ရန်ကုန်လေပြင်း ပျက်စီးမှုများရှိ

မဇ္ဈိမ | ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့တွင် လေပြင်းတိုက်သဖြင့် နေအိမ် ၇ လုံး ပျက်စီးကာ လူ ၂၇ ဦး အိုးအိမ်မဲ့ ဖြစ်သွားကြောင်း တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံး အဆိုအရ သိရသည်။

အင်္ဂါနေ့ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ချမ်းမြေ့သာယာ ကွက်သစ်၊ ဆင်ကန်ရပ်ကွက်ရှိ သွပ်မိုး၊ ပျဉ်ကာနှင့် ပျဉ်ထောင်အိမ်များ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

‘‘ ညနေ ၃ နာရီခွဲလောက်မှာ တိုက်တဲ့လေပြင်းကြောင့်ပါ။ မကြာမကြာ တိုက်နေတယ်’’ ဟု အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တဦးက ပြောသည်။


တနေ့ထဲမှာပင် ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ အခြေခံမူလတန်းကျောင်း အမလ ၃၂ လည်း လေပြင်းကြောင့် အမိုးလန်ကာ ပျက်စီးမှုအချို့ ရှိခဲ့သည်ဟုလည်း ပြောသည်။


ဗုဒ္ဓဟူးနေ့ကတော့ သာကေတမြို့နယ်တွင် ဒီရေတက်ကာ ချောင်းရေလျှံမှုများကြောင့် အထက်တန်းကျောင်း အထက ၃ ၊ အမက ၃ဝ နှင့် ၂၂ ကျောင်းများ ရေဝင်သဖြင့် ကျောင်းပိတ်ထားခဲ့ရာ ယနေ့အထိ ဖြစ်သည်။


‘‘ အဲဒီကျောင်းတွေ ပတ်လည်မှာ ရေမြောင်းတွေက ပိတ်နေတာ။ သာကေတမှာ ချောင်းတွေ ပေါတယ်။ ရေက
ချောင်းထဲကို မဝင်တော့လေ၊ မြောင်းတွေက ပိတ်နေတာရယ်၊ မိုးများတာရယ်၊ ဒီရေတက်ချိန်နဲ့ ကိုက်နေတာရယ်ကြောင့်ပါ’’ ဟု သာကေတ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။


ထို့အပြင် သန်လျင်မြို့ ကျောက်တန်း ရွှေပြည်သာရပ်ကွက်၌ မိုးရေကြီးသဖြင့် အိမ်ခြေ ၇၇ လုံးတွင် ရေဝင်သောကြောင့် လူအများ မနေနိုင်ဖြစ်ကာ ပြောင်းရွှေ့ခဲ့ကြသေးကြောင်း မီးသတ်နှင့် ကြက်ခြေနီ အဖွဲ့ဝင်များက ဆိုသည်။


‘‘မိသားစုတွေ ကိုယ်စီအိမ်တွေကို ပြောင်းကြတာပါ။ ကျနော်တို့ကတော့ ကယ်ဆယ်ရေးတွေ မလုပ်ပေးဖြစ်တော့ဘူး။ ဒါပေမဲ့ ပြောင်းတာတွေကိုတော့ ကူညီခဲ့ပါတယ်’’ ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။


ရေများမှာ ယခုထိ အကုန်အစင် မကျသေးကြောင်းနှင့် ဒီရေတက်သည့် ရက်များနှင့် ကိုက်နေပြီး၊ မိုးလည်း ရက်ဆက် ရွာသွန်းနေခြင်းကြောင့် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form