါ်အောင်ဆန်း စုကြည်ကို တားဆီး ထားတဲ့ အချိန်က (၂၁) ရက်ပဲ ကျန်တော့တယ်ဗျ။ အဲတော့ဒါက သူတို့ပြောတဲ့ (၆) နှစ်အရကိုပဲ (၂၇) ရက် မေလ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်ပြီဆိုတော့ကား လွှတ်ရမယ်။ လွှတ်ပေးလည်း လွှတ်ပေးမှာပါ။ ဟိုတုန်းကလည်း ပထမ အကြိမ်အရေးယူတုန်းကလည်း ဒီလိုပဲ လွှတ်ပေးတာပဲ။ လွှတ်ပေးမှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်ကာလအတွင်း ဆရာဝန်နဲ့တွေ့ဆုံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့် တွေဟာ အာဏာပိုင်တွေကို အဆင့်ဆင့်တင်ပြပြီးမှ တွေ့ဆုံနေရတယ်။ တွေ့ဆုံခွင့်ပြုခဲ့တာလည်း အင်မတန်မှ နည်းတယ်ဆိုတော့ ဒီ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဥပဒေပုဒ်မ (၁၀/ခ) မှာ ဒီအခွင့် အရေးတွေနဲ့ စပ်လျဉ်းပြီး အသေးစိတ်ဖော်ပြထားတာမျိုး မရှိဘူးလား။

ဖြေ။ ။ (၁၀/ခ) နဲ့ လုပ်ထားတာက အချက်က (၄) ချက်ကိုးဗျ။ ဘယ်မှာသာ နေထိုင်ရမယ်။ ဘယ်မှာ မနေထိုင် ရဘူး။ ဘယ်သူတွေနဲ့ မတွေ့ရဘူး။ ဘာတွေ မထားရဘူး စတဲ့ အချက်လေးချက်ကို ကန့်သတ်ထားပါတယ်။ စတာတွေက လွဲလို့ရှိရင် ကျန်တဲ့ဟာ အားလုံး ခံစားခွင့်ရှိတယ်။ တားဆီးတဲ့အထဲ မပါသော နိုင်ငံသားအခွင့်အရေး မှန်သရွေ့ သူခံစားပိုင်ခွင့်ရှိတယ်။ အခုတော့ ဆရာဝန်နဲ့ တွေ့ဆုံခွင့်မှာတော့ ဘာမှအခက်အခဲ မရှိတော့ဘူးဗျ။ (၈.၈.၂၀၀၈) ရက်နေ့ကတည်းက လတိုင်းလိုလို ပုံမှန်တွေ့သွားပါပြီ။ ရှေ့နေနဲ့သာ။ ဥပဒေမှာ ဆိုထားတာက ပြည်တွင်းဥပဒေ ရော၊ ပြည်ပဥပဒေရောမှာပေါ့ဗျာ။ အမှုသည် တယောက်ဟာ သူရဲ့ရှေ့နေနဲ့ တွေ့ပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ဖော်ပြထားတော့ တင်ပြတော့ ထားတာပဲ။ ဒါပေမယ့် ခွင့်မပြုဘူးဗျာ။

မေး။ ။ အယူခံ ပယ်ချခြင်း မပြုမီ အယူခံကို ကြားနာပေးဖို့ ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေးပို့မှု ဘယ်နှကြိမ် လောက်များ ပြုလုပ်ခဲ့ရပါသလဲဆရာ။

ဖြေ။ ။ လေးကြိမ်။ ပထမပိုင်းကတော့ ကျနော်တို့က သတင်းတပ်ဖွဲ့အဆင့်ကိုပဲ ဆက်သွယ်ပြီးတော့ လုပ်နေတာ။ နောက်တော့ ကဲမထူးဘူး။ သတင်းတပ်ဖွဲ့ကလည်း အထက်ကို ပြန်ပြန်တင်ပြနေရတာရှိတော့ ကျနော်တို့က အယူခံအဖွဲ့ရဲ့ အကြီးအကဲ ၀န်ကြီးချုပ်ဆီကို တိုက်ရိုက်တင်တယ်။ ကျနော်တို့ အယူခံတင်တာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၉) ရက်မှာ တင်ပြီး နိုဝင်ဘာလ ဘာမှမထူးသေးဘူး။ ဒီဇင်ဘာလ ဘာမှ မဖြစ်သေးဘူးဆိုတော့ အယူခံတင်ပြီး နှစ်လတိုင်တိုင် ဘာမှဖြစ်မလာတော့ ဒီဇင်ဘာလကုန် (၃၀) ရက်နေ့ကျတော့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ စရေးပါတယ်။ နောက်တခါ နောက်နှစ် ၂၀၀၉ ဇန်န၀ါရီ (၂၀) ရက်မှာ နောက်တကြိမ် ထပ်ရေးပို့ပါတယ်။ နောက် ဖေဖော်ဝါရီကျတော့ မရေးဖြစ်ဘူးဗျ။ မရေးဖြစ်ရတဲ့ အကြောင်းက အဲဒီလထဲမှာ မစ္စတာဂမ်ဘာရီနဲ့ မစ္စတာ ကင်တားနားတို့လာတော့ ကျနော်တို့ဘက်က အချိန်ကိုက်ပြီး လုပ်တယ်လို့ ထင်မှာစိုးလို့ မရေးခဲ့တာ။ နောက် မတ်လရောက်တော့ (၁၃) ရက်နေ့မှာ ထပ်တင်တယ်။ အဲဒါလည်း ဘာမှအကြောင်းပြန်ကြားမှု မရှိတော့ ဧပြီ (၁၀) ရက်မှာ နောက်တစောင် ထပ်တင်တယ်။ အဲဒါလည်းမထူးတော့ (၂၈) ရက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို တိုက်ရိုက်တင်ပြလိုက်တာ။ တိုက်ဆိုင်လို့လားတော့ မသိဘူး။ သူတို့နဂိုကတည်းကပဲ လုပ်နေလား။ ကျနော်လည်း မသိဘူးပေါ့လေ။ အဲဒီမှာ ချက်ချင်း အရေးယူ ဆောင်ရွက် လာပြီးတော့ အယူခံကို ပယ်လိုက်တာပဲ။ ဧပြီ (၃၀) ရက်မှာ ပယ်လိုက်တယ်။

မေး။ ။ အဲဒီ ဧပြီ (၃၀) ရက်မှာ အယူခံပလပ်လိုက်ကြောင်း အကြောင်းကြားစာနဲ့အတူ ရှေ့နေဦးလှမျိုးမြင့်ဆီမှာ ချိပ်ပိတ်စာ တစောင် ပါလာတယ်လို့ ကျနော်တို့ ကြားထားရပါတယ်။ အဲဒီစာထဲမှာ ဘာတွေ ဖော်ပြရေးသား ထားပါသလဲ။

ဖြေ။ ။ အော်..အဲဒီစာက စောစောကပြောသလိုပေါ့လေ။ (၃၀) ရက်နေ့မှာ ဟိုက ပလပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်ရော။ ဦးလှမျိုးမြင့် နေပြည်တော်လာခဲ့ပါလို့ ခေါ်လို့ သူ နေပြည်တော်သွားရတယ်ဗျ။ ဟိုရောက်တော့ ကျနော့်ဆီကို လိပ်မူထားတဲ့ ချိပ်ပိတ်စာကို ဦးလှမျိုးမြင့်ကိုပေးတယ်။ အဲဒီမှာ ဦးလှမျိုးမြင့်က ကျနော့်ဆီကို ဖုန်းလှမ်းဆက်တယ်။ စာတစောင်တော့ ရထားတယ် ဖွင့်ဖောက်ပြီး ကြည့်ရမလားလို့ မေးတယ်။ ကျနော်က ဒီရောက်မှ အတူဖောက်ကြတာပေါ့ဗျာလို့ ပြန်ပြောတော့ ရန်ကုန်ကို ယူလာပြီး အတူတူ ဖွင့်ဖောက် ကြည့်ကြ တယ်။ စာထဲမှာ ဘာပါလာလဲဆိုတော့ အယူခံစိစစ်ရေးအဖွဲ့ ဖွဲ့လိုက်တယ်တဲ့။ အဲဒီအယူခံစိစစ်ရေးအဖွဲ့က ဌာန ပေါင်းစုံမှာ ရှိတဲ့ စာတွေဓာတ်ပုံတွေကို ကြည့်တယ်တဲ့။ အဲလိုကြည့်ပြုပြီးတော့မှ အကြံပြုတာက ဥပဒေနဲ့အညီ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရတဲ့အတွက် ပလပ်တယ်တဲ့။ အဲဒါတွေပါပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form