၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံးမှာ ကြိုတင်မဲ ပေးချင်တဲ့သူ တွေအတွက် မတ် ၃၀ နဲ့ ၃၁ ရက်တွေမှာ ကြိုတင်မဲတွေ စတင် ပေးနေကြပြီ ဖြစ်ပါတယ်။
ရွေး ကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မဲရုံတာဝန်ကျတဲ့ ဝန်ထမ်း၊ တာဝန်နဲ့ ခရီးထွက်ရ မယ့် ဝန်ထမ်းတွေအပါအဝင် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့ယွင်းနေတဲ့သူတွေ၊ အချုပ် ကျနေတဲ့သူတွေက ကြိုတင်မဲ ပေးခွင့်ရတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ထဲကရပ်ကွက်တချို့မှာ ဒီကနေ့ မနက်က ကြိုတင်မဲ ပေးရာမှာ မဲရုံတာဝန်ရှိသူတွေက ပါတီကိုယ်တာဝန်ရှိသူ တွေကို ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
ကြိုတင်မဲပေးတဲ့အတွက် ပါတီကိုယ်စားလှယ်လောင်းတွေ မဲရုံကို စေလွှတ်ပြီး စောင့်ကြည့်ခိုင်းရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူတွေက အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ၂ ဦးကို မဆိုင်ရင် ဝင်မရှုပ်နဲ့လို့ ခြိမ်းခြောက် တားမြစ်တယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
“ကြိုတင်မဲ တွေတော့ ပေးပြီးဗျ၊ တချို့ရပ်ကွက်ကတော့လည်း မှန်မှန်ကန်ကန်ပေါ့လေ။ တချို့ရပ်ကွက်က မဟုတ်ဘူး။ ဟိုတုန်းက အကျင့် ရှိသေးတယ်။ ကျနော်တို့ဆီက မဲရုံကိုယ် စား လှယ်၊ အကူကိုယ်စားလှယ်တွေကို အဲဒီ ကြိုတင်မဲကို စောင့်ခိုင်းထားတဲ့အခါမှာ ဘာမှ ကြည့်ခွင့် သိခွင့်မရှိအောင် ဟိန်းဟောက်ထားပြီး ဘာမှကြည့်စရာ မလိုဘူး၊ သိစရာမလိုဘူး ဆိုပြီးပြောဆို တာကို ကျနော့်ဆီ ရောက်လာပြီး ပြောပြတော့ ကော်မရှင်ဆီကို တခါတည်း ဆက်ပြီးတော့ ဒီလို မလုပ်ပါနဲ့၊ ခင်ဗျားတို့ အောက်ခြေက ကော်မရှင်တွေ ဒီလိုဖြစ်နေတယ်ဆိုပြီး လှမ်း အကြောင်းကြား ရသေးတယ်။”
ပုသိမ်မြို့မှာ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးနေတဲ့ နေရာမှာလည်း သက်ဆိုင်ရာဒေသ အာဏာပိုင်တချို့နဲ့ ဒု-ဝန်ကြီးအဆင့် ရှိသူတဦးဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အတွက် မဲဆွယ်ခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေကို မြို့နယ်ထဲမှာ ဖြန့်ဝေတာမျိုးလည်း ရှိနေတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
အလား တူ ဧရာဝတီတိုင်း ဖျာပုံမြို့ပေါ်က ရပ်ကွက်တချို့မှာလည်း ဒီနေ့ ကြိုတင်မဲ ပေးခဲ့ကြရာမှာ လျှို့ဝှက် ကြိုတင်မဲကိုပိတ်ထားတဲ့အိပ်မှာ ချိတ်တွေ ကွာနေပြီး ပွင့်နေတာကို တွေ့ရတယ်လို့ ဖျာပုံရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက်က ကိုဘသက်အောင်က ပြောပါတယ်။
“ဒီ နေ့မှာ ၁၀ ရပ်ကွက်၊ ၈ ရပ်ကွက်၊ ၁၄ ရပ်ကွက်၊ ၉ ရပ်ကွက်တွေဆီကို သွားပြီးစုံစမ်းတော့ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီးတော့ ကောက်ခံတဲ့အခါမှာ ချိတ်ပိတ်ထားတဲ့ စာအိတ်တွေက ဘေးတ ဖက်တချက်မှာ ပွင့်နေတယ်။ ဒါကို သွားတွေ့တဲ့အခါ ကော်မရှင်ကို သူတို့ ပြောတယ်ပေါ့။ တချို့ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌက ပြင်ပေးတယ်။ ဥပမာ – ၉ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီးတော့ ပြင်ပေးတယ်။ တချို့ ရပ်ကွက်တွေကတော့ ပြင်မပေးသေးဘဲနဲ့ ဒီအတိုင်း ထားထားတယ်’လို့ ပြောပါတယ်။
ဒါ့ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်ကော်မရှင် တံဆိပ်တုံးနဲ့ လက်မှတ်တွေ မပါဝင်ကြောင်း တွေ့ရပြီး ကိုးအိမ်တန်းကျေးရွာမှာတော့ ကြိုတင်မဲ ကောက်ခံတဲ့ အခါမှာ ပါတီကိုယ်စားလှယ်တွေကို လိုက်ပါခွင့် မရှိဘူး ဆိုပြီး ရပ်ကွက်ကျေးရွာ ကော်မရှင် ဥက္ကဋ္ဌကနေပြီးတော့ အော်ငေါက်ပြီး ပြောတာမျိုးတွေလည်း တွေ့ရပါတယ်။”လို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ရက်က ကိုဘသက်အောင် ပြောပါတယ်။
စစ်ကိုင်း တိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်းမှာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲ ကောက်ယူမှုဟာ တရားဥပဒေနဲ့ မကိုက်ညီဘဲ မသမာတဲ့ဘက်ကို ဦးတည်နေတယ်လို့ အန်အယ်လ်ဒီ အမတ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“အန်တီတို့ မြို့နယ်မှာ မနက်ကတည်းက ကြိုတင်မဲတွေ ရွာတိုင်းစေ့ လိုက်ပြီး ကောက်နေကြပြီ။ ကျေးရွာကော်မရှင် ဥက္ကဋ္ဌကနေပြီးတောမှ တအိမ်တက် တအိမ်ဆင်း လိုက်ပြီးတော့မှ ကြိုတင်မဲကို ကောက်နေတယ်။
ဥပ ဒေအရ ဆိုလို့ရှိရင် ကြိုတင်မဲ ပေးချင်တဲ့လူက ကော်မရှင်ကို အကြောင်းကြားမှ ကော်မရှင်ကနေ ကြိုတင်မဲ ပေးချင်တဲ့ လူရဲ့အိမ်ကို သွားပြီးတော့ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့ ကျေးရွာကော်မရှင်ကနေပြီးတော့မှ တအိမ်တက် တအိမ်ဆင်း လိုက်ပြီးတော့ ကြိုတင်မဲကို လိုက်ကောက်နေတာဆိုတော့ ဒါ ဥပဒေနဲ့ လုံးဝ မညီညွတ်ဘူး’လို့ ပြောပါတယ်။
ဒီကိစ္စကို မြို့နယ်ကော်မရှင်ကို တင်ပြထားပေမယ့် အရေးယူ ဆောင်ရွက်တာ မရှိဘူးတဲ့ အကြောင်းနဲ့ ကျေးရွာကော်မရှင် ဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အကြောင်းလည်းဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ရှမ်း ပြည်နယ် ကလောမြို့နယ်ဟာ တပ်နယ်ဆိုပေမယ့် မြို့နယ်ထဲ ကြိုတင်မဲပေးတဲ့သူ အရေအတွက် ပြောပလောက်အောင် မရှိဘူးလို့ သိရပါတယ်။ မြို့နယ်အတွင်း မဲပေးပိုင်ခွင့် ရှိသူပေါင်း ၉ သောင်းကျော် ရှိတဲ့အနက် တပ်မတော်သား မဲပေးနိုင်သူပေါင်းကတော့ ၁ သောင်းကျော်ပဲ ရှိပြီးတော့ တိုင်းရင်းသားမဲက အများစု ဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီတွေ အခြေအနေ ကောင်းနိုင်တယ်လို့ ကျားဖြူပါတီ ကိုယ်စားလှယ် ဦးစပ်သာဦးက ဒီဗွီဘီကို ပြောပါတယ်။
source by : http://burmese.dvb.no