ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဆောင်းပါး မိုးမခ သန်းစိုးလှိုင် | "သတင်းရေးသူတွေဟာ ပြင်ပမီဒီယာနဲ့ ဆက်သွယ်တာဟာ နိုင်ငံရေးလုပ်တာလည်း မဟုတ်သလို အစိုးရ ဆန့်ကျင်ရေး လုပ်တာလည်း မဟုတ်ပါဘူး။ သတင်းသမားရဲ့ သဘာဝအတိုင်း တင်းကျပ်လွန်းတဲ့ စိစစ်ရေး မူဝါဒကြောင့် ဖေါ်ပြခွင့်ရှိတဲ့ နေရာမှာ ဖေါ်ပြဖို့ကြိုးစားကြတာပါ။"

မကြာသေးသောကာလမှ စတင်ကာ ဖွံ့ဖြိုးလာတဲ့ မြန်မာပုံနှိပ်သတင်း မီဒီယာလောကဟာ အခုဆို အရှိန်ရနေပြီ လို့ပြောလို့ရပါတယ်။ နေ့စဉ် သတင်းစာလိုမျိုး ထုတ်ခွင့်ရှိရင်တောင် ထုတ်ဝေနိုင်တဲ့ ဂျာနယ်တိုက် တွေ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ နေ့စဉ် သတင်းစာအနေနဲ့ လုပ်ကိုင်ခွင့်အတွက် လက်ရှိ စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်မှု တွေကို အများကြီး ပြောင်းလဲ လျှော့ပေါ့မှသာ နေ့စဉ် သတင်းစာ အကောင် အထည် ပေါ်နိုင်မှာပါ။ လွန်ခဲ့တဲ့ နှစ်ကတောင် ဂျာနယ် တိုက်ကြီးနှစ်ခုကို နေ့စဉ်သတင်းစာ ထုတ်ခွင့် ပေးမယ် ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ထုတ်ဝေခွင့်ပြုပြီးမှ သတင်းမီဒီယာရဲ့ စီးဆင်းမှုကို ချုပ်ကိုင်ဖို့ ခက်ခဲသွားမှာ၊ ပြန်ရုပ်သိမ်းရင် လည်းပဲ သိက္ခာကျစရာတွေ ဖြစ်လာမှာမို့ ခွင့်မပြုခဲ့ပါဘူး။

အခုလည်း လူအင်အား၊ ငွေအင်အား ရှိတဲ့ ဂျာနယ်တိုက်တတိုက်ဟာ တပတ်မှာ ဂျာနယ် ၂စောင်၃စောင် ထုတ်နေတာမို့ တပတ်မှာ ၇စောင်ထုတ်ရင် သတင်းစာ ဖြစ်ရောပေါ့လို့ လွယ်လွယ် ကောက်ချက်ချသံတချို့ ကြားဖူးပါတယ်။ နေ့စဉ်သတင်းစာနဲ့ တစ်ပတ်တစ်စောင် ထုတ်ရတဲ့ ဂျာနယ် ၇စောင်နဲ့က သတင်း လတ်ဆတ် ပုံချင်း ကွာပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ချင်းတိုင်းက သတင်းတွေဟာ အနည်းဆုံး ၂ရက် ၃ရက်ကနေ ၇ရက်ထိ စောင့်ပြီး ထည့်ရတဲ့ သတင်းတွေ ဖြစ်နေပြီး နေ့စဉ်သတင်းစာဆိုရင်တော့ သတင်း တစ်ပုဒ်ဟာ ၂၄နာရီထက် ပိုပြီးစောင့်စရာမလိုတဲ့အတွက် ပိုပြီးလတ်ဆတ်ပါတယ်။

စစ်အစိုးရက ပုဂ္ဂလိက သတင်းဂျာနယ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ၀န်းကျင်ကာလအတွင်း ထုတ်ဝေခွင့် ပေးခဲ့ပြီး ယခုနေမှာ သတင်းမီဒီယာတွေဟာ သူတို့ထင်ထားတဲ့အတိုင်း လိုသလို ထိန်းချုပ်လို့ မရဘဲ၊ မီဒီယာရဲ့ သဘာဝအတိုင်း လွတ်လပ်မျှတမှုကို တောင်းဆိုလာပြီး အဲဒီလို အခြေအနေမျိုး မရတောင်မှ သွယ်ဝိုက်တဲ့နည်း နဲ့ စာဖတ်သူတွေဆီ အဖြစ်အပျက်မှန် အခြေအနေမှန် တင်ပြဖို့ ကြိုးစားလာကြပါတယ်။

ပိုင်ရှင်တွေကတော့ သူတို့ရဲ့ ငွေကြေးမြှုပ်နှံမှုကို ထိခိုက်မှာ စိုးရိမ်လို့ အစိုးရရဲ့ ငြိုငြင်မှုကို မခံလိုကြပါဘူး။ သတင်းထောက်တွေနဲ့ တခါတရံ အယ်ဒီတာတွေက စွန့်စွန့်စားစား သွားရောက် ရယူထားတဲ့ သတင်းတွေကို စာဖတ်ပရိတ်သတ်ဆီ တနည်းနည်းနဲ့ အရောက်ပို့ချင်ကြတာ သဘာဝပါ။

ဒီသဘာဝတရားကို ရှေ့ကနေ ပိတ်ဆို့တားဆီးနေတာကတော့ စစ်အစိုးရရဲ့ စာပေစိစစ်ရေးဌာနပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မကြာခဏဆိုသလို ခွင့်မပြုတဲ့ သတင်းထည့်လို့၊ ခွင့်မပြုတဲ့ သတင်းဓာတ်ပုံဖေါ်ပြလို့ ဆိုပြီး ဂျာနယ်တွေ ခဏနားခံရတာ၊ အယ်ဒီတာ နှုတ်ထွက်ပေးရတာတွေ မကြာမကြာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သတင်းထောက် အဖမ်းခံရတာမျိုးတော့ တကြိမ်မှ မဖြစ်ပွားခဲ့ပါ။

ထိန်းချုပ်ဖို့ခက်ခဲလာတဲ့ သတင်းစီးဆင်းမှု

ပြီးခဲ့တဲ့ သြဂုတ်လအကုန် စက်တင်ဘာလဆန်းမှာတော့ သင်္ဃန်းကျွန်းမြို့နယ်က လူသတ်မှု သတင်းရေးတဲ့ ဖလားဝါးစ် နယူးစ် ဂျာနယ်က သတင်းထောက် စောမြင့်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ သတင်းရေးတဲ့ အတွက် ပထမဆုံး အဖမ်းခံရတဲ့ သတင်းထောက်လို့ ဆိုနိုင်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်း ကတော့ လူသတ်မှုသတင်း ဂျာနယ်မှာ ဖေါ်ပြပြီးနောက် ရန်ကုန်တိုင်းရဲက ကိုစောမြင့်သန်းကို ခေါ်ပြီး အခုဖေါ်ပြတဲ့ သတင်းကြောင့် အထက်က လူကြီး အရမ်း စိတ်ဆိုးနေတယ်၊ ခင်ဗျားတို့ကို ဖမ်းလို့ရတယ်၊ ဂျာနယ်တိုက်ကို ပိတ်အောင်လည်း အရေးယူလို့ရတယ်၊ စီးပွားပျက်အောင် လုပ်လို့ရတယ်ဆိုတဲ့ စကားလုံး အသုံးအနှုန်းတွေ သုံးပြီး ကြိမ်းမောင်း ပါတယ်။ အဲဒီလို ကြိမ်းမောင်းတဲ့ အကြောင်းကို အဲဒီနေ့ညနေမှာ ချင်းမိုင် အခြေစိုက် ဧရာဝတီ သတင်း ၀က်ဘ်ဆိုက်မှာ သတင်းပါရှိလာလို့ ရန်ကုန်တိုင်းရဲက အဲဒီကိစ္စကို အကြီးအကျယ် စိတ်ဆိုးပြီး ပြည်ပကို သတင်းပို့မှုနဲ့ ရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးသူတွေကတော့ ကိုစောမြင့်သန်း ဧရာဝတီ သတင်းဌာနဆီ သတင်းပေးပို့တယ် ဆိုတဲ့ အထောက် အထား တခုမှ မထုတ်ပြနိုင်ပါဘူး။

ကိုစောမြင့်သန်းက ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေကြားတာ၊ ဒါမှမဟုတ် အင်တာနက်ကတဆင့် ဆက်သွယ် တာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားလည်း တခုမှ မရှိပါဘူး။ သက်ဆိုင်ရာ သတင်းဌာန ဖြစ်တဲ့ ဧရာဝတီ သတင်းဌာနကလည်း ကိုစောမြင့်သန်းဟာ သူတို့သတင်းဌာနနဲ့ ဆက်စပ်မှု မရှိကြောင်း သတင်းထဲမှာ ထုတ်ပြော ထားပြီး ဖြစ်ပါတယ်။

စင်စစ်တော့ ရဲတွေကလည်း စောမြင့်သန်း သတင်းပို့တာ မဟုတ်မှန်း သိပါတယ်။ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာကို မဖေါ်ထုတ်နိုင်တော့ ဖမ်းလို့ရတဲ့သူကို ဖမ်းလိုက်တာပါ။ ကိုစောမြင့်သန်းက ဓားစာခံ အဖြစ်ခံရတဲ့သဘော သက်ရောက်ပါတယ်။

နောက်တချက်ကတော့ ဒီကိစ္စကို အထက်လူကြီး (ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကျေနပ်ဖို့ အရေးယူတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြည်ပသတင်းမီဒီယာတွေနဲ့ ဆက်သွယ်တာကို ပြင်းပြင်းထန်ထန်အရေးယူမယ် ဆိုတဲ့ စကားကို သတင်းမီဒီယာကသူတွေဆီ သိစေချင်တဲ့ ရည်ရွယ်ချက်ဆိုတာ ထင်ရှားပါတယ်။ အရပ်စကားနဲ့ ပြောရင်တော့ စံပြအရေးယူတယ်ဆိုတဲ့ သဘောပါ။ ကိစ္စတခုနဲ့ တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ မဆိုင်သည် ဖြစ်စေ နီးစပ်တဲ့သူကို အရေးယူအပြစ်ပေးပြီး ကျန်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်လိုတဲ့ဟာမျိုးကို ပြည်တွင်း မှာတော့ စံပြအနေနဲ့ အပြစ်ပေးခံရတယ်လို့ ဆိုကြပါတယ်။

သတင်းထောက်နဲ့ သတင်းအမှန် ဖေါ်ပြခွင့်

သတင်းထောက်တွေ ပိုပြီး နိုးကြားလာတာ၊ ပိုပြီးပွင့်လင်းလာတာဟာ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာ့တော်လှန်ရေး နဲ့ နာဂစ်မုန်တိုင်း အဖြစ်အပျက်တို့ရဲ့ အကျိုးသက်ရောက်မှု အများကြီး ပါတယ်လို့ သတင်းမီဒီယာလောကသားတွေက ကောက်ချက်ချကြပါတယ်။ အဆိုပါ သမိုင်းဝင် အဖြစ်အပျက် တွေက သတင်းထောက်တွေ၊ သတင်းအယ်ဒီတာတွေကို လှုပ်နှိုးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်တွေ မတိုင်မီက သတင်းထောက်တွေဟာ အစိုးရ၀န်ကြီးဌာန ရုံးတွေနဲ့ ကုန်သည်ကြီးများ အသင်း၊ ငါးလုပ်ငန်းအသင်း စတဲ့ နေရာတွေကိုသာ ပုံမှန်ဝင်ထွက်သွားလာပြီး သတင်းရေးသား ခဲ့ကြပါတယ်။

စက်တင်ဘာ အရေးအခင်း ဖြစ်ပျက်တဲ့ အချိန်မှာ ဒီလောက် လူတွေ စိတ်ဝင်စားတဲ့ သတင်း၊ အဖြစ်အပျက်ကို ဘာကြောင့် ရေးသားခွင့် ဖေါ်ပြခွင့် မရသလဲ ဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။ နိုင်ငံရေး အသိအမြင် များလည်း နိုးကြားလာပါတယ်။

အလုပ်ရှင် ဂျာနယ်တိုက်ပိုင်ရှင်တွေက စက်တင်ဘာ အရေးအခင်းနဲ့ တစုံတရာ အရေးယူခံရရင် မိမိဘာသာ တာဝန်ယူ ဖြေရှင်းဆိုတဲ့ သဘောမျိုး ပြောဆိုပေမယ့်လည်း စက်တင်ဘာ အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ လိုက်လံကြည့်ရှုပြီး ပြည်တွင်းကသာမက ပြည်ပနိုင်ငံအသီးသီးကပါ အဖြစ်အပျက်တွေကို သိရှိအောင် တတ်နိုင် သလောက် တင်ပြခဲ့ကြပါတယ်။

တဖန် ယခုနှစ် မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ရဲ့ အဖြစ်အပျက်တွေကိုလည်း မီဒီယာသမားတွေ တာဝန်ကျေအောင် တင်ပြခဲ့ကြပါတယ်။ မုန်တိုင်း ဖြစ်ခါစ တစ်ပတ်ဝန်းကျင်လောက် ပြည်တွင်းဂျာနယ်တွေမှာ ရုပ်ပုံရော သတင်းပါ အတိုင်းအတာတခုအထိ ဖေါ်ပြခွင့် ရရှိခဲ့ပြီးနောက်မှာတော့ စိစစ်ရေးက တင်းတင်း ကြပ်ကြပ် ကိုင်တွယ် ဖြတ်တောက်ခဲ့ပါတယ်။ အဲဒီလို အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့တဲ့ ပြည်တွင်း မီဒီယာ သမားတွေဟာ အတော်လေး အတွေ့အကြုံရင့်ကျက်လာတယ်လို့ ဆိုနိုင်ပါတယ်။

စစ်အစိုးရရဲ့ မထင်မှတ်ထားတဲ့ အကျိုးဆက်

စစ်အစိုးရကလည်း ပြည်တွင်းမီဒီယာ သမားတွေကို သူတို့ ကောင်းကောင်း ထိန်းချုပ် ကိုင်တွယ် နိုင်တယ်လို့ ယူဆထားခဲ့တာ လျှော့တွက်ရာရောက်ခဲ့မှန်း အခုတော့ သဘောပေါက်စ ပြုပါပြီ။ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ဆီ ပြောင်းပြီး မကြာမီ ၂၀၀၅၊ ၂၀၀၆ ခုနှစ် ၀န်းကျင်မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပုဂ္ဂလိက သတင်းဂျာနယ် လိုင်စင် ဒါဇင်နဲ့ချီပြီး ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာကို ပုဂ္ဂလိကမီဒီယာတွေ မြန်မာပြည်မှာ ရှိတယ် ဆိုတာကို ပြချင်တာရယ်၊ အခြားတဘက်မှာလည်း အစိုးရရဲ့ သတင်းစာနဲ့ တီဗွီကို ဘယ်သူမှ အဖက်လုပ်ပြီး မကြည့်ကြလို့ ပုဂ္ဂလိကမီဒီယာကိုခွင့်ပြုပြီး အဲဒီမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချက်တွေကို အခမဲ့၊ မထည့်မနေရနဲ့ ထည့်သွင်းနိုင်မယ်လို့ တွက်ဆပြီး ခွင့်ပြုခဲ့တာပါ။

သူတို့မျှော်လင့်ထားတဲ့ အချက်တွေကို လုပ်ဆောင်လို့ ရသလောက် ရပေမယ့်လည်း အခြားတဘက်မှာ သူတို့ ထိန်းချုပ်လို့မရတဲ့ သတင်းစီးဆင်းမှုရဲ့ ရလဒ်ကို ယခုတော့ မျက်မြင်တွေ့ရှိနေရပါပြီ။

တိုးတက်လာတဲ့ သတင်းနဲ့ ပြန်ကြားရေး နည်းပညာဟာ မြန်မာပြည်ကိုလည်း အနည်းဆုံးအတိုင်းအတာနဲ့တော့ ရိုက်ခတ်လာပါတယ်။ အင်တာနက်၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဂြိုဟ်တု ဆက်သွယ်ရေး တွေဟာ အခုမျက်မှောက်ခေတ်ရဲ့ မီဒီယာကို များစွာ အကျိုးပြုပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ မော်လမြိုင်၊ ကော့သောင်း၊ မူဆယ်မှာ ဒီနေ့ဖြစ်ပျက်တဲ့ သတင်းကို ဒီနေ့မှာတင် စာသားဖြစ်စေ၊ ရုပ်ပုံဖြစ်စေ၊ အသံနဲ့ဖြစ်စေ ကမ္ဘာက သိနိုင်ပါပြီ။

စစ်အစိုးရနဲ့ မီဒီယာလုပ်ငန်းရှင်တွေက ပုဂ္ဂလိက သတင်းမီဒီယာတွေကို ရည်ရွယ်ချက်အသီးသီးနဲ့ ထူထောင်ခဲ့ပါတယ်။ သူတို့ ထူထောင်ခဲ့တဲ့ ပုဂ္ဂလိက သတင်းမီဒီယာဟာ သူတို့ ပဲ့ကိုင်ချင်သလို ကိုင်လို့ မရဘဲ မီဒီယာရဲ့ သဘာဝအတိုင်း သူ့လမ်းကြောင်းကိုသူလျှောက်ဖို့ ကြိုးစားတာကို ယခုအဖြစ် အပျက်တွေက သက်သေပြနေပါတယ်။

သတင်းရေးသူတွေဟာ ပြင်ပမီဒီယာနဲ့ ဆက်သွယ်တာဟာ နိုင်ငံရေးလုပ်တာလည်း မဟုတ်သလို အစိုးရ ဆန့်ကျင်ရေး လုပ်တာလည်း မဟုတ်ပါဘူး။ သတင်းသမားရဲ့ သဘာဝအတိုင်း တင်းကျပ်လွန်းတဲ့ စိစစ်ရေး မူဝါဒကြောင့် ဖေါ်ပြခွင့်ရှိတဲ့ နေရာမှာ ဖေါ်ပြဖို့ကြိုးစားကြတာပါ။ စစ်အစိုးရစွပ်စွဲသလို သတင်း ရောင်းစား တာလည်း မဟုတ်။ သတင်းရဲ့ ပင်ကိုယ်သဘာဝ၊ သတင်းသမားရဲ့ ပင်ကိုယ်သဘာဝအရ လွတ်လပ်မှု နဲ့ အများအကျိုး ဆောင်ရွက်လိုမှုတွေကြောင့် အန္တရာယ်ကြားကနေ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။

0 comments: