- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရုံး ရှေ့မှာ “ ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့” ဆိုတဲ့ စာတန်းပါ တီရှပ်အဖြူရောင် ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူရေးတဲ့ ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မပြလို့ လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ မနေ့က “ ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့ထားတဲ့ ဆောင်းပါး တပုဒ်ကို NLD ရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆောင်းပါး ပေးမဖတ်နိုင်ဘူး ဆိုတဲ့အကြောင်း NLD ရုံးချုပ်က ဦးဝင်းထိန်က ငါးမင်းဆွေဆီ ဖုန်းဆက် ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ငါးမင်းဆွေက ရုံးရှေ့မှာ ဆန္ဒလာရောက် ထုတ်ဖော်ရတာပါတဲ့။

“သူ့ဆောင်းပါးတွေက ကျနော်တို့ ထောင်ထဲမှာ ဖတ်ဖူးတယ်။ ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူတွေကို အရမ်းစော်ကားထားတဲ့ စာတွေချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို မသိဘူး။ မနေ့က စာမှာလည်း စော်ကား ထားတာတွေပါလို့ လက်မခံတာ” လို့
ဦးဝင်းထိန်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်နေသော ငါးမင်းဆွေကို ၁၂နာရီဝန်းကျင်လောက်မှာတော့ NLD ရုံးချုပ်ထဲကို ခေါ်ယူပြီး ဦးဝင်းထိန်က ညှိတဲ့အခါမှာ တော်တော်လေး အချေတင် စကားများပြောခဲ့ကြရပါတယ်။
“ငါးမင်းဆွေမှ ဒေါ်စုကြည်သို့(၂)” ဆောင်းပါးမှာ ဒေါ်စုကြည်ဆိုတဲ့ အရေးအသားကို ပြင်ပေးဖို့ ညှိနှိုင်းတဲ့အခါမှာ ငါးမင်းဆွေက
ပြန်ပြင်ဆင်ရေးသားပေးမယ် ဒါပေမယ့် သူ့ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ထည့်ပေးရမယ်လို့ ပြန်ပြောပါတယ်။
အဲဒါနဲ့ “ဒေါ်စုဆီ ပို့ထားတဲ့ စာတွေကတပုံကြီး သူဖတ်တာ မဖတ်တာက ကျနော်မသိဘူး” လို့ ပြောပြီး ဦးဝင်းထိန်က စကား ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
သူရေးထားတဲ့ ဆောင်းပါးကိုငါးမင်းဆွေက NLD ရုံးချုပ်ရှေ့မှာ ရှိနေတဲ့ ပြည်တွင်း သတင်းထောက်တွေကိုသာ ဝေငှပါတယ်။
အဲဒီ ဆောင်းပါးစာရွက် အောက်မှာတော့ “ပြည်တွင်း သတင်းဂျာနယ်များ သို့ ထည့်သွင်းဖော်ပြနိုင်ရန်” လို့ ရေးပြီး လက်မှတ်ထိုးထားတဲ့ စာရွက်တွေလည်း ပါပါတယ်။ ဒါ့အပြင် မော်နီတာ ဂျာနယ်မှာ ပါဝင်ပြီးသား သူ့ဆောင်းပါးတွေကိုလည်း ရုံးချုပ် ပတ်ဝန်းကျင်မှာ ဝေပါသေးတယ် (တော်တော်လေး မြို့မေတ္တာ ခံယူချင်ပုံပဲ)
“ကျနော်က အစိုးရကို ဘက်လိုက်ပြီး ရေးတာမဟုတ်ပါဘူး။ ကျနော် ရေးသမျှစာတွေက ကိုယ့်အမြင်နဲ့ ကိုယ်ရေးတာကပါ။ တချို့
ဆောင်းပါးတွေဆို မျက်ရည်ကျပြီး ရေးခဲ့တာ” လို့ ငါးမင်းဆွေက ရုံးချုပ်ရှေ့က သတင်းထောက်တယောက်ကို ပြောပါတယ် (ကြည့်ရတာ ရေးရင်း မျက်စိထဲ ပိုးကောင်တွေဘာတွေ ဝင်သွားလားမသိဘူး)
အဲဒီ ငါးမင်းဆွေဟာ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလက “၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့”
ဆိုတဲ့ ဆောင်းပါးကို စရေးခဲ့ပြီး “ငရဲမင်းနှင့် ငမင်းဆွေ”၊ “ငါးမင်းဆွေမှ စုကြည်သို့”၊ “စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရ၏”၊ “ကုန်ဈေးနှုန်း ကျချင်သလား မီးမှန်ချင်သလား”၊ ”ရာဇ၀င်လူဆိုး”၊ “ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းသုံးနေသည်”၊ ” ဘယ်သွားနေလဲ မင်းကိုနိုင်”၊ ”တော်ကြပါတော့ဗျာ သွားကြပါတော့ဗျာ”၊ “အမြန်ဆုံးရုန်းထွက်ချင်ပါသလား” ဆိုတဲ့ ဆောင်းပါးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စော်ကား ထားပါတယ် (ဆောင်းပါး ခေါင်းစဉ်တွေကိုက ရိုက်ချင်စရာ လေးတွေပဲနော်)
နောက်ထပ် ရိုက်ပေါက် ဆောင်းပါးတွေလည်း ဆက်ရေးနေသေးတယ်လို့ သိရပါတယ်။
NLD ရုံးရှေ့မှာသူ့ကို ဝိုင်းကြည့်နေတဲ့ သူတွေထဲက သူ့အကြောင်း မသိသေးတဲ့ သူတွေက သူဝေတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပြီး “အရူး” လို့ ပြောကြသတဲ့။ ငါးမင်းဆွေရဲ့ အံ့မခန်း အောင်မြင်မှုပေါ့။ သူ့အကြောင်း သိတဲ့သူတွေကတော့ ထိုင်ဆဲနေကြပါတယ်တဲ့။
ရန်ကုန် အခြေစိုက် ဧရာဝတီ သတင်းထောက် ပေးပို့သည်
source by : ဧရာဝတီ ဘလော့ဂ်