ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ရဲရင့်မြင့်မောင် | မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက် စီးပွားရေးတောက်လျှောက်ကျဆင်းလာပြီး လူမူရေးဘက်မှာ လည်း အကျင့်စာရိတ္တပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင် မြန်မာစစ်အစိုးရများကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊ သာသနာစောင့်ထိန်းရေးပိုင်းများတွင် လစ်ဟင်းညံ့ဖျင်းမူများ ရှိလာသည်။ နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ခိုးထုတ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များအဆင့်ဆင့် ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက်ရှိကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ တရားမ၀င်တင်သွင်းရာတွင် မြန်မာအာဏာပိုင်များနှင့် ထိုင်းအာဏာပိုင်များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ ခိုးသွင်းပါက ထိုင်းအကောက်ခွန်ဌာနက ပစ္စည်းများသိမ်းယူပြီး ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင်လေလံတင်၍ ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည်တဦးက ရှင်းပြသည်။

“မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက်လူခြေတိတ်ချိန်မှာ လှေတွေနဲ့ ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊ ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျနေတာတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။

၎င်းက “အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး ဘုရားဝယ်တဲ့သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေဘက်ကို လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေးရုပ်နတ်ရုပ်တွေ ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိုင်ငံလုံးမှာ လိုက်ဝယ်လို့ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရ တယ်။ အားလုံးအေးအေးဆေးဆေးသယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ် ပေးကမ်းထားတာမရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန်လိုသည်ဟု ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍ မြန်မာရှေးဟောင်းပစ္စည်းကုန်သည်တဦးက “ဥပဒေကတော့ အမျိုးမျိုးပြောင်းနေ တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်းတင်ပို့မှုကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ထောက်ခံချက်ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ်ရေးထိုးရတယ်။ ဒါကလည်း တကယ်အလုပ်မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကိုထွက်နေတာပါ။ တနိုင်ငံလုံးက အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။

ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် “ဗုဒ္ဓဘား” အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟု ယူဆရသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူအပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို ဆိုင်ခန်းအပြင်အဆင်အဖြစ် ချထားပုံကို တိုင်းမ် မဂ္ဂဇင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။

မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ မြန်မာရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် တလလျှင် အနည်းဆုံးသုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာဘုန်းတော်ကြီးများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊ သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။

အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ ချစ်ကြည်ရေးတံတားအနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင်တဆိုင်ထွက် လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားများက “တကယ်မျက်နှာပူဖို့ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမျိုးမလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စအတွက် ကျောင်းပြင်ဖို့ ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ပြောသည်။

ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့် မြန်မာဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ) ဆေးပြားများ အလုံးရေသိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။

မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဝိရောဇနသည် ခရိုင်သံဃာ့နာယကအတွင်းရေးမှူးနှင့် ခရိုင်သံဃာ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သော်လည်း မြ၀တီမြို့သို့ ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်းပေါ့လျော့နေသည့်အတွက် သံဃာ့ဝိနည်းနှင့် ကိုက်ညီမူမရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့ ကိုယ်ကျိုးအတွက် လာရောက်ကြ သည့် ရဟန်းနှင့်သီလရှင်များအား သာသနာအကျိုးမျှော်ကိုး၍ ကြပ်မတ်စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းပို့သည့် မြန်မာအလုပ်သမားခေါင်းဆောင်တဦးက “ထိုင်းသူဌေးတွေက သူတို့ကားတွေနဲ့ အရန်သင့်လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက် အာဏာပိုင်တွေကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့ တခါတည်းသယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့မတွေ့ဖူးတဲ့ လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်း မောင်းကြီးတွေ၊ ပေစာထုပ်တွေ၊ ကြေးစည်ကြီးတွေအစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊ တကယ်နှမြောဖို့ ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး အခုလိုထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေပို့တာ။ အဆက်အသွယ် မရှိလို့ကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူသွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။ ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှစစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက် မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်း ဘုရားဆင်းတုတော် တွေက နည်းသွားပေမယ့် လူသုံးကုန်တွေကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ- အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင် ပြစက်တွေ ဆိုရင် ထိုင်းတွေက မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန်ဆိုပေမယ့် သူခိုးဈေးနဲ့ လာရောင်း သလိုဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေအပြောအရ ဆယ်ချိုးတချိုးပဲရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို ပြန်သယ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြားရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့ မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက်ရတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်း၏လုပ်ငန်း အတွေ့အကြုံအား ရှင်းပြသည်။

၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူးရဲမှူးကြီး စစ်အေးက အာဆီယံဒေသတွင်း ရှေးဟောင်းယဉ်ကျေးမူပစ္စည်းများကို တရားမ၀င်လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း များကိုတားဆီးရန် ဥပဒေများ ပြဋ္ဌာန်း လိုက်သည်ဟု ပြောသည်။ ပြည်တွင်းတွင်လည်း ရှေးဟောင်းယဉ်ကျေးမူ ကာကွယ်ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန် လိုကြောင်း၊ ဆင်းရဲသည့်နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက် အမျိုးဂုဏ် သိက္ခာနှင့် ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်လိုသည်ဟု ပြည်တွင်းထုတ်ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက “ဒါကတော့ လူကြား ကောင်းအောင် ပြောတာပဲ။ မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိုဝင်လာတာ ကုန်သလောက်ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင် ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ ၀ယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကိုဒုက္ခရောက်ကြတော့ အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာသယ်လို့ရတယ်။ မြန်မာရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ အလွယ်ကူဆုံးပဲ။ ခေတ်စနစ်ကမကောင်းတော့ လူတွေငတ်ကြတယ်။ မိသားစု စားဝတ်နေရေး အတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေက ကိုယ်လည်း သူတို့လိုနေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဆိုသည်။

မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက်၍ “မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့မညှိရင် ကျောက်ဆင်းတုရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ ဘုန်းကြီးကျောင်းအတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း မညှိလို့ကတော့ ပြေးနိုင်မှလွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း အလွဲသုံးစားလုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေကြောင့်ဖြစ်တယ်” ဟု မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက “ပွဲစားတွေနဲ့ပေါင်းပြီးတော့ မြန်မာပြည်အနှံ့လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ (၁၅) နှစ်လောက်ကြာခဲ့တယ်။ ငွေလည်း အတော့်ကိုရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊ ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ နေထိုင်မကောင်းဖြစ်ပြီး တယောက် ပြီးတယောက်သေဆုံးကုန်တယ်။ အရပ်ကတော့ ကျနော်တို့ကို ဘုရားစူးတယ်လို့ ပြောကြတယ်။ အခု ကျနော် တယောက်တည်း မဲဆောက်မြို့ကိုလာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့ ထိုင်းရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေကို ပြန်ပြင်ပြန်ဆက်ပေးတဲ့ အလုပ်လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ဗုဒ္ဓဘာသာဝင်တွေ အနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက နောင်ဘ၀မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ” ဟု ခေတ်ပြိုင်သို့ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရားကုန်ကူးသူတဦးက “ရှေးဟောင်းဘုရား ဆင်းတုတော်တွေရောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒီတသက်မဆင်းရဲတော့ဘူးလို့ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။ ရန်ကုန်မှာလည်း အိမ်တွေခြံတွေဝယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း ဘုရားတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့လူတွေနဲ့ ဆက်သွယ်ထားပြီးလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ ကျပ်သိန်းထောင်ဂဏန်းအထိရဖူးတယ်။ ဒီရှေးဟောင်းဘုရားတွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတသနဦးစီးဌာနက ပညာရှင်အချို့ကိုတောင် အိပ်ထဲထည့်နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်ကဘုရား၊ ဘယ်မှာသွန်းတဲ့ ဘုရားဆိုပြီး ခုနှစ်သက္ကရာဇ်အတိအကျပြောနိုင်တယ်။ သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်ပါလို့ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့ ရန်ကုန်ကိုပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ သေလို့လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်ကဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလားဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။

ဘန်ကောက်ရောက် ကရင်ပြည်နယ်ဒုံရင်းနယ်မှ လူငယ်တဦးက “ကျနော်တို့ရွာက ရှေးဟောင်းဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကိုလာပြီး ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရားဆင်းတုတော်ကို ဘန်ကောက် ဆူကွန်ဗစ်လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ ရောင်းဖို့ပြထားတာကိုတွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။ သူတို့လုံးဝ စိတ်မ၀င်စားကြဘူး။ ကျနော့်အမေပြောတာကတော့ ရွာမှာ ဒီကိစ္စ ဘယ်သူမှ မပြောရဲဘူး၊ ရွာကကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး နယ်စပ်ကို ခိုးထုတ်သွားတာဖြစ်တယ်တဲ့” ဟု ပြောသည်။

ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာရဲအဖွဲ့တို့နှင့် ဆက်စပ်ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး တာဝန်ရှိ လုံခြုံရေးဘက် ဆိုင်ရာတို့၏ အကျင့်ပျက် ခြစားမှုများလည်း အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးအနေအထားများလည်း တိုးတက်မှုမရှိသရွေ့ ငါ့ဝမ်းပူဆာမနေသာသဖြင့် ယခုလို သီလမစောင့် သားကောင်ချနင်းအခြေအနေမှာ ကာလရှည် တည်တံ့ နေဦးမည်ဖြစ်သည်။

source by : http://www.khitpyaing.org/articles/February_09/13-2-09b.php

0 comments: