“ယိမ်းကတဲ့ လူလည်း မော်ဒယ်လျှောက်လာကြပြီ”

ဧရာဝတီ |

တင်မိုးလွင်သည် မြန်မာနိုင်ငံ မော်ဒယ်လုပ်ငန်းကို အစပြုခဲ့သူတဦး ဖြစ်သည်။ မော်ဒယ် အမြောက်အမြားကို မွေးထုတ်ပေးခဲ့သည့် Talents & Models သင်တန်းကျောင်းကို တည်ထောင်ခဲ့သည်။ ထိုကျောင်းက သင်တန်းသား သင်တန်းသူ ထောင်နှင့်ချီ၍ လေ့ကျင့် ပျိုးထောင်ခဲ့ပြီး ဖြစ်သည်။ တင်မိုးလွင်သည် ရန်ကုန် စက်မှုသက္ကသိုလ် တက်နေစဉ် အသက် ၂၂ အရွယ်တွင်ပင် ကိုယ်ပိုင်လုပ်ငန်းကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့သူ ဖြစ်သည်။
တင်မိုးလွင်
တင်မိုးလွင်
မြန်မာ့မော်ဒယ်လောကကို ဦးဆောင်နေသူ တင်မိုးလွင်သည် အခမ်းအနား အစီအစဉ် တင်ဆက်သူအဖြစ်လည်း အောင်မြင် ထင်ရှားသူတဦး ဖြစ်သည်။ ဧရာဝတီက တင်မိုးလွင်ကို မြန်မာပြည် မော်ဒယ်လောကအကြောင်း ဆက်သွယ် မေးမြန်းခဲ့သည်။

မေး။ ။ မော်ဒယ်လ် လုပ်ငန်း အစပြုခဲ့ပုံကို ပြောပြပါဦး။

ဖြေ။ ။ အရင်ကတည်းက အနုပညာကို စိတ်ဝင်စားတယ်။ ဆို၊ က၊ ရေး၊ တီး အရမ်း စိတ်ဝင်စားတယ်၊ အငြိမ့်၊ လူရွှင်တော်တွေကိုလည်း စိတ်ဝင်စားတယ်။ အမတို့ ငယ်တုန်းကတော့ အငြိမ့်၊ လူရွှင်တော်တွေနဲ့ပဲ ကြီးပြင်း ရတာ။ ဆယ့်နှစ်လရာသီ မြန်မာပွဲတော်တွေထဲမှာ အမြဲတမ်း ဒီလိုပွဲတွေက ပါတယ်လေ။ ဒါပေမယ့် ၁ဝတန်းအောင်ပြီးတဲ့ နောက်မှာတော့ ခေတ်သစ် အနုပညာလိုင်း တလိုင်း ကိုယ့်အာရုံထဲမှာ မြင်တာပေါ့၊ ကိုယ်က အဲဒီ အနုပညာလိုင်းကို စလုပ်လိုက်တဲ့ သဘောပဲ။ ရှေ့မှာ ရှိပြီးသား လိုင်းနဲ့ မတူဘူး။ မူကွဲတာပေါ့၊ မူကွဲတယ် ဆိုတာ ဈေးကွက်က အပြောင်းအလဲ ဖြစ်သွားတယ်၊ ဈေးကွက်စီးပွားစနစ် ဖြစ်သွားတဲ့ အခါကျတော့ ဒီထဲမှာ ဝင်ဆံ့နိုင်မယ့် အနုပညာ ဝန်ဆောင်မှု တခုကို စဉ်းစားလိုက်တော့ ဒါ အဆိုတော်လည်း မဟုတ်ဘူး၊ ရုပ်ရှင် သရုပ်ဆောင်လည်း မဟုတ်ဘဲနဲ့ တီဗီ ကြော်ငြာတွေ ဖြစ်လာတဲ့ အခါကျတော့ တီဗီကြော်ငြာ မော်ဒယ်တွေ အဲဒါတွေကို မွေးထုတ်မယ် ဆိုပြီးတော့မှ အဲဒါတွေကို သင်တန်းပေးရင်းနဲ့ စင်မြင့်မှာ ဖက်ရှင်ရှိုး လျှောက်တာတွေ ပေါ်လာတယ်။

အရင်တုန်းက လှယဉ်ကျေးမယ်တွေပဲ ရှိတယ်။ ဖက်ရှင်မယ်ပဲ ရှိတာကနေ မော်ဒယ်လ် ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲပြီးတော့ အဲဒီ ဝန်ဆောင်မှု ဈေးကွက်ထဲထည့်လိုက်တာပေါ့။

မေး။ ။ လှယဉ်ကျေးမယ် နဲ့ မော်ဒယ်လ်တွေ ကွာခြားပုံလေးလည်း ပြောပါဦး။

လှယဉ်ကျေးမယ် ကတော့ ရိုးရာပေါ့၊ ယိုးဒယားမှာလဲ ရှိတယ်လေ၊ ကထိန်တို့ ဘာတို့ဆို လွိုင်ကထုံမယ်တွေ ရွေးတယ်၊ ရိုးရာ အတိုင်းပဲ ဝတ်စားတယ်၊ ခါးတောင်းကျိုက်တယ်၊ ယိုးဒယားရင်ရှားတွေ ဝတ်ပြီးတော့၊ မိတ်ကပ်တွေ၊ အမောက် အမြင့်ကြီးတွေနဲ့ ပြိုင်ကြတယ်။ အဲဒါကတော့ ရိုးရာမပျက်ပေါ့။ လူမျိုးတမျိုး ရဲ့ရိုးရာ မပျက်အောင် ထိန်းထားတဲ့ အလှမယ်ပွဲတွေပေါ့။ မော်ဒယ်တို့၊ catwalk တို့ကတော့ ၂၁ ရာစုရဲ့ အလှမယ် ပုံစံတွေပေါ့။

မေး။ ။ ဒီလိုမျိုးအတွက် ဘယ်လို စံနှုန်းတွေ ရှိသလဲ။

ဖြေ။ ။ နိုင်ငံတကာမှာတော့ သူ့မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ ကိုယ်အလေးချိန် ဘယ်လောက် ရှိရမယ်၊ အနည်းဆုံးတော့ ၅ ပေ ၈ လက်မ အထက်မြင့်မှပဲ စင်ပေါ်တက်ခွင့်ရှိတာ။ ဒါပေမယ့် အာရှမှာတော့ အားလုံးကလည်း ခပ်ပုပုတွေပဲလေ။ အမြင့်ကြီးတွေနဲ့လာပြီး ကြော်ငြာလို့လည်း အားကျတာပဲ ရှိပေမယ့် အဲဒီ အမြင့်ကြီးတွေ ဝတ်သလို၊ အဲသလို အပိန်လေးတွေ ဝတ်သလိုလည်း လိုက်ဝတ်လို့ မရပြန်ဘူး။ အင်တာနေရှင်နယ် မီအောင် လုပ်တဲ့ ပွဲတချို့လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့်လည်း ကိုယ့်ပြည်တွင်းက သုံးစွဲသူတွေ သုံးစွဲနိုင်ဖို့လည်း ကြည့်လို့ကောင်းအောင် လုပ်တဲ့ ပွဲမျိုးလည်း ရှိတာပေါ့။ အဲဒါကြတော့ မော်ဒယ်တွေက မြန်မာပြည်မှာ ထုတ်တဲ့ ကုန်ပစ္စည်း မြန်မာပြည်ကလူတွေ ဝယ်ယူ သုံးစွဲနိုင်မယ့် ကုန်ပစ္စည်းမျိုး ဆိုရင်တော့ အဲဒီ ဒေသခံ မော်ဒယ်နဲ့ပဲ သွားရတာပဲ။ သူတို့ကတော့ ပုချင်လည်းပုမယ်။ ဝ ချင်လည်း နည်းနည်းဝမယ်။ ပေါင်လေး နည်းနည်းပိုရင်လည်း ပိုမှာပေါ့။

ဟိုတနေ့က ရန်ကုန်မှာ ဂျပန်က လာရွေးတာရှိတယ်၊ အဲဒါတွေကြတော့ ၅ ပေ ၈ အထက်တွေပဲ ရွေးတယ်။ နိုင်ငံတကာမှာ ထိပ်သီး ၅ ဦး စာရင်းဝင်တဲ့ ဂျပန်က ဒီဇိုင်နာ တယောက်က နေပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ပွဲလာလုပ်ပေးမှာ၊ သူ့စရိတ်နဲ့သူပေါ့။ ဒီတော့ ဒီမှာ ရွေးတာ အင်တာနေရှင်နယ်စံနဲ့ပဲ ရွေးတယ်။ ယောက်ျားလေးဆိုရင် ၆ ပေ နီးပါးတွေပေါ့။ မိန်းကလေးဆို ၅ ပေ ၈ အထက်တွေ။

တကယ်တော့ ကိုယ့်ဒေသထဲမှာ ပြမယ့် ရှိုးတွေ အတွက်တော့ ကိုယ့်ဒေသထဲမှာ လက်ခံနိုင်လောက်တဲ့ ပုံစံမျိုးနဲ့ ဆိုရင်ကို ရပါပြီ။

မေး။ ။ မတင်မိုးလွင်တို့ အစပြုခဲ့တုန်းကနဲ့ အခု အခြေအနေနဲ့ ဘယ်လောက် ကွာခြားနေပြီလဲ။

ဖြေ။ ။ အခုတော့ အားလုံးက တော်တော်ကြီး မျက်စိပွင့် နားပွင့်နဲ့ အမြင်လည်း ကျယ်လာကြပြီ။ လက်ခံတယ်၊ ထောက်ခံတယ်။ အားပေးတယ်။ အရင်တုန်းကတော့ လက်လည်း လက်မခံဘူး။ ထောက်လည်း မထောက်ခံဘူး။ အားလည်း မပေးဘူး။ အပြစ်ဘဲ ပြောကြတယ်။ စာနယ်ဇင်းတွေကလည်း တော်တော်များများက မကောင်းတဲ့ ရှုထောင့်ဘက်က ရေးတယ်။ တချို့တလေက ကောင်းတဲ့ဘက်က ရေးတယ်။ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် လုပ်ပြနိုင်တဲ့အခါ ကောင်းတဲ့ဘက်က ရေးတဲ့လူ များလာတယ်။

အရင်တုန်းကဆိုရင် မိဘတွေက အားပေးတယ် ဆိုရင်တောင်မှ အဘိုး အဘွား မသိအောင် လုပ်ရတာ။ အခုက အဘိုး အဘွားကော မိဘတွေကော အားပေးလာတယ်။ သားသမီးတွေလည်း ပိုပြီးတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာကို လွတ်လွတ် လပ်လပ်နဲ့ ယုံကြည်မှု ရလာတာပေါ့။

ရိုးရာလည်း ရှိသေးတယ်။ ဥပမာ- ရခိုင်အလှမယ်၊ သူ့တိုင်းနဲ့ သူ့ပြည်နယ် သူ့ရာသီအလိုက် ပွဲတော် အလိုက်တော့ ရှိတာပေါ့။ Miss Al Pine ဆိုရင် Al Pine သောက်ရေသန့် ဦးစီးပြီးလုပ်တာတို့၊ Miss Ferrovit ဆိုရင် Ferrovit အားဆေးက ကြီးမှူးပြီး လုပ်လိုက်တာတို့။ ဒါမျိုးတွေကတော့ အင်တာနေရှင်နယ် ပုံစံ ဖြစ်သွားပြီ၊ ဝတ်တာ စားတာတွေက အစလေ။ ရေကူးဝတ်စုံ မဟုတ်ပေမယ့် စကတ် အတိုတွေ ဘာတွေနဲ့ ပိုပြီးတော့ ဘယ်လိုခေါ်မလဲ ခေတ်မီလာတာပေါ့၊ ကြည့်လို့လည်း ပိုကောင်းလာတာပေါ့နော်၊ မြင်နေကျ မဟုတ်ဘဲ ပိုထူးခြားတဲ့ အမြင်သစ်၊ အတွေးသစ် တင်ဆက်မှုတွေ များလာတာပေါ့။

မေး။ ။ ဝတ်စားဆင်ယင်မှုအပိုင်းမှာ ရိုးရာက လက်ခံထားမှုနဲ့ ထိပ်တိုက်တွေ့ ဆန့်ကျင်ခံရတာမျိုးများ ရှိလား။

ဖြေ။ ။ အရင်တုန်းကတော့ အရမ်းရှိပါတယ်။ အခုတော့လည်း အေးဆေးပါပဲ ဖြစ်သွားပါပြီ။ အဲဒီဟာလည်း ညှိနှိုင်းရတာပေါ့။ အားလုံးကလည်း နားလည် လက်ခံလာကြတော့ ထိပ်တိုက်တွေ မရှိတော့ပါဘူး။ သင်္ကြန်ဆိုရင် မဏ္ဍပ်တွေ ရှိတယ်။ မဏ္ဍပ်တွေပေါ်မှာ ကကြတယ်။ ဖက်ရှင်ရှိုးတွေ လျှောက်ကြတယ်။ အဲသလိုပဲ ဗမာထဘီ တွေနဲ့ ယိမ်းတွေနဲ့ ကနေကြတုန်းပဲ။ ဒါတွေက ထိပ်တိုက် တွေ့စရာ မဟုတ်တော့ဘူးလို့ အားလုံးက သိလာကြပြီ။ ယိမ်းကတဲ့ လူကလည်း မော်ဒယ်လျှောက်လာကြပြီလေ။ အဲသလိုမျိုး သိတယ် မဟုတ်လား ဂလိုဘယ် လိုက်ဇေးရှင်း ဆိုတော့ အတူတူ ဖြစ်သွားကြတယ်။

မေး။ ။ မော်ဒယ်တယောက်ဖြစ်ဖို့ အသက်အရွယ် အကန့်အသတ် ရှိသလား။

ဖြေ။ ။ နိုင်ငံခြားမှာတော့ အစိတ်ကျော်ရင် သိပ်ပြီးတော့ မသုံးတော့ဘူး။ သူတို့ သုံးတဲ့ သက်တမ်း ၂ နှစ်၊ ၂နှစ်ခွဲ အတွင်းမှာ ဈေးကွက်ဝင်တယ် ဆိုရင် ဆက်တက်သွားတာပေါ့။ အဲသလိုမျိုး အလားတူ အရည်အချင်းနဲ့ပဲ အသစ်တွေ ရုရှားတို့လိုမျိုး ဈေးကွက်ထဲ ရောက်လာတယ်ဆိုရင်တော့ ရှေ့ကလူတွေ နားသွားတာမျိုးလည်း ရှိတာပေါ့။

မြန်မာပြည်မှာက နုကြတော့ တချို့လည်း ၂၇၊ ၂၈ လောက်ထိလောက်ပဲ လုပ်တော့ လုပ်နေကြတာရှိတာပေါ့။ နိုင်ငံတကာ အတွက်တော့ မဟုတ်ဘူး။ မြန်မာဈေးကွက် အတွက်ပဲ။ ကိုယ့်ဘာသာကိုယ်ပဲ ဖန်တီးပြီး ပြတာပေါ့။

ပုံမှန်အားဖြင့် ၂၅ ကျော်ရင် သိပ်ပြီးတော့ မလုပ်ကြတော့ဘူး။ လုပ်ပေးလို့ သိပ်ပြီးတော့ မကောင်းတော့ဘူး။

မေး။ ။ မကောင်းတော့ဘူးဆို သူတို့ ဘာဆက်လုပ်ကြမလဲ။

ဖြေ။ ။ အလုပ်ထဲ ဝင်ရင်ဝင်၊ မဝင်ရင်လည်း ဒီဇိုင်နာ လုပ်ရင်လုပ်၊ တချို့လည်း သရုပ်ဆောင် လောကထဲ ဝင်ကြတာပေါ့။ နောက်ထပ် အသစ်တက်တဲ့ ကလေးတွေက အရမ်း ထူးချွန်ပြီး၊ အရမ်းလည်း ကြိုးစားကြတော့ ပိုကောင်း ပိုတော်တာတွေက အစားထိုးလာတယ်။ တတ်တဲ့၊ တော်တဲ့၊ နားလည်တဲ့သူက များလာပြီး ဈေးကွက်က သေးတယ်၊ အရမ်း မဖွံ့ဖြိုးလာဘူး။

တင်မိုးလွင်
တင်မိုးလွင်
ပြည်ပက သွင်းလာတဲ့ အမှတ်တံဆိပ်တွေ ပိုများလာရင်၊ ဒေသတွင်း ပစ္စည်း တွေလည်း ပိုများလာရင် မော်ဒယ် ပိုလိုလာတာပေါ့။ တကမ္ဘာလုံး အနေအထား အရ ချုံ့ရတယ်၊ ချွေတာရတယ် ဆိုတော့ အကြီးအကျယ်တော့ ဘယ်သူမှ မလုပ်ကြတော့ဘူး။ ဒါကြောင့် ဈေးကွက်က အမှန် မရှိဘူး။ မျှော်လင့်လို့ မရဘူး။ အီတလီ၊ မီလန် တို့ ပြင်သစ်၊ ပါရီတို့ မှာကတော့ အခိုင်အမာရှိတယ်။ အဲသလိုမျိုးနဲ့တော့ ယှဉ်လို့တော့ မရဘူး။ သူတို့က Fashion Paradise တွေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၄ဝ ကတည်းက အစ တည်ခဲ့ကြတာ ဆိုတော့ ကိုယ်တို့နဲ့ လုံးဝ မယှဉ်နိုင်ဘူးပေါ့။

မေး။ ။ မော်ဒယ်လောကထဲကလာတဲ့သူတွေအတွက် အလုပ်အကိုင်တွေ ရွေးစရာ အတော်များများ ရှိသလား။

ဖြေ။ ။ ယိုးဒယားမှာကြတော့ မော်ဒယ်တွေကော Miss တွေကော အသက် ကျော်သွားပြီဆိုရင် အရမ်းကို သြဇတိက္ကမကြီးမားတဲ့ ကုမ္ပဏီကြီးတွေက presenter တွေ ပြန်ခန့်ကြတယ်လေ၊ သူတို့ တံဆိပ်ကို ကိုယ်စားပြုပေးတာတို့။ အလှအပ ရေးရာ အကြံပေးတို့ ပြန်ခန့်ကြတယ်။ သူတို့ အတွက်တော့ အလုပ်အကိုင်က မရှားဘူးပေါ့။ ဟိုတယ်တွေကလည်း ခေါ်တယ်။

မြန်မာပြည်မှာတော့ ကိုယ့်မိဘအလုပ်ကို ပြန်လုပ်။ မလုပ်ရင် ကိုယ်တတ်ထားတဲ့ တက္ကသိုလ်ပညာနဲ့ ဌာနတို့ ကုမ္ပဏီတို့ဝင်။ မဝင်ရင်လည်း နိုင်ငံခြားမှာ အလုပ် သွားလုပ်ရင် လုပ်ပေါ့။ ဒါမှမဟုတ်လည်း တခြား အနုပညာလောကထဲ ကူးချင်လည်း ကူးပေါ့။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို လုပ်ရမှာပေါ့။

မေး။ ။ ဒီနေ့ မြန်မာပြည် မော်ဒယ်လောကထဲ ဝင်လာတဲ့သူတွေအကြောင်း နည်းနည်း ပြောပြပါ။

ဖြေ။ ။ စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ဘဲနဲ့ အိမ်မှာပဲ နေတာလည်း ရှိတာပေါ့။ အများကြီးပါပဲ။ အမျိုးစုံပေါ့။ တတ်ကြွတဲ့ လူလည်း ရှိတယ်။ နှေးကွေးတဲ့လူလည်း ရှိတယ်။ ယုန်လေးတွေ၊ လိပ်ကလေးတွေလိုပဲ အမျိုးမျိုးပါပဲ။ ဇွဲရှိသူလည်း ရှိတယ်။ ဇွဲ မရှိသူလည်း ရှိတယ်။

မပြောရဲ မဆိုရဲ နှေးကွေးနေရင် ကိုယ့်အတွက် နေရာ ပိုရှားတယ်။ ကိုယ်က အရမ်း ပျင်းနေရင်၊ သင်ယူတာလည်း အရမ်း နောက်ကျတယ်ဆိုရင်၊ ရှေ့ မထွက်ရဲရင် ကိုယ့်ရဲ့ ရပိုင်ခွင့်က ပို ဆုံးရှုံးသွားမှာလေ။

ဒီလောကထဲ ဝင်တယ် ဆိုလို့ရှိရင် နာမည်ကြီး မော်ဒယ်တယောက် ဖြစ်ဖို့ ရည်ရွယ်တာထက် လူကြားထဲ ဝင်ဆံ့ပြီးတော့ စမတ်ကျကျနဲ့ နေထိုင်နိုင်ဖို့၊ လူအကြောင်း သိနိုင်ဖို့ လိုတယ်။ ဈေးကွက် စီးပွားရေးစနစ် ဆိုတော့ မားကက်က အရမ်း အရေးကြီးတာ၊ အဲဒါကို သဘောပေါက်မယ် ဆိုရင်တော့ ပညာသင်ပြီး သိရှိထားတဲ့ ပညာနဲ့တော့ ဝင်ဆံ့အောင် အများကြီး လုပ်လို့ ရတယ်။ အဲလိုမှ မဟုတ်ရင်တော့ ရိုးရိုးဘွဲ့ရ လူငယ်တယောက် အနေနဲ့ပဲ ရှိခဲ့မှာပဲ။ အင်ဖော်မေးရှင်းကလည်း အရမ်း မြန်တော့ လိုက်မမှီဘဲ ဖြစ်မယ်။ ဈေးကွက် အရမ်းသေးလို့ ပိုကြိုးစားရမှာလို့ ပြောချင်ပါတယ်။

မေး။ ။ မော်ဒယ်တွေ ဘာလုပ်သင့်တယ်၊ ဘာတွေ ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးမလဲ။

ဖြေ။ ။ တလိုင်းတည်း သွားဖို့ ဘယ်တော့မှ အကြံမပေးဖူးဘူး။ ကိုယ်က လူတွေကြားထဲ ဝင်ဆန့်တယ် ဆိုတာ ဒါက ပညာရပ် တခုလေ။ ဒီတော့ အခွင့်အရေးရှိတုန်း၊ အရွယ်ရှိတုန်းမှာ လာလုပ်ကြ။ ပြီးရင် ကိုယ့်အတွက် ခိုင်မယ့် နေရာတွေကို ဝင်လုပ်ကြ။ တချို့ဆို မိတ်ကပ်ကုမ္ပဏီမှာ အကြံပေးတွေ ပြန်လုပ် ကြတယ်။ မော်ဒယ်ထက်လည်း သူတို့ ပိုပြီးတော့ ဝင်ငွေကောင်းတယ်။ ရာထူးလည်း ကြီးသွားတယ်။ ဒါပေမယ့် တယောက်တည်းနဲ့ ရှစ်မျိုးလောက် တတ်ဖို့လိုတယ်။ ပေါင်းသင်း ဆက်ဆံရေး၊ အဝတ်အစား စမတ်ကျတာ၊ စီမံခန့်ခွဲမှု၊ ဖန်တီးနိုင်စွမ်း ရှိတာ စသဖြင့် အများကြီးတော့ လိုတယ်။ ဒါတွေကို ကျမတို့ဆီမှာ ၂ နှစ် ၃ နှစ် လုပ်ရင်းနဲ့ သင်ကြပေါ့။ မော်ဒယ်လုပ်ရင်းနဲ့ အဆင်သင့်တဲ့ ကိစ္စတွေ တွဲသင်သင့်တယ်။

source by :

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form