ဆွစ်ဇာလန်နိုင်ငံ
ဂျနီဗာမှာ မနေ့က ကျင်းပသွားတဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်
အစည်းအဝေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတဲ့
စီးပွားရေးနဲ့ဖွံ့ဖြိုးရေး မိန့်ခွန်းကောတ်နှုတ်ချက်တွေကို
အဓိကထား တင်ပြထားပါတယ်။
လူမှု ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီနဲ့ သဟဇာတဖြစ်မယ့် ဖွံ့ဖြိုးရေးပေါ်လစီတွေရှိမှပဲ မြန်မာပြည်ဟာ အပေါင်းလက္ခဏာ အောင်မြင်မှုတွေနဲ့ ကမ္ဘာ့မြေပုံပေါ်ကို တကျော့ပြန် ရောက်လာ နိုင်မယ်လို့ ပြောသွားပါတယ်။
တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ သာမန်လူထုရဲ့ ဘဝတွေအပေါ် ကောင်းကျိုးသက်ရောက်မှုတွေ ရှိတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဦးစားပေး ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တချို့
“နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း မဖြည့်ဆည်းနိုင်၊ အကြောက်တရားကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ မကြွေးကြော်နိုင်ပါဘူး။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ၊ တိုင်းရင်းသားပဋိပက္ခတွေကို မဖြေရှင်းနိုင်မချင်း၊ ဒီလို အခြေခံ လိုအပ်ချက်တွေကိုမှ မဖြည့်ဆည်းပေးနိုင်ရင် ကျန်းမာသန်စွမ်းတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အခြေခံတွေကို မတည်ဆောက်နိုင်ပါဘူး။
အလုပ်အကိုင် ဖန်တီးပေးမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမျိုးကို ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဥပဒေ လုပ်ထုံးလုပ်နည်း တွေကိုတော့ လေးစားလိုက်နာဖို့ လိုပါတယ်။ အလုပ်သမား စံချိန်စံညွှန်းတွေ၊ သဘာဝပတ်ဝန်းကျင်အပေါ်မှာ တာဝန်ယူမှုတွေကို နိုင်ငံတကာမှာ လက်ခံထားတဲ့ စံချိန်စံနှုန်းအတိုင်း လိုက်နာကြဖို့ လိုပါတယ်။
မြန်မာလူငယ်တွေဟာ တိုင်းပြည်မှာ ထိုက်တန်တဲ့ နေရာရဖို့ အခြေခံပညာရေးတွေ ကို မသင်ခဲ့ရပါဘူး။ ဒါကြောင့် ပညာရေးစနစ်ကို တိုးတက်လာအောင်လုပ်ဖို့ လိုအပ်နေ ပါတယ်။ အလုပ်အကိုင်ဖန်တီးမှုနဲ့ ချိတ်ဆက်ထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာ သင်တန်းတွေ လိုအပ်ပါတယ်။”
ဒီမိန့်ခွန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE)နဲ့ အလုပ်တွဲမလုပ်ကြဖို့၊ နိုင်ငံတကာအစိုးရတွေကတဆင့် ကုမ္ပဏီတွေကို တိုက်တွန်းသွားပါတယ်။
မြန်မာပြည်မှာ ရေနံနဲ့ဓာတ်ငွေ့လို သဘာဝအရင်းအမြစ်တွေကို ထုတ်ယူတဲ့ စီးပွားရေးကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “ပွင့်လင်းမြင်သာမှုကို အရေးကြီးသလိုပဲ စည်းမျဉ်းစည်းကမ်းတွေ ကောင်းမွန်ဖို့ လိုအပ်ပါတယ်လို့လည်း ပြောသွားပါတယ်။
ဒီလိုမျိုး အရင်းအမြစ်တွေကို ထုတ်ယူတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး ပြန်သွားတတ်တာနဲ့ တခြား လုပ်ငန်းတွေလိုမျိုး အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ဘူး။ ဒါကြောင့် ကျမတို့ သတိနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ့အနေနဲ့ မြန်မာပြည်မှာ ပြည့်စုံပြီး ထိရောက်တဲ့ စွမ်းအင်ပေါ်လစီ ရှိစေချင်တယ်။ ကြွယ်ဝတဲ့ စွမ်းအင်အရင်းအမြစ်တွေ ကုန်ခမ်းသွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါတွေဟာ စွမ်းအင်ထုတ်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာပြည် ဝင်လာဖို့ ဖိတ်ခေါ်တာနဲ့ ဆက်စပ်နေတာကြောင့် သတိထားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။”
မိန့်ခွန်းထဲမှာပါတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွံ့ဖြိုးရေးအယူအဆတွေနဲ့ ပတ်သက်လို့
ဖွံ့ဖြိုးရေးအကြောင်း စာအုပ်စာတမ်းတွေ ရေးသားနေတဲ့
ကိုဇော်မင်းရဲ့ အမြင်ကို မေးမြန်းထားပါတယ်။
ပွင့်လင်းမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုလို၊ တရားဥပဒေစိုးမိုးမှုလိုမျိုး သူပြောသွားတာတွေတော့ အများကြီးရှိတယ်။ အဲဒီထဲမှာ ကျနော် နည်းနည်း သတိထားမိတာက democracy friendly development တို့လို့၊ နောက် democracy friendly development policy၊ democracy friendly investmentလို့ သူသုံးသွားတယ်။ ကျနော့် စိတ်ထဲမှာ ဒီဟာ ဖွံ့ဖြိုးရေး ဘာသာရပ်၊ စီးပွားရေးစကားလုံး အသစ်လို့ ကျနော်ထင်တယ်။ ကိုဇော်မင်း ဘယ်လို သဘောရလဲ။
“တင်စားပြီးပြောတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဆိုလိုတာက ဘယ်အလုပ်တွေလုပ်လုပ် စီးပွားရေးဖွံ့ဖြိုးမှုကိုပဲ ဦးတည်ဦးတည်၊ နိုင်ငံရေးတိုးတက် ဖွံ့ဖြိုးမှုကိုပဲ ဦးတည်ဦးတည် ဒီမိုကရေစီကနေပြီးတော့ သွေဖည်မသွားဖို့အတွက်၊ ဒီမိုကရေစီနဲ့ နီးကပ်ဖို့အတွက်၊ ဒီမိုကရေစီနဲ့ အမြဲတမ်း ပူးကပ်နေဖို့အတွက် ဒါ သတိပေးတဲ့ အသုံးအနှုန်းလို့ ကျနော်မြင်ပါတယ်။”
ဘယ်လို စိုးရိမ်သောကတွေများ ရှိနိုင်မလဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ခုနကလို ဒီမိုကရေစီကို သွေဖည်သွားတာမျိုးတွေမှာ သူ စိုးရိမ်သောကတွေများ ရှိနေမလား။ ကိုဇော်မင်း ဘယ်လိုသုံးသပ်လဲ။
“ဒီမိုကရေစီကို သွေဖည်တာထက် ဥပမာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် တဦး၊ နှစ်ဦး၊ သုံးဦးလောက်နေ တချို့ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပြီးတော့ တချို့ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို တခါတည်း အလုံးလိုက် အရင်းလိုက် ခွင့်ပြုလိုက်မှာမျိုးဆိုရင် ဒါမျိုးကို သူစိုးရိမ်တယ်လို့ ကျနော် မြင်တယ် ဒေါ်စုအနေနဲ့က။
ဒါကြောင့်မို့လို့ ဆုံးဖြတ်ချက်တခုခု ချတော့မယ်ဆိုလို့ရှိရင် ဒီမိုကရေစီနည်းအရ အစိုးရထဲမှာ ဒါတွေကို တိုင်ပင်။ ဒီမိုကရေစီနည်းအရ အဲဒီ ရင်းနှီးမြှုပ်နှံမယ့် နေရာမှာ ရှိတဲ့ ဒေသခံ လူထုတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို စုစည်း သူတို့ရဲ့ အမြင်တွေ တောင်းခံ။ အဲဒီလို ဒီမိုကရေစီ နည်းကျကျ လုပ်ပြီးမှ ဒီရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာ အကျိုးရှိတယ် မရှိတယ်ဆိုပြီး လက်ခံတဲ့၊ လက်ခံပါဆိုတာမျိုး ပြောတယ်လို့ ကျနော် မြင်ပါတယ်။”
မနေ့က ဒေါ်စု မိန့်ခွန်းမှာဆိုရင် ထိုင်းမှာပြောသွားတဲ့ မိန့်ခွန်းပြီးရင်တော့ ဒါ ဘာပဲပြောပြော နိုင်ငံတကာက တကယ့် ဝန်ကြီးအဆင့်ပေါ့လေ အလုပ်သမားဝန်ကြီး အဆင့်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းလို့ ပြောရမှာပေါ့ဗျာ။ ဒီ မိန့်ခွန်းအပေါ်မှာ ကိုဇော်မင်း တစုံလုံး ဘယ်လိုသဘောရလဲ၊ ဘယ်လောက် သမိုင်းဝင်တယ်လို့ ပြောလို့ ရမလဲ။
“သမိုင်းဝင်တယ်လို့ပဲ ကျနော် ပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေရာမှာ သူ့ရဲ့ တိုင်းပြည်အပေါ်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြင်ပုံ၊ ဒီမိုကရေစီနဲ့ မြင်တဲ့ဟာတွေကို ဒါ ကျနော်တို့ အဆင့်အတန်း မြင့်မြင့် အတွေးအခေါ် အယူအဆ မြင့်မြင့်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ အလယ်မှာ၊ နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်တွေရော၊ စီးပွားရေး ခေါင်းဆောင်တွေရော အလယ်မှာ သူ မြန်မာပြည်ကိုယ်စား တင်ပြသွားနိုင်တယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။”
source by : http://burmese.dvb.no
Tags
မျှဝေခြင်း