ကျောင်းကားခ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ

အယ်ဒီတာ့ထံပေးစာ |

ကျနော်ဟာ မှော်ဘီ နည်းပညာ တက္ကသိုလ် ကျောင်းသားပါ။ ဝေးလံတဲ့ နေရာမှာ တက္ကသိုလ်ကျောင်း ဆောက်ပေးထားလို့ ကျနော်တို့ ကျောင်းသားတွေ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့ခြင်း မရှိပါဘူး။ လိုင်းကားတွေကိုပဲ ကားကိုးပြီး ကျောင်းကို သွားရတာပါ။ သတ်မှတ်ဈေးနှုန်းထက် ပိုကောက်နေလို့ ခရီးစရိတ် မတတ်နိုင်တဲ့ ကျောင်းသားတွေအဖို့ ကျောင်းတက် ပျက်ကွက်ရတာတွေ ရှိနေပါတယ်။

ကျောင်းသားတွေရဲ့ အခုလို အခက်အခဲတွေကို သိနေပေမယ့် ကျောင်းအာဏာပိုင်တွေဖြစ်တဲ့ ပါမောက္ခ၊ မော်ကွန်းထိန်းနဲ့ ကျောင်းစာရေးတွေဟာ ဖြေရှင်းမပေးပါဘူး။ တင်ပြပြောဆိုရင်လည်း အချည်းနှီးသာ ဖြစ်ရပါတယ်။ သူတို့က မှော်ဘီ နည်းပညာတက္ကသိုလ်က ပါရမီကျောင်းကား (လေအေးစက်တပ်) တွေကို စီစဉ်ကြီးကြပ်ရသူတွေပါ။ ပါရမီကျောင်းကားက ၂၂ စီး ရှိပါတယ်။ ကားတစီးမှာ ကျောင်းသားက အယောက် ၅ဝ စီးနင်းနိုင်ပါတယ်။

ကျောင်းသားတယောက်က ကားခကို တလမှာ ကျပ် တသောင်းနှစ်ထောင် ပေးသွင်းရလို့ ကျောင်းသား ၅ဝ အတွက် ကျောင်းအာဏာပိုင်တွေက ကျပ် ၆ သိန်း ရပါတယ်။ သူတို့က ပါရမီကို ငှားရမ်းခအဖြစ် ၄ သိန်း ပြန်သွင်းပါတယ်။ ဒါကြောင့် ကျောင်းကားတစီးကနေ အမြတ်ငွေ ၂ သိန်း ရှိနေတာကြောင့် ၂၂ စီးအတွက်ဆိုရင် တလမှာ ကျပ်ငွေ ၄၄ သိန်း အပိုငွေ ရှိပါတယ်။

ဒီအပိုငွေတွေကို ကျောင်းအတွက် ဘယ်နေရာတွေမှာ သုံးစွဲနေတယ်ဆိုတာ ကျနော်တို့ ကျောင်းသားတွေ လုံးဝ မသိရပါဘူး။ ဒါပေမဲ့ ကျောင်းကားခကို လျှော့ချပေးဖို့ပဲ လိုလားပါတယ်။ ကျောင်းသားတွေမှာ ကျောင်းကားခ အခက်အခဲ ကြီးမားလွန်းလို့ ပြောတာပါ။ အခုလို ဆိုးရွားလှတဲ့အဖြစ် မှော်ဘီ နည်းပညာတက္ကသိုလ်မှာ ဖြစ်နေတာပါ။

ဒါ့အပြင် (ပါရမီ) ကျောင်းကားမောင်းတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတွေကလည်း ကျောင်းသားတွေဆီကနေ ‘ငါတို့ကား ပျက်ရင် ပါရမီက ပိုက်ဆံမပေးဘူး၊ မင်းတို့ကိုပဲ အားကိုးပြီး ကားပြင်ရမှာ’ ဆိုပြီး အပျော့ဆွဲ တောင်းလို့ တောင်း၊ တကယ်လို့ မရဘူးဆိုရင် ကားကို အန္တရာယ်ကြီးစွာ မောင်းမယ်လို့ ခြိမ်းခြောက်ပြီး တောင်းလို့တောင်း။ ကျနော်တို့ ကျောင်းသားတွေမှာ ဈေးထွက်ရောင်းချင်စိတ်တောင် ပေါက်နေရပါတယ်ခင်ဗျား။

မင်းသန့်
မှော်ဘီ နည်းပညာတက္ကသိုလ်

source by : http://www.mizzimaburmese.com/edop/letters/2801-2009-04-22-11-03-03.html

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form