ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

အေးချမ်းမြေ့ | ကလေး ဆိုကတည်းက အပူအပင် ကင်းလှသည်။ စားစရာရှိ စားမည်၊ ပြီးလျှင် ကစားမည်၊ ပြီးတော့ အပူအပင် ကင်းမဲ့စွာ အိပ်ပျော်မည်။ သူတို့၏ အတိတ်တွင် ခါးသီးကောင်း ခါးသီးခဲ့မည် ဖြစ်သော်လည်း ထိုအတိတ်ကို သူတို့ သတိမရကြတော့၊ လက်ရှိ အခြေအနေတွင် ပျော်ရွှင်နေနိုင်သည်။ အနာဂတ် ဆိုသည်ကိုလည်း သူတို့နားမလည်။


CLC ကျောင်းတွင် ကလေးများ ဗီဒီယို ကြည့်နေကြစဉ်
(ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အများက “ဆရာ ဦးသိန်းလွင်ကျောင်း” ဟု အသိများသော မြန်မာပြည် မှ ရွှေ့ပြောင်း အခြေချလာသည့် ကလေးများ တက်သော (Migrant School) ကျောင်းဝင်းကလေးက ၄ နှစ်မှ ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးများ၏ စကားသံ၊ ကစားသံ တို့ဖြင့် ဆူညံသက်ဝင်လှုပ်ရှားနေသည်။

ထမင်းစားချိန်ဖြစ်သောကြောင့် ကလေးငယ် ကလေးများကို ထမင်းစကျွေးနေရာ ကလေးကြီးများက ကစားရင်း သူတို့အလှည့်ကို စောင့်ဆိုင်းနေကြသည်။

“သားနာမည်က ငြိမ်းချမ်းလှိုင်၊ အသက် ၆ နှစ်၊ ခု တတန်းတက်နေတယ်” ဟု ဗမာလိုပီပီသသ ပြောနေသည့် ကလေးလေးက ထမင်းကိုလည်း အားရပါးရ စားနေသေးသည်။ သူလေး၏ ဖခင်နှင့် မိခင်က ငါးရောင်းသည့် ဆိုင်တွင် အလုပ်လုပ်သည်ဟု ပြောပြသည်။ သူ့ ဖခင်နှင့် မိခင်တို့ ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်စဉ် သူကတော့ ဗမာပြည်မှာအဘိုး အဘွားများနှင့် နေခဲ့ရသည်။ တနှစ်ကမှ သူ့ကို လူကြုံနှင့် ထည့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ချစ်စဖွယ် ရှင်းပြနေသည်။

ထိုကျောင်းတွင် မူကြိုအရွယ် ကနေ ဒုတိယတန်းအထိရှိသည်။ တနှစ်ပြီးတနှစ် ဆက်လက် တိုးမြှင့် သွားမည်ဟု ဆိုသော်လည်း စတုတ္ထတန်းပြီးလျှင် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိသေးကြောင်း ကျောင်း တာဝန်ခံ မသက်က ပြောပြသည်။

ကလေးအများစုက ဗမာလို နားမလည်၊ အများစုမှာ တိုင်းရင်းသားများ ဖြစ်ကြပြီး တချို့ ထိုင်းနိုင်ငံမှာပင် မွေးဖွား သူများဖြစ်သည်။ စာသင်ကြားရာတွင် ဘာသာစကား အခက်အခဲဖြစ်ရသကဲ့သို့ ဆုံးမရာတွင်လည်း စကား မပေါက်သည့် ပြဿနာ ကြုံရသည်ဟု ဆိုသည်။

“ကလေးမိဘတွေနဲ့ ဆက်သွယ်ရတာ အရမ်းခက်တယ်။ ကျောင်းကားနဲ့ ဒီတိုင်း ပို့လွှတ်လိုက်တာပဲ။ တခါမှလည်း မတွေ့ဖူးဘူး။ တချို့ကလေးတွေဆို ကျောင်းရောက်မှ မျက်နှာသစ်ပေးရတာ” ဟု မသက်က ရှင်းပြသည်။

တချို့ကလေးများမှာ ယနေ့ကျောင်းလာသော်လည်း နောက်တနေ့တွင် မိဘ အလုပ်အကိုင်ပြောင်းရွှေ့ရာ နောက် ပါသွားပြီး ကျောင်းမလာနိုင်တော့ကြောင်း ပြောပြသည်။ တချို့ ၁၂ နှစ် ၁၃ နှစ်အရွယ် ကလေးများကျတော့ မိဘကို ကူညီနိုင်သည့် အရွယ်ဖြစ်နေလေရာ မိဘကိုယ်နှိုက်က ကျောင်းမလွှတ်လိုတော့ဟု ဆိုသည်။

“သူ့နာမည်က သဲသဲအိတဲ့။ အဖေတခု သမီးတခုနေကြတာ။ ကျောင်းကပြန်သွားရင် အဖေပြန်မလာမချင်း တယောက်တည်းအိမ်မှာနေရတယ်” ဟု မသက်က သူငယ်တန်းကလေး တယောက်ကို ညွှန်ပြရင်း ပြောပြသည်။

မူကြိုတန်းတွင် ဥာဏ်ရည်မမီသည့် ကလေးတယောက်ကို တွေ့ရသည်။ သူက တခြားကလေးများထက် အသက်ကော လူကောင်ပါကြီးသော်လည်း စကားမပြောတတ်၊ စာလည်း သင်လို့မရသေး။

ကလေးများကို ကျောင်းကားဖြင့်မကြိုနိုင်လျှင် သူတို့ကျောင်းတက်ရဖို့ မဖြစ်နိုင်။ သူတို့၏ မိဘများက ကျီးလန့်စာ စား နေထိုင်ရသူများဖြစ်သည်။ သူတို့လက်ထဲတွင် အာမခံနိုင်သည့် မည်သည့်လက်မှတ်မှ မရှိ။ သူတို့ကို အချိန်မရွေး ထိုင်းရဲက ခေါ်ယူစစ်ဆေးလျှက် ဖမ်းဆီးနိုင်သည်။ ထို့ကြောင့် သူတို့၏ အလုပ်ခွင်မှအပ မည်သည့် နေရာကိုမှ မသွားရဲကြပေ။

“ဖောင်ဒေးရှင်းအနေနဲ့တော့ အသိအမှတ်ပြုလက်မှတ်ရပြီ။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ ကျောင်းအနေနဲ့ ဖွင့်ခွင့်ရဖို့ဆိုတာက လိုအပ်တဲ့ မြေအကျယ်အဝန်းတို့၊ ကျောင်းအင်္ဂါရပ်နဲ့ ညီဖို့တို့ အများကြီး လိုအပ်တယ်” ဟု ကျောင်းတာဝန်ခံ တဦးဖြစ်သူ ဆရာစိုင်းက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ကျောင်းအနေနှင့် ဖွင့်နိုင်လျှင်တော့ ကလေးများ၏ အနာဂတ်က တမျိုးတဖုံဖြစ်ကောင်းဖြစ်မည်။ သို့သော် ထိုကိစ္စက မရေရာလှ။

ရုံးခန်းနေရာတွင်တော့ လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်ပေးထားသည်။ ထိုသင်တန်း များတွင် တက်နေသည့် လူငယ်အားလုံး ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။

သူတို့လက်ထဲတွင်လည်း မည်သည့် အထောက်အထားတစုံတရာမျှ မရှိ။ ထိုင်းရဲက စစ်ဆေးဖမ်းဆီးလျှင်လည်း ခံရဖွယ်သာရှိသည်။ သူတို့အတွက် အထောက်အထား တစုံတရာ ရရန်ကြိုးစားနေသည်ဟု ဆရာစိုင်းက ဆက်ပြောသည်။

“ထိုင်းအာဏာပိုင်တွေက ကျောင်းအင်္ဂါရပ်နဲ့ မညီဘူးဆိုပြီး ကျောင်းကို ပိတ်ပစ်လိုက်ရင်တော့ ဒီကလေးတွေ အားလုံး လမ်းပေါ်ရောက်ကုန်မှာပဲ” ဟု သူက ဆိုသည်။

မူလတန်း ကျောင်းကလေး စတင်သည်မှာ တနှစ်ကျော်ခန့်သာ ရှိသေးသည်။ ကျောင်းမစတင်မီက ချင်းမိုင်မြို့တွင်း၊ မြို့ပြင်တို့တွင် အလုပ်လုပ်နေကြသော ဗမာတိုင်းရင်းသား မိသားစုများထံ ဆက်သွယ် ချဉ်းကပ်ကာ ကလေးများ ကိုကျောင်းအပ်ပေးဖို့ လိုက်လံပြောဆို စာရင်းကောက်ခဲ့ရကြောင်း ရှမ်းတိုင်းရင်းသူ ဆရာမလေး တယောက်က ရှင်းပြသည်။

သူကတော့ ဆရာဦးသိန်းလွင်ကျောင်း၏ ကျောင်းခွဲတခုဟုဆိုနိုင်သော Wat Pa Pao ဘုန်းကြီးကျောင်းဝင်းတွင် ဖွင့်ထားသည့် Children Learning Centre (CLC) တွင် တာဝန်ယူ သင်ကြားပေးနေသူဖြစ်သည်။

ကျောင်းမဖွင့်ခင် ကလေးများကို လိုက်လံ စုစောင်းစဉ်က သူတို့အခက်အခဲများကိုပြောပြသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်များတွင် အလုပ်လုပ်သည့် ကလေးမိဘများထံ ချဉ်းကပ် ရသည်မှာ သိပ်မလွယ်ကူလှ။ ထိုနေရာများတွင် ဗမာလိုပြောခြင်းက ပြဿနာတရပ်ဖြစ်သည်ဟု ဆိုသည်။

အများစုမှာ တိုင်းရင်းသားများဖြစ်ကြပြီး ဗမာပြည်တွင်းမှ အကြောင်း အမျိုးမျိုးဖြင့် ထွက်ခွာလာခဲ့ရသူများ ဖြစ်သည်။ တချို့ ထိုင်းနိုင်ငံရောက်မှ အိမ်ထောင်ရက်သားကျကာ ကလေးမွေးဖွားကြသည်။ တချို့လည်း ကလေးငယ်များ တပါတည်း ပါလာကြသည်။ မြန်မာပြည်အစွန်အဖျား ချောင်ကျသော ရွာများမှ တိုင်းရင်းသား များမှာ ဗမာနှင့် ပတ်သက်၍ နာကြည်းချက်များစွာရှိနေကြသည်ဟု ဆရာမလေးက ဆိုသည်။


ချင်းမိုင် Migrant School တွင် နေ့လည်စာစားနေသော ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
“အိမ်တအိမ်မှာ ဗမာလိုပြောမိလို့ မောင်းထုတ် ခံရတယ်။ သူတို့ဗမာပြည်မှာတုန်းက စစ်သားတွေက သူတို့ရွာကို မီးရှို့ဖျက်ဆီးခဲ့တာတဲ့။ သူတို့က ဗမာ ဆိုရင် ဗမာပဲ။ စစ်သားတွေဘာတွေ သိတာ မဟုတ်ဘူး” ဟု သူက ရှင်းပြသည်။

Wat Pa Pao ဘုန်းကြီးကျောင်းဝင်း အတွင်းမှ CLC ကျောင်းကလေးကျတော့ ပုံစံတမျိုးဖြစ်သည်။ ထိုကျောင်းမှာ တက်နေသည့် ကလေးများကို ထိုင်းပညာရေးဌာနက ကြည့်ရှုကူညီပေးနေသည်။ အခြေခံ ထိုင်းစာကို သင်ကြား တတ်မြောက်ခဲ့လျှင် ထိုကလေးများ ထိုင်းကျောင်းကို တက်ခွင့်ရမည်ဟု တာဝန်ခံ ဆရာမတဦးက ရှင်းပြသည်။

တကယ်က ဗမာ ရွှေ့ပြောင်းအလုပ်သမား မိသားစုများထဲမှ ကလေးများ၏ အနာဂတ်မှာ ရေရေရာရာ ရှိလှသည် မဟုတ်။ သူတို့မိဘများ ရွှေ့ပြောင်းရာသို့ လိုက်ပါရင်း ပညာသင်ခွင့် ဆုံးရှုံးရသည့် ကလေး များစွာရှိသည်။ ထိုအထဲမှ တချို့သော ကလေးများသာ ပညာသင်ခွင့်ရကြသည်။

ချင်းမိုင် ပညာရေးမှူးက မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ၏ ပညာရေးနှင့် ပတ်သက်၍ ကူညီချင်သောကြောင့် ထိုင်းအာဏာပိုင်များ တားမြစ်သည့်ကြားမှ ယူနီဆက် (UNICEFF) နှင့်ပူးပေါင်းကာ Wat Pa Pao ဘုန်းကြီးကျောင်းဝင်းအတွင်း စာသင်ကျောင်းကလေး ဖွင့်ပေးနိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ဆရာမများ ထံမှ သိရသည်။

“သူက ကျောင်းဖွင့်ပေးချင်ပေမယ့် ကလေးတွေကို ဘယ်လိုစုရမလဲ မသိတော့ ဆရာဦးသိန်းလွင် ကျောင်းက ကလေးတွေကို ခွဲပေးထားရတာပါ” ဟု ဆရာမတဦးက ပြောသည်။ ထိုင်းပညာရေးဌာနက လိုအပ်သည်များကို ပံ့ပိုးပေးထားသော်လည်း ထိုကျောင်းမှ တာဝန်ရှိသည့် ဆရာမများမှာ ဦးသိန်းလွင်ကျောင်း၏ လခစားသူများ သာဖြစ်သည်။

ကျောင်းစဖွင့်စက အခင်းပင်မရှိသော ကျောင်းကလေးတွင် ခုတော့ ပြည့်ပြည့်စုံစုံနှင့် ဖြစ်နေပေပြီ။

“စစချင်း ကလေးတအုပ်ရယ်၊ ခုံတွေရယ်၊ ဗလာစာအုပ် ပါးပါးလေး ၁၀ အုပ်ရယ်၊ မြေဖြူခဲဘူး ၅ ဘူးရယ် ဒါပဲရှိတယ်။ ခုံပေါ်မှာ ကလေးတွေက ကြာကြာ မထိုင်နိုင်ကြဘူး။ သံမံတလင်းမှာ ကလေးတွေ ထိုင်စရာတောင် ဘာမှမရှိဘူး” ဟု ဆရာမ တဦးက ပြောပြ၏။

ယခုအခါ ထိုင်းပညာရေးဌာနက ပံ့ပိုးပေးသဖြင့် ပရိဘောဂ ပြည့်ပြည့်စုံစုံအပြင် ကလေးကစားကွင်းအတွက် ကစားစရာ လေးများပင် ရောက်နေပြီဟု ဆိုသည်။ ကလေးများအတွက် နေ့လယ်စာကိုတော့ ဆရာဦးသိန်းလွင်၏ ပင်မ ကျောင်းမှပင် ပို့ပေးသည်။

ကျောင်းခွဲက နှစ်ကျောင်းဖြစ်သည်။ ထို နှစ်ကျောင်းပေါင်းလျှင် ကလေးက ၁၀၀ ကျော်သည်။ ဆရာ၊ ဆရာမ စုစုပေါင်း ၁၁ ဦးရှိသည်။ ပင်မကျောင်းက ကလေးများအတွက် အနာဂတ်က မရေရာ။ နောက် တကျောင်းက ကလေးများ ကတော့ အချိန်တန်လျှင် ထိုင်းအစိုးရကျောင်းတွင် တက်ခွင့်ရနိုင်သည်ဟု ဆိုသည်။

“မောင်နှမအရင်းတွေရှိတယ်၊ အစ်ကိုက ဟိုဘက်ကျောင်း၊ ညီမက ဒီဘက်ကျောင်းမှာ တက်နေတယ်။ အချိန်တန်ရင် ညီမလုပ်တဲ့သူက ထိုင်းကျောင်း သွားခွင့်ရမယ်။ အစ်ကိုက လေးတန်းပြီးရင် ဘာဆက်လုပ်ရမလဲ မသိဘူး” ဟု ဆရာမ တဦးက ရှင်းပြသည်။

ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ကျောင်းခွဲလေးမှ ကလေးများမှာ ထိုင်းကျောင်းသို့ ဆက်လက် တက်ခွင့် ရမည် ဆိုသော်လည်း သူတို့မိဘများက ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်နေသည်။ သူတို့၏ အလုပ်အကိုင်များက အတည်တကျ မရှိ။ ပြီးတော့ သူတို့တွင် မည်သည့် အာမခံချက်မှမရှိ။ ကလေးများကို ကျောင်းပို့၊ ကျောင်းကြို လုပ်ပေးဖို့၊ ဆရာများက တွေ့ချင်လျှင် သွားတွေ့ဖို့ လူတောထဲ ထွက်ပြနိုင်သည့် အနေအထားမရှိ။

ကလေးဆိုတာကတော့ အပူအပင် ကင်းမဲ့လှသည်။ ကစားစရာရှိကစား၊ စားစရာရှိ စားကြမည်သာ ဖြစ်သည်။ အပြန်လမ်းတွင်တော့ “ကျောင်းဆက်မတက်ရတော့ဘူးဆိုရင်လည်း အိမ်မှာပဲနေတော့မယ်” ဟု ပြောနေသော ငြိမ်းချမ်းလှိုင်ကလေး၏ ရိုးသားဖြူစင်သည့် မျက်နှာကလေးကို မြင်ယောင်နေမိသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=719:2009-02-13-12-29-27&catid=2:article&Itemid=14

0 comments: