ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ကျနော်ဒီစက်ရုံမှာလုပ်တာကြာပြီလို့ပြောလို့ရတယ်။ စက်ရုံတစ်ရုံတည်းမှာပဲ ခြောက်နှစ်လောက် စွဲစွဲမြဲမြဲလုပ်တယ်ဆိုတာ ရှားပါတယ်။ ကျနော်ကတော့ ဒီစက်ရုံမှာပဲ ခြောက်နှစ်လုံးလုံးလုပ်ခဲ့တယ်။ ခြောက်နှစ်လုံးလုံးမှာ ရွာပြန်တာတောင် မရှိခဲ့ဘူး။ “ကယ်ရီ”နဲ့ပဲ သုံးလ တစ်ခါ ရွာကို ငွေပုံမှန်ပို့…..။ ရွာကလည်း ကယ်ရီနဲ့ပဲ စာလေးဘာလေး ပြန်ထည့်ပေး….။ ဒီလိုနဲ့ ကျနော် ဒီစက်ရုံတစ်ရုံ တည်းမှာပဲလုပ်ခဲ့တယ်။ စက်ရုံပိုင်ရှင်က ထိုင်းအဖိုးကြီးပါ။ ဘန်ကောက်မှာပဲနေတာများတယ်။စက်ရုံကိုတော့ မန်နေဂျာနဲ့ပဲ လွှဲထားတယ်။ တစ်လကို ၂-ခါလောက်တော့ မဲဆောက်ကို ဆင်းလာပြီး စက်ရုံကိုလာတတ်တယ်။ လစာရှင်းပေးရင် တစ်ခါလာတယ်။ ပြီးရင်တော့ အပ်ထည် သစ်တွေ “အော်ဒါ” စရရင် လည်းလာတတ်တယ်။ စက်ရုံကတော့ အထည်ချုပ်စက်ရုံပါပဲ။ မော်တာစက်က တစ်ရာ့ငါးဆယ် လောက်တော့ရှိမယ်။

စက်ရုံအဆင့်အတန်းအရ ဆိုရင်တော့ စက်ရုံငယ်လေးပါပဲ။ အထည်တွေကတော့ “Local”အထည်တွေပဲ ချုပ်ရတာများတယ်။ ထိုင်းဘုရင် အထိမ်းအမှတ်အင်္ကျီတို့၊ မိဖုရားကြီးအထိမ်းအမှတ် အင်္ကျီတို့…..။ ထိုင်းနိုင်ငံရေးကလည်း ဒီနှစ်ထဲမှာ လှုပ်လှုပ်ရှားရှားတွေ အရမ်း ဖြစ်တော့ အရောင်အသွေးအမျိုးမျိုးနဲ့ အထိမ်းအမှတ်အင်င်္ကျီတွေ တော်တော်များများ လက်ခံပြီးချုပ်ရတယ်။ ချုပ်ရတဲ့ ဒီဇိုင်းက မပြောင်းဘူး။ “အရောင်”ပဲပြောင်းပြီး ချုပ်ရတာဆိုတော့ အထည်ချုပ်သမားတွေလည်း ကျွမ်းကျင်ပြီးမြန်တယ်။ အထည်ခေါက်နဲ့ ရှင်းတာ ဆိုတော့ အဆင်ပိုပြေတာပေါ့…..။ အရောင်ကတော့ ပြောင်းတယ်။ တခါ….အ၀ါ…. ၊ တခါ…အမဲ၊ တခါ ….ပန်းရောင်၊ တခါ…. မိုးပြာရောင်၊ တခါ…. ။ အနီ…..။ ချုပ်ရတဲ့အင်္ကျီအရောင်တွေကိုကြည့်ပြီး ထိုင်းနိုင်ငံရေးရဲ့ အရောင် အသွေးကို အကဲခတ်လို့ရတယ်။ ထားပါတော့….။ ပြောချင်တာက ကျနော်တို့စက်ရုံအကြောင်း…..။ ပြီးတော့…. လွန်ခဲ့တဲ့ (၂၄)နာရီက ကျနော်တို့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့အကြောင်း….။ ပြီးရင်…. စာအုပ်ထူထူကြီးတွေထဲက စာတွေနဲ့ ပြောမယ်ဆိုရင်တော့…. အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ (၂၄)နာရီကြာ တိုက်ပွဲအကြောင်းပေါ့….။

ဒီအကြောင်းတွေ မပြောခင် ကျနော်ရဲ့နောက်ကြောင်းလေးကိုတော့ နည်းနည်း နိဒါန်းပျိုး မိတ်ဆက် ပေးချင်သေးတယ်။ အဆက်အစပ် မိအောင်ပါ။ ၁၉၈၈ခုနှစ်…. လူထုအရေးတော်ပုံကြီးဖြစ်တော့ ကျနော်က ဆယ်တန်း နှစ်ခါကျပြီး ရွာက ကိုဖိုးလုံးရဲ့ “၂၀ ရာစု” ဆိုတဲ့အပ်ချုပ်ဆိုင်လေးမှာ သင်ချုပ် ၀င်ချုပ်နေတယ်။ ဟိုတုန်းကတော့ “ဖော်ရင်းရှပ်”တွေက ကျေးရွာတွေအထိ ဖောဖောသီသီ မ၀င်ရောက်သေးတော့ ကိုဖိုးလုံးရဲ့ အပ်ချုပ်ဆိုင်လေးက ချုပ်ရပါတယ်။ ရွာဆိုတော့လည်း စပါးပေါ်၊ ပဲပေါ်၊ နှမ်းပေါ် ချိန်ဆိုရင် ပွဲလမ်း သဘင်တွေကလည်း ရှိဆိုတော့ ချုပ်ရပါတယ်။

ဟိုတုန်းကတော့…. ဘောင်းဘီဆိုလည်း ချုပ်ဝတ်ရတာပဲ။ ရွာဆိုတော့ ၁၉၈၅၊ ၈၆၊ ၈၇ အထိက “ခေါင်းလောင်း”ဘောင်းဘီလို ပုံတွေက ချုပ်ကြတုန်း….. ၀တ်ကြတုန်း…..။ ပြောရရင်တော့…. ကျနော်က အထည်ချုပ် လုပ်ငန်းနဲ့က ဟိုးကတည်းက ရင်းခဲ့တာပါ။ မစိမ်းဘူးပေါ့။ စက်တွေကတော့ မတူဘူး။ ကိုဖိုးလုံးဆိုင်မှာ ချုပ်ရတဲ့စက်က “စင်ဂါး”ခြေနင်းစက်လေးတွေ….။ ကိုဖိုးလုံးဆိုင်မှာက ခြေနင်းစက် သုံးလုံးရှိတယ်။ ကိုဖိုးလုံးက တစ်လုံး၊ သူ့ညီက တစ်လုံး၊ ကျနော်က တစ်လုံး ချုပ်တယ်။ ကျနော်ကတော့ သင်ချုပ်ဆိုတော့…. ယေက်ျားလုံချည်တို့၊ မိန်းမထမီထပ်ဆင် တပ်တာတို့ဘာတို့ကို စချုပ်ရတယ်။ ချုပ်ရိုးဖြောင့်အောင်ပေါ့။ ပြီးမှ ခလေးဘောင်းဘီ၊ အင်ကျီတို့ကို ချုပ်ရတာ…. ညှပ်တာကတော့ ကိုဖိုးလုံးပဲ ညှပ်တယ်။ သူ့ညီကတော့ ကော်ကပ်၊ မီးပူထိုး ဘာတို့တော့ ရတယ်။ ကိုဖိုးလုံးလက်ရာက ကျနော်တို့ ရွာနီးချုပ်စပ်မှာတော့ နံမည်ရတယ်။ ကိုဖိုးလုံးက သူများကိုယ်မှာ ၀တ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီကို ကြည့်လိုက်ပြီးရင် အဲဒါနဲ့တူအောင်ကို ညှပ်တတ်တယ်။ ချုပ်တတ်တယ်။ “အောင်ဆန်းကုတ်”တို့ “ဖရီးဂျက်ကတ်” တို့ချုပ်တာများဆို ကိုဖိုးလုံးကို ဒီနယ်တစ်ကြောမှာတော့ ဘယ်စက်ဆရာမှ မမှီဘူး။ တိုက်ပုံဆိုလည်း ရတယ်။ ခက်တာက ကိုဖိုးလုံးက ရက်ချိန်းမမှန်ဘူး။ ဘယ်တော့မှ သူချိန်းတဲ့ရက်မှာ ရသွားတဲ့ သူဆိုလိုမရှိဘူး။ အနည်းဆုံးတော့ နောက်တစ်ခေါက်၊ တစ်ပါတ်လောက်တော့ ထပ်ချိန်းလိုက်တာပဲ။ ရက်ချိန်းမမှန်ဆို ကိုဖိုးလုံးက အလုပ်ကိုဖင်မြဲမြဲ ဘယ်တော့မှ မလုပ်ဘူး။ အင်္ကျီကိုက်နေရင်းနဲ့ ဆိုင်ရှေ့က အသိတစ်ယောက် ဆိုင်ထဲဝင်လာရင် အဲဒီလူနဲ့စကားပြောပြီ ။ စကားကောင်းလာပြီဆိုလို့ကတော့…. ကိုဖိုးလုံးက လက်ထဲက ကတ်ကြေးကိုချ၊ ကိုက်တံကို ညှပ်ပြီးသာ ပိတ်စပေါ်ကိုတင်၊ ကော်ဘူးနဲ့ဖိပြီး၊ ၀င်လာတဲ့သူနဲ့ပြောကြပြီ၊ တွက်ကြပြီ။ အလယ်ထိုင်ကတော့…. ဒီအပါတ် ဘာပဲ။ ထိပ်စီးကတော့…. ဒီဂဏန်းပြန်မလာတော့ဘူး။ သုညကတော့….. ဌာပနာဖြစ်နေတယ်။ ဒီအကြောင်းတွေပြောကြမလား…..။ ပြောရဲ့….။ ဒါမှမဟုတ်ရင်လည်း….. မနက်ကတည်းက စက်ဘီးတစ်စီးနဲ့ ဘိုးတော်တွေ၊ ဘုန်းကြီးတွေနောက်လိုက်နေမလား….။ လိုက်ရဲ့…..။ ဒီလိုမှမဟုတ်ရင်တော့….. တံတာထိပ်၊ မြင်းလှည်းဂိတ်က လက်ဖက်ရည်ဆိုင်မှာထိုင်၊ အားကစားဂျာနယ်တွေတစ်စောင်ပြီး တစ်စောင်ဖတ်။ ပြီးရင်…… “အာကြီး”ကတော့…. ဒီည ဘယ်လို….။ “မန်ယူ”ကတော့ ကိုယ့်ကွင်းမှာ ကစားရမှာဆိုတော့….။ အဲဒါနဲ့ပဲ အချိန်ကုန်နေတော့တာ များတယ်။ ကိုဖိုးလုံးမှာ တခုတော့ရှိတယ်။ ကျနော်နဲ့ သူ့ညီလည်း သူနဲ့တွဲပြီး လုပ်လာတာ (၂)နှစ် (၃)နှစ်လောက်ရှိပြီ တော်တော်တန်တန်ဆိုရင် ကျနော်တို့လည်း ညှပ်တတ်၊ ကိုက်တတ်ပြီလို့ ပြောရင်ရတယ်။ ဒါပေမယ့်…. ကျနော်တို့ကို ဘယ်တော့မှ သူမလွှဲးဘူး။ ရက်ချိန်းမမှန်ရင်…. လာရွေးတဲ့သူကို သူတောင်းပန်မယ်။ ထပ်ချိန်းမယ်။ အပ်ထည်ကိုတော့ သူကိုယ်တိုင်ပဲ ညှပ်တယ်။ ဒါကြောင့်လည်း ကြာပေမယ့်…. လက်ရာက မကျဘူး….။

“၂၀ရာစု ကတော့ကွာ ကြာတော့ ကြာတယ် ဒါပေမယ့် ပုံကတော့ စိတ်တိုင်းကျပါတယ်”ဆိုပြီး လူတွေက ကိုဖိုးလုံးဆီမှာပဲ ချုပ်ကြတယ်။ အပ်ကြတယ်။ ဒါပေမယ့်…. ကျနော်တို့လို အပ်ချုပ်သမားတွေအတွက် ခေတ်က ပြောင်းလာတယ်။ ပြောင်းလဲလာတာကလည်း ပထမ ချက်ချင်းကြီးတော့ မဟုတ်ဘူး…. ဖြည်းဖြည်းနဲ့ ပြောင်းလာတာ။ ပထမ တီရှပ်နဲ့ ဂျင်းဘောင်းဘီတွေ ၀င်လာတယ်။ နောက်.. ‘ဖော်ရင်းရှပ်’ ဆိုဒ်မျိုးစုံတွေ ၀င်လာတယ်။ တတ်နိုင်သူတွေအတွက်ကတော့ ‘မီနီမတ်ကတ်’စတိုး ဆိုင်ကြီးတွေမှာ အသစ်တွေကို ကိုယ်နဲ့တိုင်းပြီး ၀ယ်လို့ရလာတယ်။ မတတ်နိုင်တဲ့ လက်လုပ် လက်စား ဆင်းရဲသားတွေအတွက်ကတော့… “လေဘေးထည်”တွေ ၀င်လာတယ်။ လျှော်ဖွတ်ပြီး မီးပူထိုးထားရင် သူလည်း “သန့်”နေတာပဲ။ ဒီမှာတင်…. ကျနော်တို့ ကိုဖိုးလုံးတို့ရဲ့ “၂၀ရာစု” အပ်ချုပ်ဆိုင်လေးလည်း ဖုတ်လိုက်ဖုတ်လိုက် ဖြစ်လာတော့တာပဲ။ ကျနော်တို့ဆီမှာ လာအပ်ကြတာဆိုလို့ အဖိုးကြီးတွေလောက်ပဲရှိတော့တယ်။ ခြောက်လနေလောက်မှ တိုက်ပုံအင်္ကျီလေး တစ်ထည် နှစ်ထည်လာအပ်တာမျိုး..။ ပုဆိုးလေး လာချုပ်တာတို့ လောက်ပဲရှိတော့တယ်။ ဒီမှာတင် ကျနော်တို့ရဲ့ “၂၀ရာစု”အပ်ချုပ်ဆိုင်လည်း ၂၁ ရာစုထဲလည်းဝင်ရော ပိတ်လိုက်ကြရပြီး ကိုဖိုးလုံးလည်း ဖားကန့် ဖက်ကိုတတ်။ ကျနော်လည်း ထိုင်းကိုထွက်ပြီး အခုလုပ်နေတဲ့စက်ရုံမှာ အထည်ချုပ်သမားအဖြစ်နဲ့ ရောက်ခဲ့တာပဲ။ ကျနော်ကလည်း…..

“လူလေး….. မင်းလူ့ပြည်ကိုသွားပြီးရင် လူသားတွေ လုံလုံခြုံခြုံနဲ့ နွေးနွေးထွေးထွေးဝတ်ဖို့ရာ အ၀တ်အထည်တွေကို ချုပ်ပေးရဲ့”ဆိုပြီး အာဒံနဲ့ အေ၀ကပဲ လူသားအဖြစ် ဖန်ဆင်းတော်မူလိုက်သလား၊ ဒါမှမဟုတ် ဗြမ္မာကြီး (၄)ဦးကပဲ လွှတ်လိုက်တာလား မသိဘူး….။ အတန်းပညာလေး ဆုံးခန်းတိုင်တာနဲ့ လုပ်ကိုင်ခဲ့ရတဲ့ အလုပ်က အ၀တ်အထည်ချုပ်တာပဲ။ ပထမတော့ ရွာက ကိုဖိုးလုံးရဲ့ “၂၀ရာစု”အပ်ချုပ်ဆိုင်မှာ အထည်ချုပ်တယ်။ အခုတော့…. ထိုင်းနိုင်ငံ မဲဆောက်က “နောင်”ရုံလို့ ခေါ်တဲ့ အထည်ချုပ်စက်ရုံမှာ အထည်ချုပ်တယ်။ ထားပါတော့…..။ ကိုယ့်ရာဇ၀င် ကိုယ်ခင်းနေတာနဲ့ပဲ ကျနော်အခုလုပ်နေတဲ့ စက်ရုံအကြောင်း ဆီကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ရွာက ကိုဖိုးလုံးအပ်ချုပ်ဆိုင်လေးလည်း ပိတ်လိုက်ရော…. ကျနော်လည်း မဲဆောက်ကိုတက်လာခဲ့တယ်။ ရွာက သွားဖူး လာဖူးတဲ့ အသိတစ်ယောက်နဲ့တက်လာခဲ့တာ။ မိန်းမနဲ့ ကလေးကိုတော့ ရွာမှာဘဲ ထားခဲ့တယ်။ မိန်းမကတော့ တားပါသေးတယ်။ မသွားဖို့ပေါ့….။ ရွာမှာပဲ လယ်လေး ကိုင်းလေးကို ဦးစီးပြီး လုပ်ဖို့ပေါ့…..။ ကျနော်တို့ အိမ်ထောင်ကျတော့ မိန်းမဖက်က လယ်လေး (၁၀)ဧကနဲ့ ကိုင်းလေး (၃)ဧကလောက် ပါလာတယ်။ မိန်းမကလည်း သမီးတစ်ယောက်တည်းဆိုတော့ သူ့မိဘတွေက လယ်လေး ကိုင်းလေး ခွဲပေးလိုက်တယ်။ ကျနော်ကလည်း အ၀တ်အစားလေး သပ်သပ်ရပ်ရပ်ဝတ်ပြီး အပ်ချုပ်စက်ရှေ့မှာပဲ ထိုင်ချင်တာ….။ ရွံ့ထဲ ဗွက်ထဲဆင်းပြီးမိုးနဲ့ ရေနဲ့ လုပ်ချင်တဲ့သူ မဟုတ်တော့… ရှိတဲ့လယ်နဲ့ကိုင်းကို အငှားချထားလိုက်တယ်။ အခုမှ လယ်ထဲပြန်ဆင်းဆိုတော့… မဆင်းချင်တော့ဘူး။ မိန်းမကလည်း သိပါတယ်။ မသွားဖို့ တားတယ်ဆိုပေမယ့်…. ဇွတ်တရွတ်ကြီး မဟုတ်ပါဘူး။ လေပြေလေးနဲ့ နားသွင်းယုံပါ။ ဒီတော့…. နောက်ဆုံး ကျနော်လည်း မဲဆောက်ရောက်လာခဲ့တာပဲ။ မဲဆောက်ရောက်တော့ ခေါ်လာပေးတဲ့ အသိကပဲ… အခုလုပ်နေတဲ့ “နောင်”ရုံမှာ အလုပ်ရှာပေးတယ်။ ပထမ မော်တာစက်ကို ဘယ်ချုပ်တတ်မလဲ။ ကျနော်ချုပ်ခဲ့ဖူးတာက “စင်ကား” ခြေနင်းစက်ပဲဟာ…. ဒီတော့ သင်ရတယ်။ အဲဒီတုန်းက မဲဆောက်ဈေးထဲမှာ မော်တာနင်း သင်ပေးတဲ့သူတွေ ရှိတယ်။ သုံးရာပေးရတယ်။ တချို့လည်း…. သုံးလေးရက်သင်ရတယ်။ ကျနော်ကတော့ တစ်ရက်ပဲ သင်လိုက်ရတယ်။ မော်တာစက်နင်းလို့ တတ်သွားတယ်။ အလုပ်ခန့်ဖို့ကို ၀ဏ္ဏလား၊ မန်နေဂျာလား မသိဘူး….။ ကျနော်တို့ကို မေးတယ်။ အရင်က လုပ်ဖူးလား၊ ဘာလားပေါ့။ ပြီးတော့ မော်တာစက်ကို ချုပ်ခိုင်းတယ်။ ကျနော်က နေ့ချင်းပြတ် မော်တာစက်နင်း ကျူရှင်တတ်ခဲ့တော့… အဆင်ပြေသွားတယ်။ ခန့်လိုက်ရော….။ ၀င်….၀င်ချင်း တနေ့ကို (၆၀)ဘတ် ပေးတယ်။ အိုတီကတော့ တနာရီ (၈)ဘတ်ရတယ်။ အဲဒီတုန်းကတော့ အလုပ်သမားလက်မှတ်တွေ ဘာတွေကို ထိုင်းအစိုးရက မလုပ်ပေးသေးဘူး။ အားလုံး တရားမ၀င် အလုပ်လုပ်ကြရတာတွေချည်းပဲ။ နောက် (၂)နှစ်လောက်ကြာမှ အလုပ်သမားမှတ်ပုံတင်ကဒ်တွေ လုပ်ရမယ်ဆိုပြီး သူဌေးက လုပ်လို့ ကျနော်တို့ လုပ်ကြရတာ။ မဲဆောက်မြို့တော်ဝန်ရုံးလည်း သွားရတယ်။ မဲဆောက်ဆေးရုံလည်းသွားပြီး ဆေးတွေစစ်ရတယ်။ ကုန်ကျတာကိုတော့ သူဌေးက စိုက်ထားပေးတယ်။ ပြီးတော့မှ တစ်လချင်း ကျနော်တို့လုပ်အားခထဲက ပြန်ဖြတ်တာပါ။ တစ်လကို (၅၀၀)ဘတ်ဖြတ်တယ်။ အလုပ်သမားလက်မှတ်ကိုတော့ သူဌေးက အစစ်ကို ယူထားတယ်။ ကျနော်တို့ကိုတော့ မိတ္တူကူးထားတာပဲ ပေးတယ်။ မိတ္တူနဲ့လည်း သွားလာလို့တော့ ရတာပါပဲ။ ထိုင်းပုလိပ်တွေတွေ့ရင် ပြလိုက်။ မဖမ်းဘူး။ ဒါပေမယ့်…. ဒီစက်ရုံကနေပြီး နောက်စက်ရုံတစ်ရုံကို ပြောင်းချင်ရင်တော့ မိတ္တူက ပြောင်းလို့မရဘူး။ အဲ့ဒါနဲ့ သူဌေးက ချုပ်ထားတာ….။

ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ကျနော်တို့ လုပ်ကိုင်နေကြပေမယ့်… လုပ်ခကတော့ အလုပ်သမားရေးရာဌာနက သတ်မှတ်ထားတဲ့နှုန်းကို မရကြပါဘူး။ အခုဆို… တနေ့အလုပ်ချိန် (၈)နာရီကို လုပ်ခ (၁၅၂)ဘတ် ရ-ရမယ်ဆိုပေမယ့်…. ကျနော်တို့စက်ရုံက အလုပ်သမားတွေရနေတာက ခြောက်ဆယ်၊ ခုနှစ်ဆယ်ပဲ။ တောင်းဆိုကြဖို့ဆိုတော့လည်း ခက်တယ်။ ခက်တယ်ဆိုတာက…. စက်ရုံက အလုပ်သမားအားလုံးက တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိကြတာ မဟုတ်ဘူး။ မရှိတဲ့သူနဲ့ရှိတဲ့သူ အချိုးချ ကြည့်ရင်တောင် ရှိတဲ့သူက ၃၀%လောက်ပဲရှိတာ….။ အဲဒါနဲ့တင် လုပ်ခ (၁၅၂)ဘတ်ရရေး တောင်းဆိုဖို့က ခက်နေတာ။ အဲဒီတော့…. အခုအတိုင်းပဲငြိမ်ပြီး လုပ်နေကြရုံပဲရှိတယ်။ အလုပ်ကောင်းပြီး အိုတီ အချိန်များများရှိရင် တော်ပါပြီလေဆိုပြီး လုပ်နေကြရတယ်။ ကျနော်တို့စက်ရုံက အလုပ်ကောင်းတယ်လို့တော့ ပြောရမယ် ထင်တယ်။ တစ်လလုံးနေမှ လစာထုတ်ပေးတဲ့ နေ့တစ်နေ့ပဲ အလုပ်ပိတ်တယ်။ ကျန်တဲ့နေ့တွေဆို နေ့တိုင်း အိုတီရှိတယ်။ အိုတီရှိတယ်ဆိုတာက ည (၂)နာရီ (၃)နာရီအထိကို ဆင်းရတာ။ ပင်တော့ ပင်ပန်းတယ်။ ဒါပေမယ့် အိုတီအချိန်များတော့ ပိုက်ဆံတော့ ပိုရတယ်။ လွန်ခဲ့တဲ့ခြောက်လ ခုနှစ်လလောက်ကစပြီး အမေရိကန် စီးပွားရေးပျက်လို့ အော်ဒါတွေ မလာတော့ဘူး။ အထည်ချုပ်လုပ်ငန်းတွေ နောင်မှာ မကောင်းဘူး။ စက်ရုံတွေ ပိတ်ရမယ်။ ဘာ….ညာနဲ့ သတင်းတွေတော့ ကြားနေခဲ့တယ်။ ရန်ကုန်က အထည်ချုပ်စက်ရုံ…. ဘယ်ရုံ ဘယ်ရုံတွေ ပိတ်လိုက်ရပြီ၊ ထိုင်းမှာလည်း ဘယ်စက်ရုံတော့ ပိတ်လိုက်ရပြီ။ သတင်းတွေကတော့ ကြားနေတာပဲ။ ဒါပေမယ့် ကျနော်တို့ စက်ရုံကတော့ ချုပ်နေရတာပဲ ။အော်ဒါတွေ ပျက်တယ်ရယ်လို့ မရှိခဲ့ဘူး။ ထိုင်းအထည်တွေ အော်ဒါရနေတာပဲ။ ဒီတော့…. ကျနော်က ဒီလိုထင်မိတယ်။ နိုင်ငံခြားက အော်ဒါလက်ခံတဲ့ စက်ရုံတွေသာ အော်ဒါမရလို့ ပိတ်ရပြီး ထိုင်းနိုင်ငံထဲမှာပဲ ၀တ်မယ့် Local အော်ဒါရတဲ့ကျနော်တို့ စက်ရုံမျိုးကတော့ စက်ရုံပိတ်စရာ အကြောင်းမရှိဘူးလို့ ထင်ခဲ့တယ်။ ဒါက…. လွန်ခဲ့တဲ့ ၂၄နာရီအထိ ထင်နေခဲ့တဲ့ ကျနော့်အထင်…..။

ကျနော်တို့ စက်ရုံရဲ့ လစာထုတ်ပေးတဲ့ရက်က လွန်ခဲ့တဲ့ခြောက်လတုန်းကတော့…. ဆယ်ရက်နဲ့ ဆယ်ငါးရက်ကြား….. တစ်ရက်ရက်မှာ ထုတ်ပေးတယ်။ ဒီနောက်ပိုင်းမှာတော့…. ဆယ်ငါးရက်နဲ့ ရက်နှစ်ဆယ်ကြားမှာမှ ထုတ်ပေးတော့တယ်။ နောက်တော့ ကျတာပေါ့။ ဒါလဲ ပြဿနာမရှိပါဘူး။ တစ်လစာတစ်လ မှန်မှန်ရရင် ပြီးတာပဲပေါ့….။ ဒါပေမယ့်… ဒီလကျတော့… .ရက်နှစ်ဆယ်ကျော်လည်း လစာကို မထုတ်ပေးသေးဘူး။ ဘန်ကောက်ကနေပြီး သူဌေးပြန်ရောက်နေတာကတော့ ဆယ်ငါးရက် ပိုင်းလောက်ကတည်းက ရောက်နေတယ်။ သူဌေးလည်း သူ့ရုံးခန်းထဲမှာ ပဲအမြဲရှိနေတယ်။ အလုပ်ကလည်း မပြတ်ဘူး။ အိုတီကလည်း ညတိုင်း (၂)နာရီ၊ (၃)နာရီအထိ ဆင်းနေရတယ်။ အိုတီကို မနက် (၃)နာရီအထိဆင်းပြီးရင် နောက်တနေ့မနက် (၈)နာရီမှာ အလုပ်ထဲတခါပြန်ဝင်။ အိပ်ချိန်ဆိုတာ ၃-၄နာရီပဲ ရှိတော့တယ်။ လူတွေလဲ ပန်းနေပြီ။ လစာကိုလည်း မထုတ်ပေးသေးဘူး။ လပဲကုန်တော့မယ်။ အလုပ်သမားတွေကလည်း ဘယ်နေ့ လစာထုတ်ပေးမလဲဆိုတာ သိချင်နေကြပြီ။ လစာထုတ်ပေးပြီးရင် တစ်ရက်တော့ နားရမယ် မဟုတ်လား….။ လူတွေက အရမ်းပန်းနေကြပြီ။ နားချင်နေကြပြီ။ နောက်ပြီး…. လက်ထဲမှာလည်း သုံစရာက ပြတ်နေကြပြီးလေ။ ဘယ်နေ့ လစာထုတ်ပေးမလဲဆိုတာကို တိတိကျကျ မေးဖို့ရာမှာလည်း ခက်တာက သူဌေးမဲဆောက် ပြန်ရောက်ပြီး နောက်နေ့မှာပဲ မန်နေဂျာနဲ့ စကားပြန်လုပ်တဲ့သူ နှစ်ယောက်ကို အလုပ်ကထုတ်လိုက်တယ်။ အရင်ကတော့…. ကိစ္စရှိရင် မန်နေဂျာကို စကားပြန်နဲ့ ပြောဆိုမေးမြန်းလို့ရတယ်။ အခုတော့ စကားပြန်လည်းမရှိ၊ မန်နေဂျာလည်းမရှိဆိုတော့…. ဘယ်သူကို မေးရမလဲ။ သူဌေးကိုပဲ တိုက်ရိုက်မေးဖို့ ကျတော့လည်း အရင်ထဲက အမေးအပြောမရှိတော့ မေးပြောဖို့ဆိုတာ ရွံ့နေကြတယ်။ တစ်ရက်ပြီးတစ်ရက် ကုန်လာတယ်။ ဖေဖော်ဝါရီလဆိုတော့ (၂၈)ရက်နဲ့ သတ်မယ်။ (၂၆)ရက်နေ့ညမှာ အိုတီကို မနက် (၅)နာရီအထိ ဆင်းပေးလိုက်ရတယ်။ အထည် အော်ဒါတစ်သုတ်တော့ ပြတ်သွားပြီ။ ဒါဆိုယင်…. မနက်ဖြန်တော့ လစာထုတ်ပေးမှာပဲလို့ ထင်ပြီး ကျနော်တို့ အိပ်လိုက်ကြတယ်။ နောက်တနေ့…. မနက်ကျတော့ လိုင်းဝဏ္ဏတွေက အလုပ်ဆင်းဖို့ လာခေါ်တယ်။ အော်ဒါလည်းပြတ်ပြီ။ ဘာလုပ်စရာရှိသေးလို့လည်းလို့ တွေးရင် ကျနော်တို့ အလုပ်ဆင်းကြတယ်။ စက်ရုံထဲရောက်တော့… မော်တာစက်တွေကို ဖြုတ်ခိုင်းတယ်။ ပြီးတော့…. သိမ်းတယ်။ ထုတ်ပိုးတယ်။ မော်တာစက် အားလုံးကို ဖြုတ်သိမ်းခိုင်းတော့…. ကျနော်တို့ စိုးရိမ်သွားတယ်။ ငါတို့စက်ရုံကို ပိတ်ပြီလားပေါ့…။ သူဌေးက ဘာမှမပြောဘူး။ စက်ရုံပိတ်မယ်ဆိုတာလည်း မပြောဘူး။ ဘာကြောင့် မော်တာစက်တွေကို သိမ်းတယ်ဆိုတာလည်း မပြောဘူး။ ပြီးတော့…. လစာလည်းအခုထိ မထုတ်ပေးသေးဘူး။ အားလုံးကတော့ လုပ်သာ လုပ်နေကြရတယ်…. ဘာလဲပေါ့…။ နေ့လယ် ထမင်းစားအလုပ်ဆင်းတော့…. သတင်းတစ်ခု ကြားရတယ်။ စက်ရုံအဆောက်အဦးကို ငှားတဲ့ပိုင်ရှင်ဆီက ကြားရတာ။ သူဌေးက စက်ရုံအဆောက်အဦးကို ပြန်အပ်လိုက်ပြီ။ စက်ရုံကို ပိတ်လိုက်ပြီ ဆိုတာပဲ။ ဒါပေမယ့်…. သူဌေးက အခုထိ ဘာမှ မပြောသေးဘူး။ သေချာတာကတော့ သေချာနေပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲဆိုပြီး နီးစပ်ရာ တိုင်ပင်ကြတယ်။ မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြ….။ အကူအညီတောင်းရင် ကောင်းမယ်ဆိုပြီး ကျနော်တို့ ဖုန်းဆက်တယ်။ သူတို့ကလည်း ပြောတယ်။ ဒါဆိုရင် ခင်ဗျားတို့ သူဌေးစက်ရုံပိတ်ပြေးလိမ့်မယ်။ လစာလည်း ထုတ်ပေးမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ခင်ဗျားတို့ အထဲက (၃)ယောက်လောက် ထွက်လာပြီး ထိုင်းအလုပ်သမားရုံးမှာ ဒီနေ့ပဲ သွားတိုင်မှ ဖြစ်မယ်။ ဒီနေ့က သောကြာနေ့… နောက်နေ့ဆို ရုံးပိတ်ရက်ဖြစ်ပြီ… ထွက်လာခဲ့ကြပါလို့ ပြောတယ်။ ခက်တာက… စက်ရုံဝင်းကို ပိတ်ထားတယ်။ ဖွင့်မပေးဘူး။ သွားလို့ဘယ်လိုမှ မရဘူးဖြစ်နေတယ်။ သူဌေးကတော့ သူ့ရုံးခန်းထဲမှာပဲ အလုပ်လုပ်နေတယ်။ အပြင်လည်း မထွက်ဘူး။ ညနေငါးနာရီအထိ မော်တာစက်တွေကို ဆက်သိမ်းရတယ်။ ဒါလည်း မပြီးသေးဘူး။ အိုတီဆင်းရမယ်လို့ပြောတယ်။ လိုင်းဝဏ္ဍတွေကိုမေးလည်းသူတို့က ဘာမှမပြောနိုင်ဘူး။ မတတ်နိုင်ဘူး….။ အခြေအနေကြည့်ပြီး လုပ်ကြဖို့တော့… ကျနော်တို့အချင်းချင်း ညှိထားကြတယ်။ ဒီအရေးနဲ့ ပတ်သတ်ပြီး ဘယ်သူဘယ်ဝါက ခေါင်းဆောင်ရယ်လို့တော့ မရှိဘူး။ တိုင်ပင်ပြီး လုပ်ကြမယ်ပေါ့….။ တစ်ဦးချင်းရဲ့ အရေးလည်းဖြစ်တယ်။ အားလုံးရဲ့ အရေးလည်းဖြစ်တယ်။ ကိုယ့်အရေးအတွက် အခြေအနေကြည့်ပြီး လုပ်ကြရမှာပဲ။ အားလုံးကတော့ အခြေအနေကို ကြည့်နေကြတယ်။ တချို့ကလည်း သူဌေးရုံးခန်းထဲဝင်ပြီး လစာချက်ချင်း ထုတ်ပေးပါ။ မပေးရင် အိုတီမဆင်းဘူးဆိုပြီး ဆန္ဒပြချင်ကြတယ်။ အချို့ကလည်း အခြေအနေကြည့်ပါအုံး…. သူဌေးကိုယ်တိုင် ရှိနေသေးတာပဲ။ နောက်ဆုံးပြီးရင်တော့ ထုတ်ပေးမှာပေါ့။ ဆန္ဒတွေပြမှ ပုလိပ်တွေလာပြီး ရှုပ်ကုန်အုံးမယ်။ စောင့်ကြည့်ပါအုံးလို့ ပြောကြတယ်။ ဒါနဲ့ ညနေ (၆)နာရီထိုးတော့ အားလုံး အိုတီပြန်ဆင်းကြတယ်။ ည (၈)နာရီလောက်ကြတော့…. ဆယ်ဘီးကားကြီးနှစ်စီး ရောက်လာတယ်။ ကားပေါ်ကို ထုပ်ပိုးထားတဲ့ မော်တာစက်တွေ တင်ခိုင်းတယ်။ မတတ်နိုင်ဘူး။ တင်ဆိုတော့လည်း…. တင်ကြရတယ်။ ညဆယ်နာရီလောက်ကျတော့ မော်တာစက်တွေအားလုံး ဆယ်ဘီးကား နှစ်စီးပေါ်ကို အားလုံးရောက်သွားပြီ။ လူတွေလည်း… အလုပ်ပင်ပန်းလို့ “ပန်း”တာရော…။ စိုးရိမ်စိတ်ကြောင့် “မော”တာရောနဲ့… လဲချင်နေကြပြီ။ ဒါပေမယ့် ဘယ်သူမှ အိပ်ဆောင်ပြန်ပြီး မနားကြဘူး။ စက်ရုံထဲမှာပဲ ဟိုနားစုစု…. ဒီနားစုစုနဲ့ နေနေကြတယ်။ ဒီအချိန်အထိ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားလို့မရဘူး ဖြစ်နေကြတယ်။ အဲဒီအချိန်မှာပဲ သူဌေးက ၀ဏ္ဏတွေကို ပြောတယ်။ အားလုံးပင်ပန်းနေကြပြီ။ သူတို့အားလုံးကို အအေးနဲ့ အစားအသောက်တွေ ၀ယ်ကြွေးမယ်။ ခဏစောင့်ကြပါ။ သူသွားထွက်ဝယ်မယ်ဆိုပြီး သူ့ကားပေါ်ကို တက်တယ်။ သူဌေးပြေးပြီလား….။ ကျနော်တို့ ဘာလုပ်မလဲ….။ သူဌေးကို ၀ိုင်းဖမ်းထားကြမလား….။ သူဌေးကားကို ပေးမထွက်ပဲ တားထားကြမလား….။ ကျနော်တို့ရဲ့ အတွေးထဲမှာ “လား”တွေနဲ့ လုံးခြာလည်နေရင်းနဲ့ ဘာမှ မဆုံးဖြတ်နိုင်သေးခင်မှာပဲ သူဌေးရဲ့ကားဟာ စက်ရုံအပြင်ကို မောင်းထွက်သွားခဲ့ပြီ။ ကျနော်တို့ ဘာမှ မလုပ်နိုင်ခဲ့ကြဘူး။ ရင်ထဲမှာပိုပြီး မောကျပ်လာကြတယ်။ တခုခုတော့ လုပ်ဖို့လိုပြီဆိုတာကို ကျနော်တို့အားလုံး ပိုသိလာကြတယ်။ ဆုံးဖြတ်ပြီး လုပ်မှ ဖြစ်တော့မယ်။ ကျနော်တို့အတွက် အချိန် သိပ်မရှိတော့ဘူး။ သူဌေးထွက်သွားပြီး (၁၀)မီနစ်လောက်ရှိတော့… ဆယ်ဘီးကားနှစ်စီး မောင်းထွက်ဖို့စက်နှိုးတယ်။ ယန်း (လုံခြုံရေးဝန်ထမ်း)ကလည်း ဂိတ်ဝတံခါးမကြီးကို ဖွင့်ပေးနေပြီ။ ကျနော်တို့ တစ်ခုခုလုပ်ဖို့ လိုပြီ။ တစ်ဦးချင်းရဲ့ အရေး…. အားလုံးရဲ့အရေး…. ကိုယ့်ရပိုင်ခွင့်၊ အခွင့်အရေးအတွက် အားလုံးထိုင်နေကြရာက ထလာကြပြီး ဆယ်ဘီးကားနှစ်စီးရဲ့ အရှေ့မှာ လက်ချင်းချိတ်ပြီး ရပ်နေလိုက်ကြတယ်။ မော်တာစက်တွေ တင်ထားတဲ့ ကားနှစ်စီးကို ကျနော်တို့ ပေးမထွက်တော့ဘူး။ ထွက်ချင်ရင်တော့ ကျနော်တို့ကို ကြိတ်သတ်ပြီးမှ ထွက်လို့ရတော့မယ်။ ကားသမားနှစ်ယောက်လည်း ကားပေါ်က ပြန်ဆင်းလာကြတယ်။ ယန်း (လုံခြုံရေးဝန်ထမ်း)က သူဌေးဆီကို ဖုန်းဆက်ပြီး ပြောတာနဲ့ တူတယ်။ မကြာဘူး။ သူဌေးပြန်ရောက်လာတယ်။ ကျနော်တို့အတွက် အအေးအစားအသောက်တွေ သွားဝယ်မယ်ဆိုတဲ့သူဌေး ပြန်လာတော့ ဘာမှပါမလာဘူး။ ပြီးတော့မှ ကျနော်တို့ကို လစာထုတ်ပေးတယ်။ ထုတ်ပေးတာလည်း အပြည့် ထုတ်ပေးတာမဟုတ်ဘူး။ တချို့ဆို တ၀က်ရတယ်။ ကျနော်ဆို (၈၀၀၀)ဘတ် ရမှာကို (၃၀၀၀)ဘတ်ပဲ ထုတ်ပေးတယ်။ မတတ်နိုင်ဘူး….။ နောက်နေ့ကျမှ မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ထိုင်း အလုပ်သမားရုံးမှာ တိုင်စရာ၊ လုပ်စရာရှိတာတွေကို ဆက်လုပ်ကြရမှာပဲ။

“သူဌေးဆီမှာရှိနေတဲ့ ကျနော်တို့ရဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကဒ်ပြား ပြန်ရရေးကိစ္စ။ ကြိုတင် အကြောင်းမကြားပဲ အလုပ်ပိတ်ပစ်လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ နစ်နာကြေးရရှိဖို့ကိစ္စ”

မနက်ဖြန် လုပ်ဆောင်ရမယ့်ကိစ္စတွေက အစီအရီနဲ့ ကျနော်တို့ကို စောင့်ကြိုနေတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအရေးက နေ့သစ်မှာ စိန်ခေါ်မှုတွေနဲ့။ အိပ်ဆောင်တစ်ခုလုံးကတော့ တိတ်ဆိတ်လို့ နေပြီ။ အားလုံး အိပ်မောကျနေကြပြီထင်ရဲ့….။ ကျနော်ကတော့ အိပ်စက်လို့ မပျော်သေးဘူး။ ရွာပြန်မယ့် “ကယ်ရီ”နဲ့ မိန်းမဆီကို ဘယ်လိုစာများ ရေးရပါ့..။

ကြံကြံဖန်ဖန် သတိရမိသေးတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင်ထဲက လေးချိုးတစ်ပိုဒ်ကို....

“မလေးရယ် ရောင်းကာသာ ဆပ်လိုက်ပေတော့ ရွာရှေ့က ယာတစ်ခင်း....”

မင်းဟန်


source by : http://ghre.org/mm/index.php?option=com_content&view=article&id=287:2009-04-23-05-01-11&catid=35:2008-09-15-04-46-22&Itemid=67

0 comments: