စစ်ပွဲတွေကြားမှာ
ကလေးငယ်လေးတွေက
အဖေပျောက်
အမေပျောက်ကို
ရှာဖွေနေကြတယ်။
စစ်ပွဲတွေကြားမှာ
လက်နက်ကိုင်ထားသူတွေက
အိမ်သူသားမယား
မိဘမောင်ဘွားကို
သတိရနေကြတယ်။
စစ်ပွဲတွေကြားမှာ
ဒဏ်ရာရသူတွေက
ဆေးဝါးအစုံအလင်နဲ့
အကြင်နာလက်တွေကို
ငံ့လင့်နေကြတယ်။
စစ်ပွဲတွေကြားမှာ
သေနတ်သံတွေ
ထွက်လာတိုင်း
လူ့အသက်တွေ
ဆုံးရှုံးနေကြတယ်။
စစ်ပွဲတွေကြားမှာ
မိုင်းကွဲသံတွေ
ထွက်လာတိုင်း
ခြေလက်အင်္ဂါတွေ
ဆုံးရှုံးနေကြတယ်။
စစ်ပွဲတွေကြားမှာ
ယမ်းငွေ့တွေနဲ့အတူ
နာကျည်းစိတ်တွေ၊
ရန်လိုစိတ်တွေ၊
လက်စားချေစိတ်တွေ၊
အမုန်းတရားတွေ
ပေါက်ဖွားနေကြတယ်။
စစ်ပွဲတွေကြားမှာ
အသက်တွေ၊
ဘ၀တွေနဲ့
ခန္ဓာတွေ
ပျက်စီးခဲ့ရတယ်။
စစ်ပွဲတွေကြားမှာ
ပူပန်မှုတွေ၊
မျက်ရည်စက်တွေနဲ့
သောကတွေ
ပင်လယ်ဝေခဲ့ရတယ်။
သြော်-
ဒီစစ်ပွဲတွေကိုပဲ
အမျိုးအမည်
တပ်လို့ကောင်းနေကြဆဲ၊
ပြည်တွင်းစစ်
ကမ္ဘာစစ်
ကျူးကျော်စစ်
ခုခံစစ်
တော်လှန်စစ်
တရားသောစစ်
မတရားသောစစ်
------------စစ်
------------စစ်တွေ တဲ့လေ။
ဆုတောင်းမိတယ်- ကလေးရယ်၊
မင်းတို့ခေတ်ကျရင်
စစ်ပွဲတွေ
မကျန်ရစ်ပါစေနဲ့။ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၂)
Tags
ကဗျာ