မကြာသေးမီက email group တွေမှာ ပြန့်နေတဲ့စာ တွေထဲမှာ အဏ္ဏဝါစစ်သည် ဆိုသောအမည်နဲ့ ရေးသား ထားသော စာတစောင်လည်း ပါဝင်ပါတယ်။ သူက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ပြန်တမ်းပါ ပြည်သူ့ စစ်မှုထမ်းဥပဒေ(သူ့အခေါ် အမျိုးသား စစ်မှုထမ်းဥပဒေ) နဲ့ ပတ်သက်လို့ သူတွေ့ကြုံ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို အခြေခံကာ ဖြစ်နိုင်ခြေများကို သုံးသပ်တင်ပြထားပါတယ်။
……….
…..
…
ဆောင်းပါးရေးတဲ့သူဟာ ရေတပ်ကအရာရှိတဦးဖြစ်တယ်ဆိုတာကို သူ့ရေးသားချက်တွေအရ သိနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာကျင့်သုံးလာခဲ့တဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ကိစ္စရပ်ကို စစ်ဘက်ဥကဒေ အထောက်အထား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ အကိုးအကားပြုပြီး အတော်ပြည့်ပြည့်စုံစုံ တင်ပြထားပါတယ်။ သူ ကိုးကားတင်ပြတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ငြင်းချက် ထုတ်စရာမရှိပါ။ သို့သော် သတ်မှတ် ပြဋ္ဌာန်းထားသောဥပဒေနဲ့အညီ အတိအကျကျင့်သုံးပါရဲ့လား။ ဥပဒေပြဋ္ဌာန်းသူတွေ ကိုယ်တိုင်ကရော ဥပဒေကို လေးစားလိုက်နာမှု ရှိပါရဲ့လား ဆိုတာတွေကတော့ မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ တခါ ဥပဒေ အကျိုးသက်ရောက်မှု ကင်းမဲ့တဲ့ တိုင်းပြည်တခုမှာ ဥပဒေပါအချက်တွေကို အကိုးအကား ပြုပြီး သက်သေထူ ပြောဆိုနေတာတွေက အတော်ရယ်စရာကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။
ပြီးတော့ အဲဒီဆောင်းပါးရှင် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေဟာလည်း တော်လှန်ရေးကောင်စီ တက်ခါစ အခြေအနေနဲ့ လမ်းစဉ်ပါတီလက်ထက်က လုပ်ဆောင်ချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဆောင်းပါးရှင်ဟာလည်း တပ်မတော်သားတဦးဖြစ်နေတယ်ဆိုတော့ လမ်းစဉ်ပါတီခေတ်မှာပဲ တပ်က အနားယူသွားလို့ ၁၉၈၈ နောက်ပိုင်း တပ်မတော်ထဲ မှာဖြစ်ပျက်နေတာတွေကို မျက်ခြေပြတ်သွားတာလားလို့ သူ့ဖက်ကို အကောင်းမြင်သဘောနဲ့ ဖြည့်တွေးကြည့်မိပါတယ်။ ဒါပေမယ့်လည်း ခိုင်လုံမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှုထမ်းဆောင်ဖူးသူတဦးဆိုတာ အရာရာကို သတိနဲ့ ယှဉ်ပြီး နိုးနိုးကြားကြားကြည့် တတ်မြင်တတ်ရပါတယ်။ အထူးသဖြင့် တပ်ကအနားယူပြီးသူတဦးဟာ တပ်အသိုင်းအ၀ိုင်းနဲ့ အနေဝေးသွားပြီး သာမန်ပြည်သူတဦးအဖြစ်နဲ့ ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ကို အနီးကပ် သိမြင်တွေ့ကြုံ ခံစားနိုင်သူ ဖြစ်ရမှာပါ။
အထက်ပါ ရေတပ်အရာရှိဟောင်းဟာ တပ်ကအနားယူပြီးတဲ့နောက် ရေတပ်သားတို့ထုံးစံအတိုင်း နိုင်ငံရပ်ခြားမှာသင်္ဘောသားအရာရှိဘ၀နဲ့ ကမ္ဘာပတ်ရင်းအချိန်တွေ ကုန်ဆုံးသွားလို့ အမိတိုင်းပြည်ရဲ့အခြေ အနေမှန်ကို မသိနိုင်တာလား။ ဒါမှမဟုတ် အငြိမ်းစားတပ်မတော်အရာရှိ တဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့လျော်ညီစွာ ခြံစည်းရိုးအလုံကာထားတဲ့ သီးသန့်အိမ်ယာတွေ၊ ဥယျာဉ်မြို့တော်တွေမှာ အခြေချနေထိုင်သူဖြစ်လို့ သာမန် လက်လုပ်လက်စား ပြည်သူတွေရဲ့ဘ၀နဲ့ အလှမ်းဝေးနေတာ လားတော့ မသိပါဘူး။
ကျနော်ကတော့ ၁၉၈၈ နောက်ပိုင်းမှာမှ တပ်မတော် (ရေ) မှာ ၀င်ရောက် အမှုထမ်းတာမို့ ကိုယ်သိမီကြုံတွေ့ရတဲ့ အဖြစ်အပျက် အခြေအနေတွေကို ပြည်သူလူထု သိအောင် ရေးသား တင်ပြပေး နေတာပါ။ အထူးသဖြင့် တပ်မတော်နဲ့ ပြည်သူလူထုအကြားမှာ ယုံမှား သံသယတွေ ကွယ်ပျောက် သွားစေချင်ပါတယ်။ တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အာဏာရှင်ဆိုတဲ့ သရုပ်ကို ကွဲကွဲပြားပြား ဖြစ်စေချင်ပါတယ်။ ကျနော်တို့ တပ်ထဲရောက်ပြီး သုံးလေးနှစ်အကြာမှာ ခေတ်မီတပ်မတော် ထူထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လာတာပါ။ အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလာတဲ့ ဌာနတွေ၊ စစ်တိုင်းဌာနချုပ်တွေ၊ တပ်စခန်းတွေ အတွက် အရာရှိ/စစ်သည် အင်အားတွေအများကြီး လိုအပ်လာပါတယ်။ အရာရှိ သင်တန်းတွေအနေနဲ့ကတော့ စိစစ်ရွေးချယ်မှုစံနှုန်းတွေ လျှော့ပေါ့ပေးလိုက်တဲ့အခါ တပ်မှာ စစ်မှုထမ်းလိုတဲ့ လူငယ်အတော်များများအတွက် အခွင့်အလမ်းတွေ ပွင့်သွားတာ မှန်ပါတယ်။
ခုနောက်ပိုင်း သာမန်အောက်ခြေ ပြည်သူမိသားစုတွေထဲက မွေးဖွားလာတဲ့ လူငယ်တွေ စစ်တက္ကသိုလ် တက်ခွင့်ရတာကို ၀မ်းသာမိပါတယ်။ စစ်တက္ကသိုလ်မှာဆိုတော့ မိဘကသိပ်ပြီး တာဝန်ယူစရာ မလိုတော့ဘူး။ သူတို့စရိတ်နဲ့သူတို့ အဆင့်မြင့်ပညာတွေကို သင်ကြားနိုင်ကြတယ်။ အနာဂတ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက်အကျိုးပြုနိုင်မလဲ ဆိုတာကတော့ သူတို့အသိဥာဏ်နဲ့ အမြော်အမြင်ရှိမှုပေါ်မှာ မူတည်ပါ လိမ့်မယ်။ အရင်ကလည်း စစ်သည်မိသားစုတွေထဲက စစ်တက္ကသိုလ်တက်ခွင့်ရပြီး အရာရှိဖြစ်သွားသူတွေ အများကြီး ရှိပါတယ်။ သူတို့ထဲမှာလည်း တချို့က စစ်သည်တွေအပေါ် စာနာစိတ် ကြီးမားတတ်ကြပေမယ့် တချို့ကျပြန်တော့ သင်တန်းသားအရာရှိဘ၀မှာပဲ ကိုယ့်အဖေ တပ်ကြပ်ကြီးကို စစ်စည်းကမ်းအရ အရေးယူတဲ့ ဗိုလ်မှူးသက်ထွန်းဦး လိုလူတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် အရာရှိဆိုတာ ရှေ့တက် လမ်း မက်လုံးတွေ အများကြီးရှိနိုင်တာမို့ အရာရှိအင်အား စုဆောင်းရေးမှာတော့ သိပ်ပြီးအခက်အခဲမရှိပါဘူး။ အဲဒီတော့ Voluntary Service လို့ ပြောနိုင်တာပေါ့။
နောက်ပြီး တပ်မတော်နဲ့ ပြည်သူလူထုဆက်ဆံရေးအခြေအနေ။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူလူထုရဲ့ တပ်မတော်အပေါ် မြင်တဲ့အမြင်ဟာ အရင်ကထက် အများကြီး ဆိုးရွားသွားခဲ့တယ်။ အရင်တုန်းက တပ်မတော်ရဲ့အထက်မှာ လမ်းစဉ်ပါတီရှိနေသေးတော့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တဲ့ကိစ္စ သိပ်မရှိခဲ့ဘူး။ ခုနောက်ပိုင်းမှာတော့ ပြည်သူလူထုဟာ နေရာတကာမှာ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံနေရတယ်။ လုပ်အားပေး စေခိုင်းတဲ့ကိစ္စ၊ စီးပွား ကူးသန်းရောင်းဝယ်တဲ့ကိစ္စ၊ လုပ်ငန်း လိုင်စင်ချပေးတဲ့ကိစ္စ နေရာတကာမှာ စစ်တပ်ကိုရှောင်လွှဲလို့ မရအောင်ဖြစ်လာတယ်။ အဲဒီမှာ ဆက်ဆံရေး ရိုင်းပြပြီး နိုင်ထက်ကလူပြုတဲ့ စစ်ဗိုလ်စစ်သားတချို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေကြားမှာ တပ်မတော်ရဲ့ ပုံရိပ် ပိုပြီးညှိုးနွမ်း လာရတယ်။ ပြည်သူလူထုအနေနဲ့ တပ်မတော်ကို တပ်မတော်လို့ မခေါ်တော့ပဲ စစ်တပ်လို့ သုံးနှုန်းလာတာဟာ တပ်မတော်အတွက် ဆုံးရှုံးနစ်နာမှုကြီး ဖြစ်ပါတယ်။
အဆိုးဆုံးကတော့ အမျိုးသမီးတွေအပေါ် မတော်မတရားပြုမှုနဲ့ ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စပါပဲ။ သားသမီးဇောနဲ့ သောကမီးတောက်လောင်နေတဲ့ တောသူတောင်သား လူရိုးကြီးတွေ သူတို့ တခါမှ မရောက်ဖူးတဲ့ မင်္ဂလာဒုံ စစ်သားစုဆောင်းရေး၊ တပ်မတော်မှတ်တမ်းရုံးနဲ့ လေ့ကျင့်ရေးကျောင်းတွေအထိ ရောက်လာကြတာကို တွေ့မြင်ဖူးပါတယ်။
ပြီးတော့ စစ်သားစုဆောင်းတဲ့နေရာမှာလည်း အတင်းအကျပ် ချွေးတပ်ဆွဲသလို အဓမ္မစုဆောင်းမှု (အတိုင်းအတာတခုထိ) ရှိနေတာကို အားလုံးအသိပါပဲ။ မြို့တိုင်းရွာတိုင်း ကလေးစစ်သားမရှိတဲ့ နေရာမရှိပါဘူး။ အချိန်မရွေး လက်ဆွဲခေါ်ပြလို့ ရပါတယ်။ ရန်ကုန်ဘူတာကြီး၊ မော်တင်သင်္ဘောဆိပ်၊ သီရိမင်္ဂလာဈေးနဲ့ အဝေးပြေးဂိတ်တွေဟာ တပ်သားသစ် စုဆောင်းရေးသမားတွေ ကျင်လည်ခဲ့တဲ့ အဓိက နေရာတွေပါ။ ဒီကိစ္စတွေကို အထက်လူကြီးတွေ မသိ၍ မဟုတ်ပါ။ ၂၀၀၀ ပြည့်နှစ်လောက်က ပဲခူးဘူတာအလွန်နားမှာ ၁၅ နှစ်အရွယ်လောက်ရှိတဲ့ လူငယ်လေးတဦး လက်ထိပ်နောက်ပြန်ခတ်လျှက်နဲ့ ရထားလမ်းဘေးမှာ သေဆုံးနေတယ်။ သူ့ဆံပင်ကို ရှေ့တလက်မ နောက်ပြောင် ညှပ်ထားတယ်။ (သူ့ကိုယ်မှာလည်း စာရေးထားတယ်လို့သိရတယ်) အဲဒီအဖြစ်ကို ပမာပြုပြီး အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့် ရဲ့ လက်မှတ်နဲ့ တပ်သားသစ် အဓမ္မ မစုဆောင်းကြဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိပါတယ်။
တခါက တပ်မတော် (ရေ) တပ်ထိန်းစစ်သည်များ ခေါ်ဆောင်လာသော စစ်ပြေးစစ်သည်တဦးဟာ အသက် (၁၅) နှစ်သာ ရှိသေးပြီး စစ်မှုထမ်းသက် (၂) နှစ်ရှိနေပါပြီ။ ကလေးငယ်ဟာ ရှေ့တန်းစစ်မျက်နှာမှာ ငှက်ဖျားမိလာပြီး မိဘထံမှာဆေးကုသခံနေရာမှ မိဘများက တပ်ကိုပြန်မလွှတ်တော့။ ရဲကဖမ်းပြီး ရေတပ် တပ်ထိန်းကို အပ်နှံလိုက်တာပါ။ ပိုပြီးထူးဆန်းတာက အဲဒီ ကလေးငယ်ဟာ ရေတပ်က စစ်သည်တဦးရဲ့ သား ဖြစ်နေပါတယ်။ မေးမြန်းစုံစမ်းကြည့်လို့ ရပါတယ်။ ရေတပ်မှာလည်း အဓမ္မဆွဲခေါ် စုဆောင်းတာမျိုး မရှိဘူးဆိုပေမယ့် ငွေပေးပြီးဝယ်ရာက ပြည်တွင်းလူမှောင်ခို လုပ်ငန်းတခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ အသေအချာသိချင်ရင် တပ်သားသစ်စုဆောင်းလက်ခံရာ အမှတ် (၃၃) ရေတပ်အုပ်ချုပ်ရေးတပ် က တပ်မှူးတွေဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးမိုးအောင် (ယခု- ရလရ-၁မှူး)၊ ဗိုလ်မှူးကြိုင်လျှမ်း (ယခု SO Learning Center နည်းပြချုပ်)၊ ဗိုလ်မှူးမင်းသူသွင်၊ ဗိုလ်မှူးကျော်ထွေးတို့နဲ့ အရာရှိ/စစ်သည်တွေကို စုံစမ်းကြည့်နိုင်ပါတယ်။
ဒါတွေဟာ ဥပဒေမဲ့ လုပ်ရပ်တွေပါ။ လက်ရှိတည်ဆဲ စစ်မှုထမ်းဆိုင်ရာဥပဒေတွေမှာ အသက် (၁၈) နှစ်အောက် လူငယ်တွေအပါအ၀င် တပ်သားသစ်တွေကို တပ်ထဲဆွဲသွင်းခွင့်ရှိတယ် (သို့) တပ်ထဲဝင်ဖို့ ငွေပေးပြီး မြှူဆွယ်စည်းရုံးခွင့်ရှိတယ် ဆိုတဲ့ အချက်တွေ မပါဝင်ပါ။ လက်တွေ့မှာတော့ တပ်သားသစ် ရရေးကို နည်းလမ်း ပေါင်းစုံသုံးပြီး စုဆောင်းနေပါတယ်။ တပ်မတော်အောက်ခြေပိုင်းမှာ ဥပဒေမဲ့ဆောင်ရွက်နေတာ (အမှန်ကတော့ အထက်ကညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်ပေးနေရတာပါ။ ဒီအခြေအနေကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားရှာသူတွေလည်း ရှိပါတယ်) ကိုယ့်ထိပ်သီးခေါင်း ဆောင်ကြီးတွေ မသိလိုက် မသိဘာသာလုပ်နေတဲ့ တိုင်းပြည်မျိုးမှာ အမှန်တရားကို မျက်ကွယ်ပြုပြီး အခြေအနေမှန်ကို လက်ခံဖို့ ငြင်းဆန်လေလေ ပြည်သူလူထုက ယုံကြည်မှု ကင်းလေလေ ဖြစ်နေမှာပဲ။ အဲဒီလုပ်ရပ်ဟာ တပ်မတော်အတွက် သိက္ခာကျစရာဖြစ်သလို ပြည်သူလူထုကလည်း တပ်မတော်အပေါ် အကြည်ညို တန်စေပါတယ်။
ကျနော်တို့ တပ်ထဲစတင်ဝင်ရောက်ချိန်မှာ တန်းပြည့်စစ်မှုထမ်းချိန် (၅) နှစ်၊ အရန်စစ်မှုထမ်း (၅) နှစ် စုစုပေါင်း (၁၀) နှစ် စာချုပ်ရပါတယ်။ သဘောက မဖြစ်မနေ (၅) နှစ် စစ်မှုထမ်းရမယ်။ (၅) နှစ်ပြည့်လို့ မပျော်ရင် တပ်ကနှုတ်ထွက်ခွင့် ရှိတယ်။ (၁၀) နှစ်ပြည့်မှ နှုတ်ထွက်မယ်ဆိုရင်တော့ အငြိမ်းစား ပင်စင်ရမယ်လို့ ဆိုတာပါ။ တကယ်တမ်းမှာတော့ အဲဒီလို မဖြစ်ပါဘူး။ (၁၀) နှစ်ပြည့်ပြီးမှ နှုတ်ထွက်ခွင့်တင်တာတောင် မရပါဘူး။ ဗိုလ်ချုပ် စိုးသိန်း ဦးစီးအရာရှိချုပ် (ရေ) ဘ၀မှာတုန်းက မနေချင်တဲ့စစ်သည်တွေ တပ်ကထွက်နိုင်တယ်ဆိုလို့ အများစု နှုတ်ထွက်ခွင့် တင်ခဲ့ပါတယ်။ သူဦးစီးချုပ် (ရေ) ဖြစ်သွားတဲ့အခါ စီမံ G2 ဗိုလ်မှူးကျော်ရွှေထွန်းက စစ်သည်တွေ နှုတ်ထွက်လွှာကိစ္စ တင်ပြမိတာ အဆူခံထိပါတယ်။ အရာရှိတွေနှုတ်ထွက်ခွင့် တင်တဲ့အခါမှာလည်း ဝေးလံခေါင်ဖျားတဲ့ ကျွန်းစခန်းတွေကို အပို့ခံရတာ ရှိပါတယ်။ ဆန္ဒအလျှောက် စစ်မှုထမ်းစနစ် ကျင့်သုံးသော တပ်မတော်တရပ်မှာ ဆက်လက်အမှုမထမ်းလိုတော့တဲ့ အရာရှိ/စစ်သည်တွေကို ကြည်ကြည်ဖြူဖြူ နှုတ်ထွက်ခွင့် ပြုသင့်ပါတယ်။
တပ်မတော် ခေါင်းဆောင်ကြီးတွေကိုယ်တိုင်က ဥပဒေကို မလေးစား၊ ပြောထားတဲ့ကတိတွေလည်း မတည်တာကြောင့် ပြည်သူလူထုက တပ်မတော်ကို ယုံကြည်ဖို့ ခက်နေတာပါ။ တကယ်တမ်း ရိုးသားတယ်ဆိုရင် ဖြစ်ပြီးသမျှအမှားတွေကို ၀န်ခံလိုက်ပြီး နောင်ဘယ်လိုဆက်ပြီး ပြုပြင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိအ၀တ်တွေနဲ့ ရဲရဲအာမခံလိုက်ပါ။ ယခုလောက် ခါးခါးသည်းသည်း ဖြစ်နေစရာ မရှိပါဘူး။ သိက္ခာရှိတဲ့ တပ်မတော်တရပ်ဖြစ်လာဖို့ အရင်ကြိုးစားရမှာပါ။ ဒါဆိုရင် ပြည်သူ တွေကို ဆင့်ခေါ်စရာမလိုဘဲ အလိုလိုဝန်းရံလာပါလိမ့်မယ်။ ဗမာ့တပ်မတော်ရဲ့အစ BIA ဆိုတာ ပြည်သူလူထုကိုယ်တိုင်က လိုလိုလားလားနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပါဝင် ဖွဲ့စည်းခဲ့တဲ့ Voluntary Army သက်သက်ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ စစ်ကြီးပြီးတဲ့နောက် အနာဂတ်တိုင်းပြည် ကာကွယ်ရေးနဲ့ ထူထောင်ရေး အတွက်လိုအပ်ရင် အရွယ်ရောက်သူအားလုံး စစ်မှုမထမ်း မနေရ လုပ်သင့်လုပ်ရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောတော့ ဘယ်သူက ငြင်းချက်ထုတ်လို့တုန်း။ ကျနော့ အမြင်တော့ ဒီကိစ္စမှာ ပြည်သူလူထုက ခေါင်းဆောင်အပေါ် အကဲဖြတ်တဲ့ တန်ဖိုးက အရေးကြီးတယ်လို့ ထင်ပါတယ်။
ကျနော်တို့ သင်တန်းတက်တုန်းက သင်တန်းနည်းပြ ဗိုလ်ကြီးတစ်ဦး (ဗိုလ်ကြီး ညိုဝင်း) ပြောဖူးတာ ရှိပါတယ်။
လူတယောက်ရဲ့ တန်ဖိုးက အရေးကြီးတယ်တဲ့။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်က သူ့ကို မြင်ဖူးသူရော မမြင်ဖူးသူပါ တတိုင်းပြည်လုံး ယူကျုံးမရ ငိုကြွေးခဲ့ကြတယ်။ ခုလည်း နိုင်ငံခေါင်းဆောင်ကြီးတွေ တယောက်ပြီး တယောက် သေနေကြတာပဲ ဘယ်သူက အရေးလုပ်ပြီး ငိုကြလို့လဲ။ အဲဒါ လူတယောက်နဲ့ တယောက် တန်ဖိုးချင်း မတူကြတာပဲ.. တဲ့။
တိုင်းပြည်ခေါင်းဆောင်တွေ မှတ်သားစရာပါ။
တပ်ကြပ်ကြီး-နေမင်းသူ
source by :http://www.naytthit.net