ပြည်ခိုင်ဖြိုး ဝါဒဖြန့်ချိရာ နေရာဖြစ်လာသော ဓမ္မာရုံများ

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အချို့သည် သာသနိကအဆောက်အအုံများကို ၎င်းတို့ပါတီ၏ ဝါဒဖြန့်ချိရေးနှင့် စုဝေးဟောပြောရာ နေရာများအဖြစ် အသုံးပြုနေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့သည့် USDP က အောက်ခြေပါတီဝင်များကို ပြန်လည်စုစည်းနေပြီး အင်အားတောင့်တင်းရန်အတွက် နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်နေသည်။

ထိုလှုပ်ရှားမှုများထဲတွင် မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် ပါတီဝင်များအကြား စုရုံးဆွေးနွေးမှုများလည်း အပါအဝင်ဖြစ်သည်။ အရှိန်မြှင့်လာသည့် ပါတီလှုပ်ရှားမှုများနှင့်အတူ ဓမ္မာရုံအချို့သည် USDP ပါတီဝင်များ စုဝေးဟောပြောရန်အတွက် အဓိကျသည့်နေရာများ ဖြစ်လာခဲ့သည်။
ပြိုင်ဘက်နိုင်ငံရေးအင်အားစုများနှင့် သတင်းဌာနများကို ဝေဖန်တိုက်ခိုက်ခြင်း၊ ပါတီဝင်များမှတ်ပုံတင်ခြင်း၊ စစ်တပ်အာဏာသိမ်းသည်ကို ထောက်ခံဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲစနစ်အကြောင်း ဟောပြောခြင်းတို့အတွက် တွေ့ဆုံကြခြင်း ဖြစ်သည်။ ၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၃ မေအထိ မန္တလေးတိုင်း USDP ပါတီဝင်များသည် ဓမ္မာရုံ ၁၀ ခုနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းတို့ကို အသုံးပြုပြီး လှုပ်ရှားခဲ့ကြောင်း မြို့နယ်အဆင့်အမှုဆောင်အဖွဲ့ Facebook များနှင့် ပါတီ၏ အင်တာနက်စာမျက်နှာတို့တွင် တွေ့ရသည်။ နေရာဒေသများမှာ မိတ္ထီလာမြို့နယ် သုံးအိုင်၊ ရှမ်းတဲ၊ မလှိုင်မြို့နယ် အုပ်ကြီး၊ ထမ္မကြီး၊ မြစ်သားမြို့နယ် ကျားမှီးဆွဲ၊ ချင်းရွာ၊ ပျော်ဘွယ်မြို့နယ် မင်းလမ်းတောင်၊ ရမည်းသင်းမြို့နယ် ဝါးတီး၊ စဉ့်ကိုင်မြို့နယ် ဥယျာဉ်ကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား၊ ကျောက်ဆည်မြို့နယ် ဇီးပင်ဝန်းတို့ဖြစ်သည်။ “ပြည့်မဏ္ဍိုင်ကဏ္ဍလှုပ်ရှားမှု” ဟု ခေါင်းစဉ်တပ်သည့် အဆိုပါဆွေးနွေးပွဲများကို မန္တလေးတိုင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဦးဆောင်သည်။ သူသည် ဗိုလ်မှူးကြီးဟောင်းဖြစ်ပြီး USDP ပါတီ အာဏာရချိန် ၂၀၁၁-၂၀၁၅ အတွင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူဖူးသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ဥက္ကဋ္ဌရာထူးမှ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေး ဖယ်ရှားခံရကာ ရဲချုပ်ဟောင်း ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာချိန်တွင် ဦးအောင်ကျော်မိုးသည် ပါတီဗဟိုအလုပ်အမှုဆောင်နှင့် မန္တလေးတိုင်း ပါတီဥက္ကဋ္ဌ ဖြစ်လာသည်။
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ချောင်းညီကိုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၂၀၂၃ ဧပြီ ၂၃ က ပြုလုပ်သည့် USDP ပါတီ တွေ့ဆုံပွဲ။ (ဓာတ်ပုံ- USDP)
NLD အပြတ်အသတ်ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ချိန်တွင် မဲရလဒ်ကို လက်မခံဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်ကြောင်း ကျယ်ကျယ်လောင်လောင် ပြောသူများထဲတွင် ဦးအောင်ကျော်မိုးလည်း ထိပ်ဆုံးက ပါဝင်သည်။ မန္တလေးတိုင်း နယ်လုံဝန်ကြီးအဖြစ် တိုင်းခန်းလှည့်လည်ချိန်နှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မန္တလေးတိုင်းလွှတ်တော် မိတ္ထီလာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အမတ်လောင်းအဖြစ် မဲဆွယ်ချိန်များအတွင်း သွားရောက်လေ့ရှိသည့် မိတ္ထီလာမြို့နယ်မှ ကျေးရွာများသို့ ပြီးခဲ့သည့် ဧပြီနှင့် မေလများအတွင်း ဦးအောင်ကျော်မိုး ထပ်မံသွားရောက်ခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form