အိမ်ရှေ့ခန်းမှ အလှချိတ်ထားသော ဘွဲ့ယူဓါတ်ပုံတခုထက် အခုရက်ပိုင်း အတွင်း လူပေါင်း ၅၀၀ ကျော်တို့ တစုတစည်းတည်း ရခဲ့သော ဘွဲ့က ပိုတန်ဖိုး ရှိသည် ထင်မိသည်။
ကျနော်တို့ ဘွဲ့ကား ချိတ်ဆွဲစရာ လက်မှတ်ဟူ၍ ထောင်လွှတ် ၀ါးရမ်း၊ တတ်ခဲ့သော အသိဆိုလို့ အုတ်တံတိုင်းတွေ သံတိုင်တွေ ကြား ပျင်းရိညည်းငွေ့စွာ နေထိုင်ရသော အကျဉ်းသား ဘ၀။ အမျိုးမျိုးသော အမှုအခင်းများကြောင့် ထောင်နန်းစံ လာရတဲ့ နိုင်ငံသားတို့ ဘ၀စုံ၊ အဖြစ်စုံ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သရုပ်သကန် ဒါတွေကို ကျနော်တို့ စူးစမ်းလေ့လာ လျှင် လေ့လာသလောက် သိလာသည်။
ကျနော်တို့ ရလာခဲ့သော အော်စီ ဘွဲ့သည် နိုင်ငံတခု စနစ် တခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အရေးပါသော အခြေခံ အကြောင်းနှင့် အဆောတလျှင် ပြုပြင်ရမည့် ပျက်ခြင်းယွင်းခြင်း ယိုင်နဲ့ခြင်း ဖြစ်စဉ်များသာ ဖြစ်ပါတော့သည်။
နိုင်ငံ တနိုင်ငံကို ပြုပြင်ပြောင်းလဲလိုလျှင်၊ တိုးတက်စေလိုလျှင် ဒီနိုင်ငံက နိုင်ငံသားတို့ ဘ၀၊ စိတ်အခံ၊ အရည်အချင်းတို့ကို အရင်းခံအတိုင်း သိမှဖြစ်မည်။ ပျက်နေသော အရာကို မသိပဲ ကောင်းအောင် ပြင်ဖို့လှအောင်သာ လုပ်ဖို့ဆိုလျှင် ပြိုလုဆဲ တိုက်အိုကို ဆေးသုတ် သလို ဖြစ်ပါလိမ့်မည်။
ထောင်ထဲမှ နိုင်ငံ့ အကျဉ်းသားတို့သည် နိုင်ငံတော်၏ ပြယုဂ်၊ စနစ် တခု၏ အတွင်းအနှစ်သာရ ရုပ်ပြ၊ တရားစီရင်ရေး မဏ္ဍ်ုင် ၏ အမွေ၊ ဖြစ်ပေရာ .......................................................
ကျနော်တို့ တက်ခဲ့သော ကျောင်းတော်ကြီးတွင် နိုင်ငံသား အစုံ၊ လူမျိုး အဖုံဖုံတို့ အကြောင်းကို အကြွင်းအကျန် မရှိ သိခဲ့ရပါသည်။
ဇန်န၀ါရီ ၁၃ ရက် သတင်းပါ ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့် အရ ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံရတဲ့ ညီအကို မောင်နှမများစွာ ထောင်မှ လွတ်လာခဲ့ပါတယ်။
ညီတိုးငြိမ်း အမည်နဲ့ စာတိုပေစ လေးတွေ အတွေးစိတ်ကူး ကို အွန်လိုင်းအသုံးပြုပြီး ဖြန့်ဝေမှုနဲ့ ကျနော် နေမျိုးဇင် အင်းစိန် တောရ ထောင်ထဲမှာ ဆယ်လ နေခဲ့ရပါတယ်။ တရားသူကြီးက တော့ တရားခံ နေမျိုးဇင် ၏ ဂီမိန်း ( ရခိုင်တိုင်းရင်းသား ဖြစ်လို့(Gmail) ကို ဂီမိန်းလို့ အသံထွက်တာပါ။ သူ့ကို ကျနော် လေ့လာမိသလောက် အင်တာနက် ဆိုတာကို သူယဉ်ပါးဟန် မရှိပါ) အတွင်းမှ တွေ့ရှိရသည် ဆိုသော စာတစောင် ( ထိုစာများမှာ စစ်သားလေးရေ ခေါင်းစဉ်ပါ အခု ဘလော့ စာမျက်နှာ မှ အောက် အပုဒ်ကို print လုပ်ထားသော စာရွက်များကို ရည်ညွန်းပြောတာပါ) ပါ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများအရ ပြစ်မှုထင်ရှားသည်ဖြစ်၍ တရားခံ နေမျိုးဇင်အား ဆိုးရွားနေသော ကျမ်းမာရေးကို ထောက်ထားစာနာသော အားဖြင့် ထောင်ဒါဏ် ဆယ်နှစ်သာ ပြစ်ဒါဏ် ချမှတ်လိုက်သည်။
စကားသံ ၀ဲတဲတဲ အပြီး ခနနေတော့ လူစုစုပေါင်း (၇) ယောက်သာ (တရားသူကြီး ၁၊ ရှေ့နေ ၄၊ စာရေး လက်နှိက်စက် ၁၊ တရားခံ ကျနော် ၁) ၀င်ခွင့်ရသော ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက် ၊ ကာလ နိုင်ငံရေး စပ်ကူးမတ်ကူး အချိန် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားစီရင်ရေး စနစ်၏ အထူးတရားရုံး ဆိုသော တိုက်ခန်းကျဉ်းငယ်လေး အတွင်းသို့ ကျနော့် မိခင်နှင့် ညီမငယ် တဦး တို့ ငိုယိုပြီး ၀င်လာကြသည်။ ဘယ်သူမှ သိခွင့် မရသေးသော စွပ်စွဲပြစ်တင်ချက်များ၊ ဘယ်သူမှ ၀င်ခွင့် မရခဲ့သော လေးလကြာ လျောက်လဲရင်ဆိုင် စစ်မေးချက်များကို ဘယ်သော တခြားသူ (မိဘဆွေမျိုးများပါ ၀င်ခွင့်မရှိ) မှ ၀င်ခွင့်မရခဲ့ပဲ တရားဆိုင်ကြပြီးနောက် ဘယ်သူမှ မထင်မှတ် ထားသော ပြစ်ဒါဏ် ဆယ်နှစ် ဆိုတာကြီးကို ကျနော် ခံယူရရှိလိုက်သည်။
ထိုအချိန်သည် လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်မှ နိုင်ငံတော် အခြေပြု မိန့်ခွန်းပြော ကြားပြီးနောက် လေးလကျော် အကြာ အချိန်ဖြစ်ပြီး၊ အင်းစိန်ထောင်တွင်းသို့ ကမ္ဘာ့ကုလသမဂ္ဂမှ မစ္စတာ သောမတ်စ်ကွင်တားနား လာရောက်လေ့လာပြီး နောက် ၂ ရက်ဖြစ်သည်။
ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရန် စတင်ကြိုးပမ်းနေချိန်ဖြစ်ပါသည်။
ငိုနေသော မိခင်ကို ကျနော်မချော့နိုင်ပါ။ စကားနှစ်ခွန်းသုံးခွန်း ပြောပြီးနောက် SB အရာရှိတို့က ကျနော်ထိုင်နေသော လူနာတင်လက်တွန်းလှည်းလေးကို လာတွန်းပြီး ဓါတ်ပုံရိုက် ကာ ထောင်တွင်းသို့ ပြန်လည် ပို့ဆောင်ကြသည်မို့ အမေဖြစ်သူကို နှုတ်ဆက်စကား တခွန်းသာ ပါးလိုက်နိုင်ပါသည်။ အမေရော ညီမငယ်ပါ မှတ်မိမည် ထင်ပါသည်။
အဆိုကျော် ဦးခင်မောင်တိုး၏ တေးတပုဒ်မှ အပိုင်း အစတခုဖြစ်သည့် “ အများ အကျိုးအတွက် တာဝန် ထမ်း ရွက်တဲ့ အခါ တကယ် ကိုယ်ကျိုးစွန့်နိုင်မှ ” တဲ့ အမေ ။ အမေ့သား နိုင်ငံအတွက် လူမျိုး အတွက် ဘယ်လို အကျိုးပြု အလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာ အမေတို့ အားလုံး သိပါတယ်။
အမေ ငိုပါတယ်။ သူ့သားကို ဆယ်နှစ်လုံးလုံး ဒီ တံတိုင်းဖြူနောက်မှာ ထားရတော့မယ်။ စားခြင်း။ နေခြင်း၊ သူက လူ့လောက ကောင်းကျိုးအတွက် ထမ်းရွက်မယ့် သားကောင်းရတနာ လေးဖြစ်ပါစေ ဆိုပြီး မွေးခဲ့တာ။ အခုတော့ စနစ်တခုရဲ့ အနည်အမွေ့ အကူးအသန်းကြား အများအတွက် ရည်စူးလုပ်ဆောင်ချက်ကိုပဲ အပြစ်ရယ်လို့ စွပ်စွဲပြီး သံတိုင်နောက် ၁၀ နှစ်လောက် ပို့ကြတော့မယ် အမေ။ ကျနော် ရင်ထဲကနေ စကားလေးတွေ ပြောမိပါတယ်။ အမေ မငိုနဲ့. ကျနော် စိတ်ထဲ တိတ်တိတ် ပြောမိသည်။ ရှိုက်ရင်း ထွက်ခွါသွားသော အမေ့ကျောပြင်ကို ကြည့်ရင်း ရဲကားပေါ် တွဲတင်တက်ကာ ကျနော် တပ်ထဲ နေစဉ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ကဗျာ အပိုင်းအစလေး တခု မှတ်မိသလောက် ပြန်တွေးနေမိသည်။
အာဏာရှင် ယာဇ် ပလ္လင်အောက်၊ ခေတ် ဆန်းချိန် ရောက်၊ တူးဆွ ကြည့်တော့၊ နိုးထသူတို့ ခေါင်းခွံများ
တဲ့ ........... ဒီတံတိုင်းမြင့်မြင့်ကြီးတွေ နောက်မှာ နိုးထသူတွေ အများကြီး နေနေကြပါတယ်။ အမေ စိတ်မပူနဲ့ ၊ ဘ၀တူ နိုင်ငံသားတွေ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဖေးကူစောင့်ရှောက်ကြမှာပါ အမေ။ ခေတ်ဆန်းချိန် မရောက် တရောက်၊ အာဏာရှင်တို့ ယာဇ်ပလ္လင်အောက်မှာ လူမသိ သူမသိ လူသိ နစ်မြုပ်ခြင်းခံခဲ့ရတဲ့ ဦးခေါင်းခွံတွေ၊ အသက်၊ ဘ၀၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့တဲ့ ခေတ် အဆက်ဆက်က ဒီမိုကရေစီ သူရဲကောင်းတွေ၊ တရားမျှတမှု တည်ဆောက်နိုင်ဖို့ဘ၀နဲ့ ရင်းခဲ့တဲ့ လူမှန်လူကောင်းတွေ၊ အများအတွက် ပေးဆပ်ခဲ့တဲ့ လူ့အဖိုးတန်တွေ၊ စစ်အာဏာရှင် စနစ်ကို အံတုဖက်ပြိုင် ရင်ဆိုင် တွန်းလှန်ခဲ့တဲ့ ဘာမထီဇာနည် ပြည်ချစ်သားတို့ရဲ့ မွန်မြတ်သော ၀ိဥာဉ်တွေက ကျနော်တို့ကို ဖေးကူ သွေးဆက် အားတက် စေပါလိမ့်မယ် အမေ။
၂၀၁၁ ခုနှစ် အင်မတန် ပျော်ရွှင်ကြည်နူးဖွယ် သင်္ကြန်မတိုင်ခင် ဧပြီလ ၂ ရက်နေ့လည်မှာ ဆေးရုံကို သွေးလှူဖို့ အိမ်ကနေ ထွက်ဖို့ ပြင်နေတဲ့ ကျနော့်ကို SB သတင်းတပ်ဖွဲ့ အရာရှိတွေက ခန လိုက်ခဲ့ပါ ဆိုပြီး ခေါ်လာခဲ့တာ ခုဆို ဆယ်နှစ်ကြီးများတောင် သံတိုင်တွေ နောက် နေရအုန်းမှာပေါ့။ ဒီလို ဖမ်းမယ် ဆိုလည်း အစောကတည်းက ဖမ်းဆီးဝရမ်းနဲ့ တာဝန် အရဖမ်းပါတယ် လို့ ဘာလို့ မပြောရဲ တာပါလိမ့် ရဲကြီး ရယ်လို့ ဆိုမိရင်း ......... ဖြစ်ကြောင်းရယ် ကုန်စင် ဇာတ်စုံသဘင်ကို ဆင်ခြင်တွေးတော သက်ပြင်းမော နဲ့ စောကြော မိပါတော့တယ်။
ကျနော်တို့ လူသားဆန်တဲ့ လူ့ အခွင့် အရေးတွေ၊ နိုင်ငံသား တယောက် အခွင့် အရေးတွေ ရခဲ့ပါရဲ့လား ............
အခု ကျနော် ထောင်ကနေ ပြန်လွတ်လာပါတယ်။ လူကောင်း ပကတိလိုတော့ မဟုတ်ခဲ့ပါ။ ချိုင်းထောက်နဲ့ လူအတွယ်နဲ့ ဆိုတော့ မိတ်ဆွေအားလုံးက ၀ိုင်းမေးကြပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့လားတဲ့။
.................................... ဘာလို့ဆို ကျနော်တို့ အမြင် အကြား သတင်းများမှာ ရဲ စစ်ထောက်လှမ်းရေးတို့ စစ်ကြောမေးမြန်းခံရဖူးသူတို့ရဲ့ ရင်ဖွင့်အံကြိတ်သံတွေ ကို ရင်တလှပ်လှပ် ၊ တောက် တခေါက်ခေါက်၊ သက်ပြင်း တချချ၊ နောက်ကျော် မလုံ တလုံ၊ အိမ်မက်ဆိုးတွေထဲထိ အဲဒီအကြောင်းတွေ ၀င်ဝင်နှောက်ယှက်၊ အင်မတန် ကြောက်လန့်ထိတ်ပြာ ခြောက်ခြား စဖွယ် အတွေ့အကြုံတွေအဖြစ် ၊ တခါတလေ ဖက်ဆစ်တို့ အမွေဆိုး ရက်စက်နည်း အမျိုးမျိုးနဲ့ လူဆိုးလူကောင်း သောင်းပြောင်းအထွေ “ဆ” မနေဘဲ သူတို့သိလိုသမျှ မရမချင်း အ၀ဗျင်း တာ ....... စတဲ့ ရာစုနှစ် တ၀က် နီးပါးဖြတ်သန်းခဲ့တဲ့ လူကြီး သူကြီးတွေ ပါးစပ်ဖျား ကူးခြည်သန်းသွား စမြဲကိုးဗျာ။
ကျနော့် အကြောင်း သောင်းပြောင်းအမှန် မချွင်းမချန် ပြောပါမည်။ တင်ပြပါမည် လို့ ကျနော် ၀န်ခံပါသည်။
ဒါပေသိ ကျနော် တံတိုင်းဖြူနန်းတော်တွင်း ဖြစ်ချင်းတွေမှာ သနားစရာ အတိ မှားတာလည်း မသိ၊ မှန်တာလည်း မရှိခဲ့တဲ့ ပီဘိတကယ့် ပြည်သူပြည်သား၊ တိုင်းရင်းနိုင်ငံသားတို့ ရဲ့ ထောင်တွင်းမ၀င်မှီ ရဲပလီအချို့ ရဲ့ မနှစ်မြို့ဖွယ် တွယ်ညှဉ်းရက်စက် ပက်စက်ပုံတွေ၊ တချို့်သော ရဲကောင်း လူကောင်းတချို့ ဥပဒေညီ တည်တည်ကြည် ပြီး သမာသမတ် မျှ တတ်ပုံတွေ ကွက်ကွက်ကွင်းကွင်း ရဲတင်း ရင်ဖွင့်ကြတော့ သူတို့ဘ၀ ကြုံခဲ့သမျှဟာ ကျနော့် အတွေ့ကြုံ ဖြတ်ခဲ့ပုံက တုနှိုင်းစရာမဟုတ် သိမ်နုတ်နေလေတော့ သူတို့ ဘ၀၊ နိုင်ငံသား တို့ ဘ၀၊ အချုပ်ကျဉ်းစံ လူ့ကံအကျ ထောင်သားတို့ဘ၀ အထွေထွေကိုပဲ ကျနော်ယူခဲ့ အော်စီ ခေါ် အင်းစိန် ထောင်ရဲ့ ဘွဲ့ ယူစာတမ်း အဖြစ် စုစည်းတင်ပြ သုံးသပ်ချက် လှလှနဲ့ တင်ပြဖို့ စိတ်ကူး လိုက်ပါသည်။
နောက်တကြိမ် ပုဒ်မ ၃၃(က) အီလက်ထရောနစ် အက်ဥပဒေ ဆိုတာကြီးနဲ့ ဆယ်နှစ် ထပ်မံ ထောင်ကျအုံးမည်လား လွတ်လပ်စွာ ရေးခွင့်ပြုမပြု မသေချာသေးသော စပ်ကူးမတ်ကူး ကာလမှာ
ကျနော် ကတော့ ...........................
ကိုလွှမ်းမိုး သီချင်းထဲကလိုပဲ “ မှန်ရာကို သစ္စာဆိုပါမည် ” လို့ ကြွေးကြော်ရင်း ကျနော်မျှော်လင့် ရည်မှန်း ရောက်ချင်းစမ်းလှသော ညီညွတ်သော တိုင်းပြည်၊ တိုးတက်သော တိုင်းပြည်၊ ငြိမ်းချမ်းသော တိုင်းပြည် ဖြစ်စေချင်လွန်းလို့ ပြည်သူ့ ဘ၀ မြင်သမျှကို ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းပါတော့မယ်။
ညီတိုးငြိမ်း
source by : http://nyitoenyeinchan.blogspot.com

Tags
ဆောင်းပါး