သီးခြားကမ္ဘာသို့ အလည်တခေါက်

ကျော်စွာမိုး | ခရီးက မိနစ် ၃၀ လောက်သာ သွားရသည်။ ရုတ်တရက် ကျနော့်ကိုယ် ကျနော် သီးခြားကမ္ဘာ တခုသို့ ရောက်ရှိနေပြီဟု ခံစားလိုက်ရ၏။ ကြမ်းတမ်းသော မြေလမ်းတလျှောက် မောင်းနှင်လာသော မော်တော် ဆိုင်ကယ် အိုကလေးပေါ်တွင် လိုက်ပါ သွားရင်း လွင့်တက်လာသည့် ဖုန်မှုန့်များကို နှာခေါင်းစည်းနှင့် ပုဝါက အကာအကွယ် မပေးနိုင်ခဲ့။ ဆိုင်ကယ်က အဆင်းတခါ၊ အတက်တလှည့်၊ တဘက်တွင် တောင်နံရံ၊ တဘက်က လျှောစောက်၊ ၁ ပေသာသာခန့်သာ ရှိသော လူသွားလမ်းကလေးတွင် ကုန်းဆင်းကုန်းတက်များကို မောင်းနှင်နေသဖြင့် ရိုလာကိုစတာ စီးနေရ သည်နှင့်ပင် တူနေသည်။

ကရင်နီဒုက္ခသည်စခန်း အမှတ် - ၁ မြင်ကွင်းများ (ဓာတ်ပုံ - ကျော်စွာမိုး/ဧရာဝတီ)
ကျနော်တို့ကိုတွေ့တော့ ထိုလမ်းကလေးတွင် လျှောက်သွားနေသူများက လမ်းဖယ်ပေးသည်။ ကလေးများ၏ မျက်လုံးများက မော်တော် ဆိုင်ကယ်နှင့် ကျနော်တို့ကို စူးစိုက်ကြည့်နေကြသည်။ တနေ့နေ့ တချိန်ချိန်တွင် သူတို့ သည်လည်း ခုလို မော်တော်ဆိုင်ကယ်မျိုး ဒီလမ်းမှာေ မာင်းနှင်နိုင်ရမည်ဟု စိတ်ကူးယဉ်နေဟန် ရှိ၏။

အသံဆူညံလှသော ဤစက်တပ်ယာဉ် အဟောင်းကလေးက မလျှော့သော ဇွဲလုံ့လဖြင့် တောင်တက် လမ်းတလျှောက် ကျနော့်ကို သယ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် သီးခြားကမ္ဘာတခုသို့ အရောက် ပို့ဆောင်ပေးခဲ့ပြီဖြစ်သည်။

သေးငယ်လှသော တဲကလေးများ စုဝေးတည်ရှိသည့် ဤဒေသတွင် တချို့သော သူတို့က သစ်များ၊ ဝါးများကို သယ်ဆောင်နေသည့် အချိန်၌ တချို့က သူတို့ရရန်ရှိသည့် ခွဲတမ်းကို စောင့်ဆိုင်းနေကြသည်။ ကလေးများ ကတော့ ညစ်ပေသည့် အဝတ်အစားများဖြင့် ခနိုးခနဲ့ ကျောင်းကလေးရှေ့ တလင်းပြင် ကစားကွင်းတွင် ဆော့ကစား နေကြသည်။
လူငယ်၊ လူကြီးအများစုက လုံခြည်များဝတ်ထားကြသည်။ ပြီးတော့ တော်တော်များများ၏ နှုတ်ခမ်းများက ကွမ်းသွေးကြောင့် နီစွေးနေကြသည်။

ထောင်ပေါင်းများစွာသော တဲငယ်တို့မှာ တောင်စောင်းတွင် တည်ရှိနေသဖြင့် ပြင်ပကမ္ဘာနှင့် ခွဲခြားထားသလို ဖြစ်နေသည်။ အခိုင်အမာဆောက်ထားသည့် အိမ်ဟူ၍ တလုံးတလေမျှပင် မတွေ့ရပါ။ မီးမရှိ၊ တယ်လီဖုန်းမရှိ၊ ကတ္တရာလမ်း ကွန်ကရိလမ်း မရှိ၊ မြေလမ်းကြမ်းတွင် မောင်းနှင် သွားလာနေသော မော်တော်ဆိုင်ကယ် အနည်းငယ်ကိုတော့ တွေ့ရသည်။

ကရင်နီဒုက္ခသည် စခန်း အမှတ် - ၁ က ကျနော့်ကို ဆီ်းကြိုသည်။ ထိုနေရာက ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင် နယ်အတွင်းရှိ ဘန့်မိုင်နိုင်စွိုင် ရွာမှ ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

ဒုက္ခသည် စခန်းအတွင်း၌ မြန်မာနိုင်ငံ၊ ကယားပြည်နယ်မှ ထွက်ခွာ လာရသည့် ကရင်နီ တိုင်းရင်းသား ဒုက္ခသည် ၂ သောင်းကျော် နေထိုင်ကြသည်။ ဒုက္ခသည် စခန်း အမှတ် - ၂ တွင် ကရင်နီ မိသားစုပေါင်း ၄ ထောင်ကျော် ရှိသည်ဟု သိရသည်။

ထိုင်း - မြန်မာနယ်စပ်တလျှောက်တွင် တခြားသော ဒုက္ခသည်စခန်း ၈ ခုရှိသေးသည်။ ၎င်း ဒုက္ခသည် စခန်း ၁၀ ခုသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုလောက်ကတည်းက မြန်မာစစ်အစိုးရ၏ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ထွက်ပြေးခဲ့ရသော မြန်မာတိုင်းရင်းသားတို့ခိုလှုံရန် ပေါ်ထွက်ခဲ့ရခြင်း ဖြစ်သည်။ ဒုက္ခသည်စခန်း ၁၀ ခုတွင် ဒုက္ခသည် စုစုပေါင်း ၁၄၈၀၀၀ ကျော် နေထိုင်လျှက် ရှိသည်။

ထိုဒုက္ခသည်များကို ထိုင်း - မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ အန်ဂျီအို အဖွဲ့အစည်း ၁၁ ခုနှင့် တခြားသော အလှူရှင်များက ထောက်ပံ့ပေးလျှက်ရှိသည်။

၂၀၀၇ နှစ်ကုန်ပိုင်းက ကယားပြည်နယ်မှ လူပေါင်း ၈၁၀၀၀ ကျော်မှာ အိုးအိမ်များကို ပစ်ခွာထွက်ပြေးခဲ့ရသည်။ ထိုသူတို့သည် တောတွင်းလုံခြုံရာနှင့် နယ်စပ်တလျှောက်တွင် ပုန်းအောင်းနေထိုင်ကြသောကြောင့် သူတို့ကို ဒေသတွင်း အိုးမဲ့အိမ်မဲ့များ (IDPs) ဟု ခေါ်သည်။ အစိုးရစစ်တပ်နှင့် တိုင်းရင်း သား အတိုက်အခံ ပါတီ တခု ဖြစ်သော ကရင်နီ တိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) တို့၏ တိုက်ပွဲကြောင့် ကရင်နီတိုင်းရင်းသား များမှာ အိုးအိမ်များ စွန့်ခွာ၍ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ကရင်နီတိုင်းရင်းသား ၃ သိန်းကျော်ရှိသည့်အနက် ၃၀ ရာခိုင်နှုန်းမှာ ဒုက္ခသည်များနှင့် IDPs များ ဖြစ်နေကြ ရသည်။ ယနေ့ IDPs ဖြစ်နေသူများမှာ မနက်ဖြန်တွင် ဒုက္ခသည်များ ဖြစ်လာနိုင်ပါသည်။ ဤဒုက္ခသည် စခန်း - ၁ အနေနှင့် မကြာတော့သည့် အနာဂတ်တွင် တခြားသော ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကဲ့သို့ လူဦးရေ တိုးပွားလာမည့်အရေးအတွက် ကြိုတင် ပြင်ဆင်ထားရဖွယ်ရှိသည်။

ကျနော်ရောက်သွားသည့် စခန်းအမှတ် - ၁ အတွင်းရှိ ဒုက္ခသည်အားလုံးလိုလိုတွင် ရင်နာဖွယ် တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းများ ရှိနေကြသည်။

ကျောင်းဆရာတယောက်က သူ့ညီဖြစ်သူကို မြန်မာစစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး အသေသတ်ခဲ့သည့် အကြောင်း ကျနော့်ကိုပြောပြသည်။ သူ့ညီမှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလက ဤစခန်းတွင် နေထိုင်သည့် သူရှိရာ သို့ လာရောက် လည်ပတ်ခဲ့ပြီး မကြာမီ အသတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ မိသားစု သူ့ကို ဆုံးရှုံးလိုက်ရတယ်။ ကျနော့်ညီအတွက် ကျနော် သိပ်ကို ဝမ်းနည်းရပါတယ်” ဟု ကျောင်းဆရာက တိုးတိတ်ကြေကွဲစွာ ပြောသည်။

စခန်းတွင်းရှိ အသက် ၂၀ ဝန်းကျင် အရွယ်လူငယ်အများစုမှာ သူတို့နေထိုင်ရာ စခန်းအပြင် တခြားသော ပြင်ပကမ္ဘာအကြောင်းကို မသိကြ။ အဲဒီစခန်းကသာ သူတို့၏ ကမ္ဘာလောကဖြစ်သည်။ သူတို့အားလုံး အဲဒီစခန်းမှာပဲမွေးကာ အဲဒီမှာပဲ ကြီးပျင်းကြသည်။ ပြီးတော့ အဲဒီမှာပဲ ပညာသင်ကာ အဲဒီစခန်းထဲမှာပင် အိမ်ရာ ထူထောင်ကြသည်။ တချို့ကတော့ စခန်းအဝင်တံခါးမှ ကျော်လွန်ကာ ပြင်ပရှိ ထိုင်းနိုင်ငံ မြို့တချို့ကို ရောက်ဖူးကြသည်။

ကရင်နီတပ်သားတဦး၏ သမီးဖြစ်သူ ကေမာလ်မှာ အသက် ၂၃ နှစ်ရှိပြီဖြစ်သည်။ သူ့ကို တောထဲမှာပင် မွေးဖွားခဲ့သည်။ သူက သူ့မိခင်ဒေသကို စိတ်မှန်းဖြင့်ပင် ဖော်ပြနိုင်ခြင်းမရှိပေ။ “ကျမ သံလွင်မြစ်ကိုတောင် တခါမှ မမြင်ဖူးဘူး” ဟု သူကပြောသည်။

သူ့မိခင်ဒေသကို မြင်ရဖို့မျှော်လင့်ချက်ကတော့ မှေးမှိန်လှ၏။ ကေမာလ်၏ ရည်ရွယ်ချက်က အမေရိကန် နိုင်ငံတွင် ပြောင်းရွှေ့ အခြေချရန်ဖြစ်သည်။

တခြားသော ဒုက္ခသည်များ၏ ရည်ရွယ်ချက်ကလည်း သူနှင့် အတူတူပင်ဖြစ်သည်။ သူတို့ စခန်း - ၁ ထဲရှိ ဒုက္ခသည် ၂ သောင်းအနက် ၅၀၀ သာအနောက်နိုင်ငံများတွင် အခြေကျပြီးဖြစ်၏။ အနှစ် ၂၀ နီးပါး စခန်းတွင် နေထိုင်လျှက်ရှိသည့် ကျန် ဒုက္ခသည်များမှာ သူတို့အလှည့် ရောက်လာမည့် အရေးကို မျှော်လင့်တကြီး စောင့်ဆိုင်းနေရသည်။

ကျနော်အဲဒီစခန်းက ပြန်ထွက်လာတော့ ညနေခင်းနေရောင်အောက်တွင် ခြင်းလုံး ခတ်သူခတ်၊ ဘောလုံးကန်သူကန်ဖြင့် ပျော်ရွှင် နေကြသော လူငယ်များကို တွေ့ရသည်။ ကြမ်းတမ်းသော လမ်းကိုဖြတ်ကာ သက်သောင့်သက်သာရှိလှသော မယ်ဟောင်ဆောင် သို့ပြန်နေရသည့် ကျနော့်အတွေးထဲတွင်တော့ မေးခွန်းပေါင်းများစွာက နေရာယူနေသည်။

ပုံမှန်ဘဝများကို ရဖို့ သူတို့ ဘယ်လောက်ကြာကြာ စောင့်ကြရမလဲ၊ ဒီ ဒုက္ခသည် စခန်းတွေ ကကော ဘယ်လောက်ကြာကြာ တည်ရှိ နေမှာလဲ။ ဘယ်လောက်ကြာကြာ ...။

ဘယ်လောက်ကြာကြာလဲ ဟူသည့်မေးခွန်းအတွက် “အုပ်ချုပ်သူ စစ်ခေါင်းဆောင်တို့က ပြည်သူလူထုကို ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်းငြိမ်း ချမ်းချမ်းနှင့် လွတ်လပ်စွာ နေထိုင်ခွင့် ဘယ်တော့ပေးမှာလဲ” ဟူ၍ မေးခွန်းပြန်ထုတ် ရမည်ဖြစ်ပါသည်။

ကျော်စွာမိုးရေးသားသည့် A Journey to another World ကို ဆီလျှော်အောင် ပြန်ဆိုသည်။

souece by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=699:2009-02-10-12-04-28&catid=2:article&Itemid=14

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form