ရွေးကောက်ပွဲ အထူးအစီရင်ခံစာ

၂၀၁၀ရွေးကောက်ပွဲနှင့်နိုင်ငံရေးအကျဉ်းသားများ
ပြည်သူ့ဆန္ဒကို အမှန်တကယ်ထင်ဟပ်ကိုယ်စားပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် အတွက်လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်နိုင်ခွင့်၊ လွတ်လပ်သည့်သတင်းမီဒီယာ၊လွတ်လပ်စွာ စုရုံးနိုင်ခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းနိုင်ခွင့်နှင့် လွတ်လပ်စွာ သတင်းအချက်အလက်ရယူနိုင်ခွင့်တို့ ရှိနေရန်လိုအပ်ပါသည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန်အတွက် ထိုအခြေခံလိုအပ်ချက်များ မြန်မာနိုင်ငံတွင် ကင်းမဲ့နေပါသည်။

ထိုမျှမက ပြည်သူများအနေဖြင့်စဉ်ဆက်မပြတ် ဆိုသလို နှိပ်စက်ညှဉ်းပမ်းခြင်းံချုပ်နှောင် ထိန်းသိမ်းခြင်းများ ခံနေကြရပါသည်။၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တောက်လျှောက်ဖြစ်ပွားနေသည့် နိုင်ငံရေးလှုပ်ရှားသူများ၊နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်သူများထောက်ခံအားပေးသူများ အပြင်သာမန်ပြည်သူများအား ၄င်းတို့၏နိုင်ငံသား အခြေခံရပိုင်ခွင့်များနှင့်နိုင်ငံရေး အခွင့်အရေးများရရှိရန်အတွက် ငြိမ်းချမ်းစွာဖော် ထုတ်ဖွင့်ဟသဖြင့် ထောင်သွင်း အကျဉ်းချ ခံရမှုများနှင့်ပတ်သက်ပြီးအချက်အလက်များ စုဆောင်းကာ မှတ်တမ်းတင်ထားပါသည်။

ရွေးကောက်ပွဲ အကြိုကာလတလျှောက် နိုင်ငံရေးအကျဉ်းသား အရေအတွက်တိုးမြင့်လာသည် ကိုသာမက နှိပ်စက် ညှဉ်းပမ်းမှုနှင့် ဆိုးရွားလှသည့် ထောင်အခြေအနေများကြောင့်နိုင်ငံရေး အကျဉ်းသားများ လူ့အခွင့်အရေးအချိုး ဖောက်ခံနေရမှုများ နှင့်နောက်ဆက်တွဲရလဒ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင် အတွင်းသေဆုံးရမှုများနှင့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်ကျန်းမာရေးထိခိုက် ချို့ယွင်းမှုများကို လည်းမှတ်တမ်းတင် ပြုစုထားပါသည်။

အတိုက်အခံများအား ဖိနှိပ်ညှဉ်းပမ်းမှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှု နိုင်ငံရေးလှုပ်ရှားသူများအား ဥပဒေနှင့်ညီညွတ်မှုမရှိပဲ ဖမ်းဆီးချုပ်နှောင် ထားမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးမျက်နှာ စာတွင်အသွင်နှစ်မျိုးဖြင့် ထူးခြားစွာ တည်ရှိနေပါသည်။ ပထမတမျိုးမှာ လူသိထင်ရှားသော နိုင်ငံရေးလှုပ်ရှား သူများအားလူထုမြင်ကွင်းနှင့် နိုင်ငံရေးဘ၀တို့မှဖယ်ထုတ်ထားခြင်း ဖြစ်ပါသည်။ ၈၈ မျိုးဆက် ကျောင်းသား လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ ခေါင်းဆောင် အားလုံးနီးပါးသည်လက်ရှိအချိန်တွင် အကျဉ်းထောင်များ အတွင်းအကျဉ်းချ ခံနေကြရပါသည်။ သည်မှာ နိုင်ငံရေးအားဖြင့်သော်၎င်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍သော်၎င်းစစ်အစိုးရအား ဆန့်ကျင်ကာ လူထုအားပညာပေးခြင်း၊ စည်းရုံးခြင်းများ မပြုလုပ်နိုင်စေရန် တားမြစ်ထားခြင်းဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်အဖွဲ့ဝင်များ၊ ခေါင်းဆောင်များသည် လည်းထောင်သွင်း အကျဉ်းချထားခြင်းခံနေကြရသည်။ အလားတူပင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက်ငြိမ်းချမ်းစွာတောင်းဆိုအကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်ဆေထင်နှင့် ဦးခွန်ထွန်းဦးတို့ကဲ့သို့တိုင်းရင်းသား ခေါင်းဆောင်အများ အပြားသည်လည်းထောင်သွင်း အကျဉ်းချကာ ပြည်သူလူထုနှင့်အဆက်ဖြတ်ထားခြင်း ခံနေကြရပါသည်။

ဒုတိယအချက်အနေဖြင့် ပြည်သူတရပ်လုံးအား အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုများအားထောက်ခံခြင်း၊ ကူညီအားပေးခြင်းမပြုလုပ်ရဲစေရန် ခြိမ်းခြောက်သည့် အနေဖြင့်နိုင်ငံရေး လှုပ်ရှားသူများအားပြင်းထန်ကြမ်းတမ်းသည့် ထောင်ဒဏ်များချမှတ်ခြင်း၊ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့်ရက်စက်စွာပြစ်ဒဏ်ပေးခြင်းများအားစစ်အစိုးရမှ ကျူးလွန် နေပါသည်။ ထိုပြစ်ဒဏ်များ၊ နှိပ်စက်ညှဉ်းပမ်းမှုများ၏ နောက်ဆက်တွဲအကျိုးဆက်များမှာထင်ရှားသိသာလှသည်။ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်မှုများအား၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း စစ်အစိုးရမှ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါသည်။

သာမန်အရပ်သားပြည်သူများအား နိုင်ငံရေး လှုပ်ရှားမှုများတွင်မပါဝင်ရဲစေရန် အကြောက်တရားဖြင့် ခြိမ်းခြောက်ခြင်းဖြစ်ပါသည်။ ထိုအကြောက်တရားသည် အတိုက်အခံများအားလှုပ်မရအောင်ချုပ်ကိုင်သည့်အပြင်စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်အဓိက အချက်များဖြစ်သည့် တက်ကြွရှင်သန်သည့်လူမှု အသိုင်းအ၀ိုင်းဖြစ်လာစေရေးနှင့်အစိုးရ၏လုပ်ဆောင်ချက်များအားဝေဖန်ခြင်းမှ ဟန့်တား ထာားပါသည်။

နိုင်ငံရေးအကျဉ်းသားအခြေအနေ
လက်ရှိအချိန်တွင်မြန်မာနိုင်ငံအတွင်း ခန့်မှန်းခြေနိုင်ငံရေးအကျဉ်းသားပေါင်း၂၂၀၃ ဦးရှိပါသည်။ နိုင်ငံရေးအကျဉ်းသားအရေအတွက်သည် ၂၀၀၆ခုနှစ်တွင် ၁၁၀၀ကျော်ရှိရာမှ၂၀၀၈ခုနှစ် စက်တင်ဘာလ တွင်၂၁၂၃ ဦးအထိ နှစ်ဆတိုးလာခဲ့သည်။ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားပေါင်း၉၀၀ ခန့်သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များဦးဆောင်ခဲ့သည့် ၂၀၀၇ သြဂုတ်လဆန္ဒပြပွဲများနှင့် ၂၀၀၇ စက်တင်ဘာလသံဃာတော်များ ဦးဆောင်ခဲ့သည့်ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများအလွန်တွင်အဖမ်းခံ အကျဉ်းချခံကြရသူများဖြစ်ကြပါသည်

နိုင်ငံရေးအကျဉ်းသား အရေ အတွက်သည် ၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ် တလျှောက်လုံးတိုးမြဲတိုးနေခဲ့သည်။ ၂၀၀၉ခုနှစ်အောက်တိုဘာလမှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ တနှစ်တာအတွင်းစစ်အစိုးရ၏အတိုက်အခံများဟုယူဆခံရသော သာမန် ပြည်သူများနှင့်နိုင်ငံရေး လှုပ်ရှားသူ ၁၁၀ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသော်လည်းလက်တွေ့တွင်မူ ထိုပမာဏထက် ပိုမို များပြားနိုင်ပါသည်။အေအေပီပီမှ ထုတ်ပြန်သည့် အကျဉ်းသားစာရင်းများတွင်သတင်းအချက်အလက် ရရှိနိုင်ရန်ခဲယဉ်းသည့်အတွက် တခါတရံ ဝေးလံခေါင်ဖျား တိုင်းရင်းသားဒေသများမှ ဒေသခံပြည်သူများမကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းညှဉ်းပမ်း နှိပ်စက်ခံရမှုများမပါဝင်သေးပါ။

ထို့အပြင် ၂၀၀၉ ခုနှစ်အောက်တိုဘာလမှစ၍ လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား ဦးရေမှာ ၆၉ ဦးသာရှိပါသည်။ ရွေးကောက်ပွဲမတိုင်ခင် ၂ လတာကာလအတွင်း အဖမ်းအဆီး ၁၈ ဦးရှိခဲ့ပြီး ၆ ဦးသာ လွတ်မြောက်လာသည့် စာရင်းတွင်ပါဝင်ပါသည်။ ထိုစာရင်းများတွင် စက်တင်ဘာလအတွင်းအဖမ်းခံရသည့် ကျောင်းသား ၁၁ ဦးနှင့် စစ်အစိုးရမှ ရွေးကောက်ပွဲများအား နှောက်ယှက်ဖျက်ဆီးရန် ဦးတည်လုပ်ဆောင်သည်ဟု စွပ်စွဲထားသည့် ဗုံးဖောက်ခွဲမှုများနှင့်ပတ်သက်ပြီး အဖမ်းခံရသူ ၅ ဦးပါဝင်ပါသည်။
မြန်မာနိုင်ငံတွင်းတွင်အကျဉ်းထောင်ပေါင်း ၄၃ ခု၊ရဲဘက်စခန်းပေါင်း ၁၀၉ ခုနှင့်အရေအတွက် မသိနိုင်သော လျှို့ဝှက်စစ်ကြောရေးစခန်းပေါင်းများစွာရှိပါသည်။မြန်မာပြည်တွင်း၌ လူသိများသောစစ်ကြောရေးစခန်း အနည်းငယ်မှလွဲ၍ လျှို့ဝှက်စစ်ကြောရေးစခန်းများစွာလူမသိသူမသိ တည်ရှိနေပါသည်။

ရွေးကောက်ပွဲအကြိုကာလတွင်လျှို့ဝှက်စွာ ချုပ်နှောင်ထိန်းသိမ်းထားခြင်း၊ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ အချုပ်အနှောင် ခံရသူများထံမှမတရားသဖြင့် ဖြောင့်ချက်ရယူရန်ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့်အခြားသော နည်းလမ်းများဖြင့်နှိပ်စက်ခြင်း၊ အစိုးရအား ဝေဖန်သဖြင့် လက်စားခြေခြင်းနှင့် မဝေဖန်ရဲစေရန် ပြစ်ဒဏ်ပေးခြိမ်းခြောက်ခြင်းများတရံမလပ် ဖြစ်ပွားလျက်ရှိပါသည်။

၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တလျှောက်လုံးနိုင်ငံရေးလှုပ်ရှားသူများသည်ဥပဒေဆိုင်ရာ အခြေခံ အခွင့်အရေးများမရှိသည့် ဥပဒေမဲ့တရားရံးများမှ အမိန့်ချပြစ်ဒဏ်ပေးခြင်းများ ခံခဲ့ကြရပါသည်။ ဥပမာအနေဖြင့် အသက် ၂၁ နှစ်အရွယ် တက္ကသိုလ် ကျောင်းသားဗိုလ်မင်းယုကိုသည် မည်သည့် ဥပဒေရေးရာအခွင့်အရေးများမှ မရရှိပဲ မည်သည့်ရှေ့နေနှင့်မှခုခံ ကာကွယ်ပိုင်ခွင့်မရပဲထောင်ဒဏ် ၁၀၄ နှစ် ချမှတ်ခံခဲ့ရပါသည် ။ ထောင်ဝင်းအတွင်း ဖွင့်လှစ်ကြားနာသည့်လျှို့ဝှက် တရားရုံးတခုမှ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၃ ရက်နေ့တွင်အမိန့်ချခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့သော ကြမ်းတမ်းပြင်းထန်ရက်စက်သည့် ထောင်ဒဏ်များနှင့်ဥပဒေနှင့် မညီညွတ်သည့် တရားရုံး လုပ်ထုံးလုပ်နည်းများသည်မြန်မာနိုင်ငံတွင် ဥပဒေမဲ့တရားရေးစံနစ်အား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်းထင်ရှား စေပါသည်။

၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၀ရွေးကောက်ပွဲကာလနှစ်ခုစလုံးတွင်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် ထောင်တွင်း၌နိုင်ငံရေးအကျဉ်းသား အနည်းဆုံး၂၁၀၀ကျော် အကျဉ်းကျနေကြဆဲဖြစ်ပါလိမ့်မည်။ ထိုနိုင်ငံရေးအကျဉ်းသားများအနေနှင့် လွတ်လပ်မှုဆုံးရှုံးရုံတင်သာမက မဲပေးခွင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင်ပါဝင်ပိုင်ခွင့်နှင့် နိုင်ငံရေးပါတီများတွင်ပါတီဝင် အဖြစ်ပါဝင်ခွင့်တို့ဆုံးရှုံးနေကြပါသည်။ အချို့ဆိုလျှင် ပါတီအဖျက်ခံရသည့် အတွက်ရှိရင်းစွဲ ပါတီဝင်အဖြစ်မှ ဆုံးရှုံးရခြင်းများ ရှိပါသည်။

ကိုမင်းကိုနိုင်ကဲ့သို့သော သူများအတွက်မူ ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲကာလအား ထောင်တွင်းမှဖြတ်သန်းရသည့် အတွေ့အကြုံပင်ဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးအကျဉ်းသားများထဲမှအနည်းဆုံး ၄၅ ဦးသည် ရွေးကောက်ပွဲကာလနှစ်ခုစလုံးတွင် ထောင်ကျနေရသူများ ဖြစ်ပါသည်။ ထိုအထဲမှ အနည်းဆုံး ၃၀ ဦးသည် ၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၀ရွေးကောက်ပွဲကာလ နှစ်ခုစလုံးတွင်အနှစ် ၂၀ လုံးလုံး အကျဉ်းကျ နေကြခြင်းဖြစ်ပါသည်။ တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူကရင် အမျိုးသားအစည်းအရုံးမှ ကိုခင်မောင်လင်း သည် ၁၉၈၂ခုနှစ်ကတည်းက ယခုအချိန်အထိအကျဉ်းကျနေခဲ့သူ ဖြစ်ပါသည်။

ဦးအုန်းသန်း နှင့်ပြည်သူ့အချစ်တော် အနုပညာရှင် ကိုဇာဂနာ ကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများသည် လွန်ခဲ့သည့် အနှစ် ၂၀ တာကာလတလျှောက်လုံးအကြိမ်ကြိမ် ထောင်ကျလိုက် ပြန်လွတ်လိုက်ဖြစ်ခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲ ကာလတွင် အကျဉ်းကျနေခဲ့ကြပါသည်။ ထို့နောက်ပြန်လွတ်လာပြီး ယခုအချိန်တွင် ထပ်မံအကျဉ်းကျနေ ကြသဖြင့် ၂၀၁၀ရွေးကောက်ပွဲကာလ ကိုလည်း ထောင်တွင်းမှပင် ဖြတ်သန်းရမည့် သူများ ဖြစ်ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် ၁၉၈၉ ခုနှစ်မှစတင်ကာ ထိန်းသိမ်းခံခဲ့ရသူဖြစ်သဖြင့်ယခုရွေးကောက်ပွဲသည် အကျယ်ချုပ်အဖြစ်ဖြတ်သန်းရမည့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်သည်။

အကျဉ်းထောင်တွင်းရှိနိုင်ငံရေးခေါင်းဆောင်များ
ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့ကဲ့သို့အကျဉ်းချခံ နိုင်ငံရေး ခေါင်းဆောင်များသည် မည်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် မဆိုအရေးပါသော အခန်းကဏ္ဍမှ ရှိကြသူများဖြစ်ကြပါသည်။ အလားတူစွာပင် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တလျှောက် ပြည်သူကိုဦးဆောင်မှု ပေးနိုင်သော ကိုမင်းကိုနိုင် ကဲ့သို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဇာဂနာကဲ့သို့ ပြည်သူချစ်သည့်အနုပညာရှင်များနှင့် ဦးဂမ္ဘီရ ကဲ့သို့ သံဃာခေါင်းဆောင်များ စသည့် လူသိထင်ရှား နိုင်ငံရေး ခေါင်းဆောင် အများအပြားသည်လည်း အကျဉ်းချ ခံနေကြရပါသည်။

၁၉၉၀ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၈၅ယောက်အရွေးခံခဲ့ရပြီး ထိုအထဲမှ ၃၉၂ယောက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ပါသည်။ လက်ရှိတွင် အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂ယောက် အကျဉ်းကျနေကြဆဲဖြစ်ပြီး ၃၄ယောက်မှာ ပြည်ပတွင် ရောက်ရှိနေကြပါသည်။ ထိုအကျဉ်းကျနေဆဲ လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်အနက် ၁၀ယောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ပြီးအခြားနှစ်ဦးမှာ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးခွန်ထွန်းဦးနှင့် ဦးကျော်မင်းတို့ ဖြစ်ပါသည်။ ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်အမတ်နေရာ ၄ နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီမှ ရိုဟင်ဂျာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီးခံရကာလက်ရှိတွင် မြင်းခြံထောင်၌ထောင်ဒဏ် ၄၇ နှစ် ကျခံနေရပါသည်။ ဦးကျော်မင်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ အဖွဲ့ဝင်တဦးလည်းဖြစ်သည်။

ဦးခွန်ထွန်းဦးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးဆုံးပါတီအဖြစ် ၁၉၉၀ ရွေးကောက်ပွဲ တွင် အမတ်နေရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပါသည်။ ဦးခွန်ထွန်းဦးသည် လက်ရှိတွင်ရာသီဥတုဆိုးရွားသည့် မြန်မာပြည် မြောက်ပိုင်းရှိကချင်ပြည်နယ် ပူတာအိုထောင်၌ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပါသည်။ ဦးခွန်ထွန်းဦးသည် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်အဖမ်းခံခဲ့ရပြီး အမျိုးသားညီလာခံအားနှောက်ယှက်မှု၊ နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှု၊ စာပေစိစစ်ရေးဥပဒေနှင့် မတရားအသင်းဥပဒေတို့နှင့် ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ဦးခွန်ထွန်းဦးအား အခြားသောနိုင်ငံရေးခေါင်းဆောင်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီမှဗိုလ်ချုပ် ဆေထင် ကဲ့သို့ အခြားတိုင်းရင်းသားခေါင်းဆောင်အများအပြားလည်း ဖမ်းဆီးခံခဲ့ကြရပါသည်။

အသက် ၇၄ နှစ်အရွယ်တွင် ဗိုလ်ချုပ်ဆေထင်သည် ထောင်ဒဏ် ၁၀၆ နှစ်ချမှတ်ခံခဲ့ရသည်။ ထိုရှမ်းတိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးသည်အဖမ်းမခံရခင် အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အားထောက်ခံကြောင်းနှင့် ၄င်းတို့လိုလားသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ရဲရင့်ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုခဲ့သူများ ဖြစ်ကြပါသည်။ လက်ရှိတွင်မြန်မာနိုင်ငံ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေး စခန်းများနှင့်ရဲဘက် စခန်းများတွင် တိုင်းရင်းသားနိုင်ငံရေးအကျဉ်းသား အနည်းဆုံး၂၃၃ကျော် အကျဉ်းကျ နေကြသည်။

စက်တင်ဘာလ၁၆ ရက်နေ့တွင် စစ်အစိုးရမှမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ ကျေးရွာပေါင်း၃၄၀၀ကျော်တွင် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် အဓမ္မနေရာပြောင်းရွှေ့ခံရသူတိုင်းရင်းသားပြည်သူ ၅၀၀၀၀၀ကျော်သည်လည်း ရွေးကောက်ပွဲတွင်မဲပေးနိုင်မည်မဟုတ်ပါ။ ခန့်မှန်းခြေပြည်သူ တစ်သန်းခွဲခန့် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါသည်။

စစ်အစိုးရ၏ယခုကဲ့သို့ တိုင်းရင်းသားဒေသများအား ရွေးကောက်ပွဲများမှ ဖယ်ထုတ်ထားခြင်း၊ ထင်ရှားသည့် တိုင်းရင်းသားခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များဖြင့် ထောင်သွင်းအကျဉ်းချ ထားခြင်းသည် စစ်မှန်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မဖြစ်မနေပြုလုပ်ရန်လိုအပ်သော တိုင်းရင်းသား အားလုံးပါဝင်သည့်တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင်ရန်စစ်အစိုးရဘက်မှ ဆန္ဒမရှိကြောင်းသက်သေတခုပင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ပေါင်း အနည်းဆုံး၄၁၃ ဦး လက်ရှိတွင် အကျဉ်းကျနေကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်၂၁ နှစ်တာကာလတွင် ၁၅ နှစ်ကျော်နေအိမ် အကျယ်ချုပ်အဖြစ် အကျဉ်းချခံခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများထဲတွင် အများစုဖြစ်သည်။ ၂၀၀၉ ခုနှစ် ဧပရယ်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည့် ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှရွေးကောက်ပွဲဥပဒေများအား သေချာစွာလေ့လာပြီး ဒီမိုကရက်တစ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ ၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟုကြေငြာခဲ့ပါသည်။

ထိုအထဲတွင်နိုင်ငံရေးအကျဉ်းသား အားလုံးအားခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ၂၀၀၈ အခြေခံဥပဒေအားပြန်လည်ပြင်ဆင်ရေး၊ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတပြီး နိုင်ငံတကာစောင့်ကြည့် လေ့လာမှုအောက်တွင်အလုံးစုံပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်ရေး စသည်တို့ ပါဝင်ပါသည်။

စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏တောင်းဆိုချက်များအား လျစ်လျူရှုခဲ့ပြီးယခုအပတ်အတွင်း နိုဝင်ဘာ ၇ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပအံ့ဆဲဆဲ ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသားပေါင်းအနည်းဆုံး ၂၂၀၃ ဦးသည် ထောင်တွင်းအကျဉ်းချခံ နေရဆဲဖြစ်ပြီးနိုင်ငံတကာ သတင်းမီဒီယာနှင့်လေ့လာသူများအားလည်း ပြည်တွင်းဝင်ခွင့်မပြုပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ် ဟုဆုံးဖြတ်ခဲ့ပါသည်။

၂၀၁၀ ခုနှစ်မတ်လတွင် ထုတ်ပြန်ခဲ့သည့်ရွေးကောက်ပွဲဥပဒေသစ်နှင့်နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းဥပဒေ (၂/၂၀၁၀) အခန်း ၁၊ အပိုဒ်ခွဲ၂ (ဈ) အရ နိုင်ငံရေး ပါတီများအားအကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် (သို့) ထိန်းသိမ်းခံထားရသည့်ပါတီဝင်များအား ပါတီဝင် အဖြစ် လက္ခံထားခြင်းအားတားမြစ်ထားသည်။ စစ်အစိုးရမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားအကျဉ်းကျနေသည့် ပါတီဝင်များအားပါတီဝင်အဖြစ်မှ ရပ်ဆိုင်းရန်သို့မဟုတ်ပါက နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခြင်းမှ ရပ်ဆိုင်းရန်ရာဇသံပေးခဲ့ပါသည်။ အကျဉ်းကျနေသည့် ပါတီခေါင်းဆောင်နှင့် ပါတီဝင် ၄၁၃ ယောက်အား ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းရန် ငြင်းပယ်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အားစစ်အစိုးရမှ နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အတိုက်အခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများအား ရာဇ၀တ်မှုအဖြစ်သတ်မှတ်ခြင်း
ရွေးကောက်ပွဲများနီးကပ်လာသည်နှင့် အမျှပြည်သူလူထု၏ နိုင်ငံသားဆိုင်ရာ အခြေခံရပိုင်ခွင့်များနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအား ထပ်မံကန့်သတ်ချုပ်ချယ်သည့် တားမြစ်ပိတ်ပင်မှုအသစ်များအားစစ်အစိုးရမှ တိုးမြှင့် လုပ်ဆောင်နေပါသည်။ တည်ရှိပြီးသားကန့်သတ်ချုပ်ချယ်မှုများ ဖြစ်သည့် ၅ ဦးထက်ပို မစုဝေးရန်၊ အခြေခံဥပဒေအားဆန့်ကျင်ခြင်း၊ ဝေဖန်ခြင်းမပြုရန်နှင့် အလုပ်သမားလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေး အဖွဲ့များတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း အပေါ်ပိတ်ပင်တားမြစ်ခြင်း များအပြင်၂၀၁၀ ခုနှစ် ဂျွန်လ ၂၃ ရက်နေ့တွင်ပြဌာန်းလိုက်သော အမိန့်အမှတ်၂/၂၀၁၀ အရ အလံကိုင်ဆောင်ခြင်း၊ကြွေးကြော်သံများ အော်ဟစ်ခြင်းနှင့်လမ်းလျှောက် ချီတက်ခြင်းများအားစစ်အစိုးရမှ ထပ်မံပိတ်ပင် ကန့်သတ်လိုက်ပါသည်။

ရွေးကောက်ပွဲအပေါ်နှောက်ယှက်ဟန့်တားသူ မည်သူမဆို ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများမှတဆင့် စစ်အစိုးရမှ သတိပေးခြိမ်းခြောက်မှုများလည်း ပြုလုပ်လျက်ရှိပါသည်။ မြန်မာ့ အလင်းသတင်းစာမှတဆင့် “နိုင်ငံတော်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးတရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဟန့်တားသည့်မည်သည့် ပြောဆိုမှုမျိုး၊ရေးသားဖြန့်ဝေမှုမျိုး၊ ဝေဖန်မှုမျိုးကိုမဆို” ထောင်ဒဏ် အနှစ် ၂၀ အထိပြစ်ဒဏ်ပေးနိုင်သည့် နိုင်ငံတော် တာဝန်ဝတ္တရားများနှင့်ပတ်သက်သည့် ၁၉၉၆ဥပဒေသည် တည်နေဆဲဖြစ်ကြောင်းပြည်သူလူထုအား အသိပေးခြိမ်းခြောက်ခဲ့ပါသည် ။

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ရေးလှုပ်ရှားမှုများ
ဖမ်းဆီးအကျဉ်းချအနှိပ်စက်ခံရမည့် အန္တရာယ်များနှင့်ပြည့်နှက်နေသည့်တိုင် ရဲရင့်သော ပြည်သူများက ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများအား တက်တက်ကြွကြွ လုပ်ဆောင်လျက် ရှိကြပါသည်။ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင်မဲမပေးပဲ ဆန့်ကျင်ရန် တိုက်တွန်းသည့်စာရွက်စာတမ်း ကြေငြာချက်ဖြန့်ဝေခြင်းများ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပျံ့နှံ့လျက်ရှိပါသည်။ ထိုလှုပ်ရှားမှုများအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်မျိုးဆက်လှိုင်းလူငယ်အဖွဲ့တို့မှ ဦးဆောင်နေကြခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထိုအဖွဲ့များမှအချို့အဖွဲ့ဝင်များမှာ လက်ရှိကာလတွင် အကျဉ်းကျနေကြဆဲ ဖြစ်ပါသည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ၃၉ ဦး၊ မျိုးဆက်လှိုင်းအဖွဲ့မှ၂၁ ဦးနှင့် ဗကသမှ အဖွဲ့ဝင်၁၀၀ ကျော်ခန့်တို့ ဖြစ်သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့တွင် စစ်အစိုးရမှ တဘတ်သတ်ဖျက်သိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှလူငယ်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိအင်းစိန်နှင့် မင်္ဂလာဒုံ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါသည်။ ထိုကြေငြာချက်များတွင် ‘လူတိုင်းတွင် မဲပေးခွင့်ရှိသလိုမဲမပေးပဲလည်း နေပိုင်ခွင့်ရှိသည်’ ဟု ဖော်ပြထားပြီး လူစည်ကားရာလမ်းများ၊ ဘတ်စ်ကားဂိတ်များနှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးမှ “ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့လူတိုင်း မဲပေးခွင့်ရှိသလိုမဲမပေးပဲ နေပိုင်ခွင့်လည်းရှိတယ်ဆိုတဲ့အပေါ် အခြေခံပြီး ဒီစာရွက်တွေကိုဝေတာပါ” ဟု ဆိုသည်။ အာဏာပိုင်များမှဖမ်းဆီးမှုများ မလုပ်ခဲ့သော်လည်း စာရွက်ဝေနေသူများအား ဓါတ်ပုံ ရိုက်ယူခြင်းများပြုလုပ်ခဲ့ပါသည်။ ( ဓါတ်ပုံရိုက်ခြင်းမှာ တချိန်တွင် ဖမ်းဆီးထိမ်းသိမ်းရန် အထောက်အထားယူခြင်းဟု ဆိုနိုင်သည် )

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဖမ်းဆီးအရေးယူမှုများ ထိန်းသိမ်းချုပ်နှောင်ထားမှုများ
ရွေးကောက်ပွဲအကြိုကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း များစွာအားမှတ်တမ်းပြုစု ထားပါသည်။ အေအေပီပီမှမှတ်တမ်းတင်ထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင်စစ်အစိုးရ၏ ရွေးကောက်ပွဲအားဆန့်ကျင်မှုအပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခြားနိုင်ငံရေးလုပ်ငန်းများ ကြောင့်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထိန်းသိမ်းခြင်း၊ အကျဉ်းချခြင်းများ ပါဝင်ပါသည်။

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းကြောင့် နိုင်ငံရေးလှုပ်ရှားသူပေါင်း၁၅ ဦးထက်မနည်း အဖမ်းခံရပြီးဖြစ်သည်။ စက်တင်ဘာလထဲတွင်တက္ကသိုလ် ကျောင်းသား ၁၁ ဦးရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပါသည်။ ၄င်းတို့ထဲမှ ၅ ဦးသည် စက်တင်ဘာလ၁၄ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး၃ ဦးမှာ ၁၇ ရက်နေ့နှင့် နောက်ထပ်၃ ဦးမှာ ၁၈ ရက်နေ့တို့တွင်အသီးသီး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ ထိုကျောင်းသား ၁၁ ဦးအနက်ကိုချမ်းမြေ့အောင်နှင့် ကိုရဲလင်းဖြိုးတို့နှစ်ဦးပြန်လွတ်လာသည့် အတည်ပြုချက်သာအေအေပီပီမှ ရရှိခဲ့ပါသည်။ ကျန်၉ ဦး မှာ အင်းစိန်ထောင်အတွင်းတရားရုံးတင် စစ်ဆေးကြားနာခြင်းမရှိသည့်အပြင်ဥပဒေနှင့်အညီမဟုတ်ပဲ ထိန်းသိမ်းခံနေရဆဲဖြစ်ပါသည်။ ထိုကျောင်းသားများသည်ဒဂုံတက္ကသိုလ်ဝင်းအတွင်း “ကြံ့ခိုင်ရေးပါတီကိုမဲပေးရင်ပြည်သူနဲ့ သံဃာတွေ ထပ်အသတ်ခံရလိမ့်မယ်” “၂၀၀၈ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကစစ်အစိုးရကို သက်ဆိုး ရှည်စေလိမ့်မယ်” ဟု ရေးသားထားသည့် စာတမ်းများဖြန့်ဝေခဲ့ကြသည်။

ကျောင်းသားများအားပစ်မှတ်ထားခြင်းမှာ အသစ်အဆန်းတော့ မဟုတ်ပါ။လက်ရှိတွင် ကျောင်းသား ၂၈၃ဦးထက်မနည်း နိုင်ငံရေးလှုပ်ရှားမှုများတွင်ငြိမ်းချမ်းစွာ ပါဝင်ခဲ့သည့်အတွက်အကျဉ်းကျ ခံနေကြပါသည်။ ထိုအထဲမှအချို့မှာ အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေးသည်။

သက်တော်၂၈ နှစ်ရှိ သံဃာတော် ဦးဥက္ကံသသည်ရွေးကောက်ပွဲအား ဆန့်ကျင်လှုပ်ရှားခဲ့သည့်အတွက်ဇန္န၀ါရီလအတွင်း မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှဖမ်းဆီးခြင်း ခံခဲ့ရသည်။ဦးဥက္ကံသသည် ရေှးမော်လမြိုင် ကားလမ်းပေါ်တွင် “၂၀၁၀ရွေးကောက်ပွဲ အလိုမရှိ” ဟု မှုတ်ဆေးဖြင့်ရေးသားခဲ့ပါသည်။ ရဲသတင်းတပ်ဖွဲ့မှဦးဥက္ကံသနှင့်အတူ လက်ပ်တော့ပ်ကွန်ပျူတာ၊ ဗီဒီယိုကင်မရာနှင့် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်စာတမ်းများ သိမ်းယူခဲ့သည်။ ဦးဥက္ကံသအား စက်တင်ဘာလ ၂၇ ရက်နေ့တွင်ပုံနှိပ်ဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေနှင့်အများပြည်သူ တည်ငြိမ်အေးချမ်းမှုအားနှောက်ယှက်ဟန့်တားသည့် ဥပဒေပုဒ်မ ၅၀၅ (ခ) တို့အရ ထောင်ဒဏ်၁၅ နှစ် ချမှတ်ခံခဲ့ရပါသည်။

ဦးဥက္ကံသသည်အစာအိမ်ဝေဒနာနှင့် အဖျားဝေဒနာတို့ခံစားနေရသော်လည်း အာဏာပိုင်တို့မှသူ့အား အင်းစိန်ထောင်မှသာယာဝတီထောင်သို့ အောက်တိုဘာလ၁၃ ရက်နေ့တွင် ပြောင်းရွေ့လိုက်ကြောင်းအေအေပီပီမှ သတင်းရရှိပါသည်။မွန်ပြည်သစ်ပါတီမှရရှိသည့် သတင်းအရဦးဥက္ကံသအား သံဖြူဇရပ်မြို့နယ်တွင်ထိန်းသိမ်းချုပ်နှောင်ထားစဉ်အာဏာပိုင်များမှ အတင်းအဓမ္မလူဝတ်လဲစေခဲ့ပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့ကြောင်း သိရှိရသည်။ ထို့အတွက်ဦးဥက္ကံသအား မော်လမြိုင်တွင်ခေတ္တ ဆေးရံတင်ခဲ့ရကြောင်းလည်းသိရပါသည်။

ယခုလက်ရှိကာလတွင်သံဃာတော် စုစုပေါင်း ၂၆၂ ပါးထက်မနည်းအကျဉ်းကျနေကြဆဲဖြစ်ပါသည်။

အတိုက်အခံအားသိက္ခာချတိုက်ခိုက်ရန် နိုင်ငံပိုင်သတင်းမီဒီယာအားအသုံးချမှု
စစ်အစိုးရသည် နိုင်ငံပိုင်သတင်းဌာနများအား အတိုက်အခံအား သိက္ခာချတိုက်ခိုက်ရန်အသုံးပြုလျက် ရှိပါသည်။ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ အားအသုံးပြုကာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပြသနာအားလုံးတို့သည် ပြည်ပ အဖျက်သမားများနှင့် ပြည်တွင်းရှိပုဆိန်ရိုးတို့ကြောင့်ဖြစ်သည်ဟုအပြစ်ပုံချ တိုက်ခိုက်မှုများကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည်။

၂၀၁၀ခုနှစ်အတွင်းတွင် နိုင်ငံရေးလှုပ်ရှားသူများနှင့်ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများနှင့်ဆက်စပ် ပတ်သက်သူများအား လူ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရသောသင်္ကြန်ဗုံးကွဲမှုအပါအ၀င်ဗုံးပေါက်ကွဲမှုများနှင့်ဖေါက်ခွဲရန် ကြံစည်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားပါသည်။
ရွေးကောက်ပွဲများကျင်းပရန်ရက်ပိုင်းမျှသာအလို အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်အစိုးရသည် မြန်မာ့အလင်းသတင်းစာ မှတဆင့်ပြည်ပရှိ အတိုက်အခံအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိအဖွဲ့အစည်းများအား အကြမ်းဖက်သမားများအဖြစ် “သောင်းကျန်းသူများနှင့်ပြည်ပနိုင်ငံများ၏ လက်ဝေခံနောက်မြီးဆွဲ အဖွဲ့အစည်းများသည်ရွေးကောက်ပွဲများအား နှောက်ယှက်ဖျက်ဆီးရန်နိုင်ငံတော်တည်ငြိမ်မှုနှင့်အေးချမ်း သာယာရေးတို့ ပျက်ပြားစေရန်ရည်ရွယ်ကာ တိုင်းပြည်အတွင်းတွင်အကြမ်းဖက်လုပ်ရပ်များအားကျူးလွန် လျက်ရှိကြသည်” ဟု ခေါင်းစဉ်တပ် စွပ်စွဲခဲ့ပါသည်။

ရွေးကောက်ပွဲအား နှောက်ယှက်ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်လေဆိပ်အပါအ၀င် အခြား အရေးပါသော အဆောက်အဦများအားဖောက်ခွဲရန်ကြံစည်သည်ဟု စွပ်စွဲကာ အနည်းဆုံး လူ ၅ ဦးအား ဖမ်းဆီးချုပ်နှောင်ထားပါသည်။ ထိုသူတို့အား ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့နှင့် ဆက်နွယ်ပတ်သက်သည်ဟု အတိအလင်းစွပ်စွဲထားသည့် သတင်းတပုဒ်အား မြန်မာ့အလင်းသတင်းစာမှ ဖော်ပြခဲ့ပါသည်။

သင်္ကြန်ကာလအတွင်းပေါက်ကွဲမှုဖြစ်ပြီးနောက်ကိုဖြိုးဝေအောင်အား “အကြမ်းဖက်ဖေါက်ခွဲရေးသမား” “လူသတ်သမား” ဟု မေလ ၆ ရက်တွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲတခုတွင်ရဲချုပ်မှ လူသိရှင်ကြား စွပ်စွဲခဲ့ပါသည်။ ကိုဖြိုးဝေအောင်သည် နိုင်ငံရေးလှုပ်ရှားမှုများနှင့် မည်သို့မျှမပတ်သက်သော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများမှ အချို့အားသိကျွမ်းရုံမျှဖြင့် ယခုကဲ့သို့ စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ပါသည်။ နောက်နှစ်လ အကြာတွင်မှ ကိုဖြိုးဝေအောင်အားရုံးတင်ကြားနာ စစ်ဆေးခဲ့ပါသည်။ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၁၁ တွင် “လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်” ဟု အတိအလင်း ပြဌာန်းထားပါသည်။အပြစ်မဲ့သူဟု ယူဆရာတွင် အမှုမစစ်ဆေးခင်နှင့် အမှုအား ကြားနာ စစ်ဆေးနေစဉ် ကာလတလျှောက်လုံးပါအကျုံးဝင်ပါသည်။

အတိုက်အခံများအားအမှုဆင်ခြင်း
မြန်မာနိုင်ငံတွင်စစ်အစိုးရအား ပြန်လည်ပြောဆိုဝံ့သူရင်ဆိုင်ဝံ့သူ နိုင်ငံရေးအတိုက်အခံများနှင့်ဒီမိုကရေစီရေး လှုပ်ရှားသူများအား ဘယ်တုန်းကမှ မကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများနှင့် စစ်အစိုးရမှ အပြစ်ရှာ ပုဒ်မတပ်ကာဥပဒေနှင့်အညီမဟုတ်သော ထောင်သွင်းအကျဉ်းခြင်းသည် အမြစ်တွယ်နေသည့် နှိပ်ကွပ်မှုပုံစံတမျိုးဖြစ်ပါသည်။ ထိုကဲ့သို့ အမှုဆင်ဖမ်းဆီးထောင်ချခြင်းသည်ဥပဒေအား ဆိုးရွားစွာ အလွဲသုံးစားလုပ်မှုဖြစ်ပါသည်။ ထိုသို့ ချိုးဖောက်ရာတွင်ပြစ်မှုအမှန်တကယ် ကျူးလွန်သူအားဖော်ထုတ်ရန် သင့်တော်သည့်စုံစမ်းစစ်ဆေးခြင်းမျိုးပြုလုပ်ခြင်း မရှိသည့်အပြင်အမှန်တကယ်ကျူးလွန်သူများအားလည်းဥပဒေရှေ့မှောက်သို့ ဆောင်ကြဉ်းမှုမျိုးလည်းမရှိပါ။ ၂၀၁၀ ခုနှစ် ၂၀၀၅ ခုနှစ် ၁၉၉၆ခုနှစ်နှင့် ၁၉၈၉ ခုနှစ်များတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအပြီးတွင်စစ်အစိုးရမှ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများ၏ နာမည်နှင့်ဂုဏ်သိက္ခာကျဆင်းစေရန် ကြိုးပမ်းသည့်အနေနှင့်နိုင်ငံရေး လှုပ်ရှားသူများအားမတရားစွပ်စွဲကာ ညှဉ်းပမ်းနှိပ်စက်၍ထောင်သွင်းအကျဉ်းချခြင်းများရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ကိုညီညီဦးနှင့် ကိုသန့်ဇော်တို့အား၁၉၈၉ခုနှစ် သန်လျင် ရေနံချက်စက်ရုံဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်ကျူးလွန်သည်ဟု စွပ်စွဲကာ သက်သေမခိုင်လုံပဲ အတင်းအကျပ် နှိပ်စက်ညှဉ်းပမ်းရယူထားသည့် ဖြောင့်ချက်များအပေါ်အခြေခံကာနိုင်ငံတော်ပုန်ကန်မှုနှင့် သေဒဏ်ချမှတ်ခဲ့သည့် သက်သေသာဓကရှိပါသည်။ နောက်ပိုင်းတွင် ဗုံးခွဲမှုအားအမှန်တကယ် ကျူးလွန်ခဲ့သူမှဖြောင့်ချက်ပေးကာ ထောင်ဒဏ်၁၀ နှစ်အမိန့်ချမှတ်ခံခဲ့ရပြီးလွတ်ရက်စေ့၍ ပြန်လွတ်ပြီးသည့်တိုင် ကိုသန့်ဇော် နှင့် ကိုညီညီဦး တို့ပြန်မလွတ်ပဲ ယနေ့အထိ အကျဉ်းကျနေကြဆဲဖြစ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကင်းမဲ့ခြင်း
စာနယ်ဇင်းသမားများအားထောင်သွင်း အကျဉ်းချမှုများနှင့် ကျပ်တည်းပြင်းထန်သည့် စိစစ်ရေး ဥပဒေများချုပ်ချယ် ကန့်သတ်မှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်သတင်းလွတ်လပ်မှု အကင်းမဲ့ဆုံး နိုင်ငံများစာရင်းတွင်ပါဝင်နေပါသည်။ စာနယ်ဇင်းသမားများ၊ ဓါတ်ပုံဆရာများ၊ ဘလော့ဂ်ဂါများ အပါအ၀င်လက်ရှိကာလတွင် သတင်းနှင့်စာနယ်ဇင်းသမား အနည်းဆုံး၄၀ ဦး အကျဉ်းကျနေကြပါသည်။ စာနယ်ဇင်းသမားများသာ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများရင်ဆိုင်ကြရသည်မဟုတ်ပဲ ဂီတပညာရှင်များ၊ ဟာသသရုပ်ဆောင်များနှင့် အခြားအနုပညာရှင်များ သည် လည်းဖိနှိပ်မှု အမျိုးမျိုးအားရင်ဆိုင် နေကြရပါသည်။

၂၀၁၀ ခုနှစ်အောက်တိုဘာလ အတွင်းတွင် နယ်စည်းမခြားသတင်းထောက်များ အဖွဲ့မှ နှစ်စဉ်သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် အစီရင်ခံစာအားထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာထဲတွင် အီရန်နှင့်မြောက်ကိုရီးယား နိုင်ငံတို့အထက်တွင်မြန်မာနိုင်ငံသည် ၁၇၈ နိုင်ငံတွင် ၁၇၄ အဆင့်ဖြင့် သတင်းလွတ်လပ်ခွင့်မရှိဆုံးပဉ္စမေ မြာက်နိုင်ငံအဖြစ် ရပ်တည်နေကြောင်းတွေ့ရပါသည်။ ပြည်ပ အဆက်အသွယ် ဖြတ်တောက်ထားပြီးဖြစ်သည့်တိုင်စစ်အစိုးရသည် ရွေးကောက်ပွဲကာလအတွင်းမည်သည့်နိုင်ငံရပ်ခြား သတင်းထောက်များကိုမှပြည်တွင်းသို့ ၀င်ခွင့်ပြုမည်မဟုတ်ကြောင်းအောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကန္တာရ၀တီသတင်းဌာနမှအယ်ဒီတာ ကိုညီညီထွန်းသည် အဖမ်းခံရပြီးတနှစ်အကြာ အောက်တိုဘာလ ၁၃ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခြင်းခံခဲ့ရပါသည်။ကိုညီညီထွန်းအား မတရားအသင်းဥပဒေ၊လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့်ကြိုးမဲ့ကြေးနန်း ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတို့ဖြင့်အမိန့်ချခြင်းဖြစ်ပါသည်။စစ်အစိုးရ အာဏာပိုင်များမှကနဦးတွင် ကိုညီညီထွန်းအားမြန်မာပြည်တွင်းဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုများနှင့်ဆက်စပ်ကာ တရားရုံးတင်ရန်စီစဉ်ခဲ့သော်လည်းထိုစွပ်စွဲချက်များအား နောက်ပိုင်းတွင်ပယ်ဖျက်ခဲ့ကြောင်း ထင်ရှားပါသည်။အတင်းအဓမ္မ ဖြောင့်ချက် ရယူရန်ကြိုးပမ်းသည့်အနေနှင့် ကိုညီညီထွန်းအားရဲအုပ် အောင်စိုးနိုင် အပါအ၀င်ရဲ ၁၆ ဦးတို့မှ ခြောက်ရက်တိုင်တိုင်အလှည့်ကျ နေ့ရောညပါ နှိပ်စက်ညှဉ်းပမ်းခဲ့ကြသည်။အရိုက်အနှက် ခံရသောကြောင်းကိုညီညီထွန်း၏ ခေါင်းနှင့်ခန္ဒာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များရရှိခဲ့သည်။ ကိုညီညီထွန်းသည်ရိုက်နှက်ခံရရုံမျှမက လိင်ပိုင်းဆိုင်ရာလည်းစော်ကားခံရပါသည်။ စစ်ဆေးသောရဲအရာရှိများမှ ကိုညီညီထွန်း၏စအိုအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်းမွှေနှောက်ခြင်းများကျူးလွန်ခဲ့ကြပါသည်။ နှိပ်စက်ခံရသောဒဏ်ကြောင့် ကိုညီညီထွန်း၏ ဦးခေါင်းနှင့် ခန္ဒာကိုယ် ပေါ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ကျန်ရှိနေပါသည် ။
အလွတ်ပညာသင်ဆရာမနှင့်ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက်ဖြစ်သူမလှလှဝင်းသည် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအားချိုးဖောက်သည်ဟုဆိုကာ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပါသည်။မလှလှဝင်းသည် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် မကွေးတိုင်းပခုက္ကူမြို့ ဘုန်းကြီးကျောင်းတခုတွင်သံဃာတော်များအား တွေ့ဆုံမေးမြန်းပြီးအပြန် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၁၁ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး။အောက်တိုဘာလ ၆ ရက်နေ့တွင်မလှလှဝင်းနှင့် အဖော်ဖြစ်သူကိုမြင့်နိုင်တို့အား ပခုက္ကူတရားရုံးမှတရားမ၀င် တင်သွင်းထားသည့်မော်တော်ဆိုင်ကယ် ပိုင်ဆိုင်မောင်းနှင်မှုနှင့်ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါသည်။
ထောင်တွင်း၌ညှဉ်းပမ်းနှိပ်စက် စစ်ကြောပြီးသည့်အခါသူတို့နှစ်ဦးအား အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ အရ တားမြစ်ပိတ်ပင်ထားသည့်အီလက်ထရောနစ်ပစ္စည်းများအားအသုံးပြုကာ နိုင်ငံတော်အားဆန့်ကျင်သည့်သတင်းအချက်အလက်များအား ပြည်ပသို့ပေးပို့မှုဖြင့်ထပ်မံတရားစွဲဆို ခဲ့ပါသည်။ယခုအခါတွင် မလှလှဝင်းသည်ထောင်ဒဏ် စုစုပေါင်း ၂၇ နှစ်ကျခံနေရသည်။
ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ပြည့်စုံသည့်ရွေးကောက်ပွဲတခုအတွက်လွတ်လပ်သောသတင်း မီဒီယာများ လိုအပ်ပါသည်။သတင်းနှင့်စာနယ်ဇင်းသမားများအားဖမ်းဆီးနှိပ်စက်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ထောင်သွင်း အကျဉ်းချခြင်းတို့သည်စစ်အစိုးရမှပြောဆိုနေသောဒီမိုကရေစီလမ်းကြောင်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့်အပြင် မည်သည့်နည်းနှင့်မဆို အာဏာဆက်လက်ကိုင်စွဲထားရန် ကြိုးပမ်းမှုတခုအဖြစ်သိသာထင်ရှားနေပါသည်။

စစ်အစိုးရအားဆန့်ကျင်အတိုက်အခံလုပ်ခြင်း၏နောက်ဆက်တွဲများ
စစ်အစိုးရမှ၎င်း၏ဒီမိုကရေစီလမ်းကြောင်းဟုခေါ်ဆိုသည့်နိုင်ငံရေးလမ်းပြမြေပုံအားထိခိုက်အောင် ဆန့်ကျင် ကန့်ကွက်သူနှောက်ယှက်သူမှန်သမျှ မည်သည့်အကျိုးဆက်များခံစားရမည်ဆိုသည်ကို ရက်ရက်စက်စက်ဖိနှိပ်ခြင်း ထောင်ဒဏ် နှစ်ရှည်ချခြင်းများဖြင့် နမူနာပြခြိမ်းခြောက်ခဲ့ပါသည်။ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာပြီးသည့်နောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်အစိုးရမှ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ဥပဒေ ၁/၂၀၀၈ အားထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုဥပဒေအရ ဆန္ဒခံယူပွဲအား နှောက်ယှက်သူ၊ နှောက်ယှက်ရန်ကြံသူ၊ ဆန့်ကျင် စာရွက်စာတမ်းဖြန့်ဝေသူ ပိုစတာကပ်သူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ထုတ်ပြန်ထားပါသည်။ ထိုဥပဒေထုတ်ပြန်၍ ပြည်သူများအားဆန္ဒခံယူပွဲအား မကန့်ကွက်နိုင်စေရန်၊ ကန့်ကွက်မဲပေးရန် လှုံ့ဆော်မှုများ မပြုနိုင်ရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ပါသည်။

၂၀၀၈ခုနှစ် မေလတွင် ကျင်းပခဲ့သော၂၀၀၈ အခြေခံဥပဒေမူကြမ်း ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပသောအခါအဖမ်းအဆီး အနှိပ်အကွပ်များလှသော်လည်းဆန့်ကျင်မဲပေးရေး လှုပ်ရှားမှုပေါင်းများစွာဖြစ်ပေါ်ခဲ့ပါသည်။ ဆန့်ကျင်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီးအဖမ်းခံရသူ အကျဉ်းချခံရသူပေါင်း၇၉ ဦးအား အေအေပီပီမှ မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။ ဆန့်ကျင်မဲပေးရေး လှုပ်ရှားမှုသည်ပြည်သူလူထုအား ၄င်းတို့၏ အခြေခံနိုင်ငံရေးအခွင့် အရေးများ အားလက်တွေ့ကျင့်သုံးတတ်စေရန်အားပေးရင်း မတရားသည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေအား ကန့်ကွက်မဲပေးရန်ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်လှုံ့ဆော်သည့် လှုပ်ရှားမှုဖြစ်ပါသည်။

ယခုလက်ရှိတွင် ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီးအကျဉ်းကျနေသူ အနည်းဆုံး ၂၂ဦး ထောင်ထဲတွင် ရှိနေဆြဲဖစ်ပါသည်။

စစ်အစိုးရ၏ မည်သည့်အတိုက်အခံကိုမျှ သည်းမခံပဲ ဖိနှိပ်ခြင်းအား နာဂစ်မုန်တိုင်းအပြီး မုန်တိုင်းဒဏ်ခံ ပြည်သူများအား ကူညီစောင့်ရှောက်ရန်ကြိုးပမ်းသည့် စေတနာ့ဝန်ထမ်း ၂၁ ဦးအား ဖမ်းဆီးအကျဉ်းချထားခြင်းအား သာဓကအဖြစ် ကြည့်နိုင်ပါသည်။ မုန်တိုင်းတိုက်ခတ်အပြီး စစ်အစိုးရမှ ပြည်သူများအား ကူညီထောက်ပံ့စောင့်ရှောက်ရန် ပျက်ကွက်ခဲ့ချိန်တွင် သာမန်ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများမှ စစ်အစိုးရလုပ်ဆောင်ရန်ပျက်ကွက်သည်များအား ၀င်ရောက်လုပ်ကိုင်ကူညီရန် ကြိုးစားလာကြပါသည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့်မည်သို့မျှမသက်ဆိုင်သည့် သေဆုံးသူများ၏ ရုပ်ကလာပ်များအား လိုက်လံကောက်ယူကာ မြှုပ်နှံသဂြိုလ်ပေးခြင်းများ၊ မုန်တိုင်းဒဏ်ခံပြည်သူများအား ထောက်ပံ့ကူညီခြင်းများအတွက် အချို့ စေတနာ့ဝန်ထမ်း များသည် ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခြင်းခံခဲ့ကြရပါသည်။ ဒေါက်တာနေ၀င်းနှင့် သမီးဖြစ်သူ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ မဖြိုးဖြိုးအောင် အပါအ၀င် စေတနာ့ဝန်ထမ်း ၂၁ ဦး အကျဉ်းကျနေဆဲဖြစ်ကြပါသည်။

ညှဉ်းပမ်းနှိပ်စက်မှုများ
၂၀၁၀ခုနှစ်တွင်လည်း စစ်အစိုးရ၏နိုင်ငံရေးလှုပ်ရှားသူများအပေါ်ညှဉ်းပမ်းနှိပ်စက်မှုများဆက်လက် ရှိနေဆဲ ဖြစ်ပါသည်။အေအေပီပီမှ မှတ်တမ်းပြုဖော်ထုတ်ထားသည့် လတ်တလောတွေ့ရှိချက်များအရညှဉ်းပမ်းနှိပ်စက်မှုများမှာပို၍ပင် ပြင်းထန်ရက်စက်လာပါသည်။ ညှဉ်းပမ်းနှိပ်စက်မှုဒဏ် ခံစားရသူများနှင့်၎င်းတို့၏ မိသားစုဝင်များမှဖွင့် ဟချက်များအရ အာဏာပိုင်များသည် ၄င်းတို့ချုပ်နှောင်ထိန်းသိမ်းထားသည့် နိုင်ငံရေးလှုပ်ရှားသူများ အပေါ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတင်မကလိင်ပိုင်းဆိုင်ရာ ညှဉ်းပမ်း နှိပ်စက်မှုများ ကိုပါကျူးလွန်လျှက်ရှိကြောင်းတွေ့ရသည်။ အကျဉ်းသားများအတွက် အခြေခံအကျဆုံးသော ကာကွယ်ပေးမှုမှာညှဉ်းပမ်းနှိပ်စက်မှုမှ ကာကွယ်ပေးခြင်းပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရစစ်အတွင်းကာလဖြစ်စေ၊ ပြည်တွင်းမငြိမ်မသက်ဖြစ်နေသည့် ကာလဖြစ်စေ၊ တိုင်းပြည်တွင် အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလဖြစ်စေ မည်သည့်ညှဉ်းပမ်းနှိပ်စက်မှုမျိုးမဆိုဥပဒေမဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟုအတိအလင်းဖော်ပြထားပါသည်။

စစ်အစိုးရမှ ဆက်တိုက်ကျူးလွန်နေသည့်ရက်စက်ပြီး လူမဆန်သည့် ညှဉ်းပမ်းနှိပ်စက်မှုများသည်အပြည်ပြည်ဆိုင်ရာ ဥပဒေအားစစ်အစိုးရမှ လုံးဝ လေးစားလိုက်နာခြင်းမရှိကြောင်း ပြသနေပါည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်သူများအားလည်းအပြစ်ပေးအရေးယူခံရခြင်းမှကင်းလွတ်ခွင့်ရရှိရန် စစ်အစိုးရမှတာဝန်ခံပေးထားကြောင်းတွေ့ရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အများအပြားသည်လည်း ၂၀၁၀ ခုနှစ်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရသူများ ထဲတွင် ပါဝင်နေပါသည်။ ၂၀၁၀ ခုနှစ် ဧပရယ်လ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးသန်းမောင်သည် စစ်တပ်နှင့်ရဲမှ ညသန်းခေါင်အချိန်တွင် လာရောက်ဖမ်းဆီးသည်ကိုသာမက မိသားစုဝင်များရှေ့ ၄င်း၏အိမ်၏အိမ်တွင်ပင် နှိပ်စက်ညှဉ်းပမ်း ရိုက်နှင်ခြင်းခံခဲ့ရပါသည်။ အာဏာပိုင်များမှ မည်သည့်ခွင့်တောင်းခြင်းမျှမရှိပဲ အိမ်တွင်းသို့ ပိုင်စိုးပိုင်နင်းဝင်ရောက်လာပြီး ဧည့်စာရင်းစစ်ခြင်းဖြစ်ပါသည်။

သြဂုတ်လအတွင်းတွင်နိုင်ငံတော်ပုန်ကန်မှုဖြင့်စွဲဆိုကာ အကျဉ်းချခံရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်သူ ကိုဌေးအောင်သည် စစ်ကြောရေးကာလအတွင်းညှဉ်းပမ်း နှိပ်စက်မှုများဒဏ်ကြောင့်နားတဖက် အကြားအာရုံထိခိုက်သည့်ဝေဒနာအားခံစားနေရပါသည်။ ကိုဌေးအောင်၏ညီမဖြစ်သူမစန်းစန်းအေးမှအာဏာပိုင်များက ကိုဌေးအောင်အား အချုပ်ခံထားရသည့်ကာလတလျှောက်လုံး ဆေးကုသခွင့် မပေးသည့်အပြင်မိသားစုမှ ဆေးဝါးပို့ပေးခွင့်လည်း မပြုခဲ့ကြောင်း ပြောပြပါသည်။ဆရာဝန်မှ ကိုဌေးအောင် ၏ နားစည်သည်ပေါက်နေပြီ ဖြစ်သောကြောင့်ခွဲစိတ်ကုသမှု ပြုရမည်ဖြစ်ကြောင်းအာဏာပိုင်များအား အသိပေးခဲ့သော်လည်းအာဏာပိုင်များမှ လျစ်လျူရှုခဲ့ပါသည်။

စစ်အစိုးရအနေဖြင့် အတိုက်အခံများအား နှိပ်ကွပ်ရန် အခြားသောအကြမ်းဖက် နည်းလမ်းများအားလည်း အသုံးပြုပါသည်။ နိုင်ငံရေးအတိုက်အခံများသည် စစ်အစိုးရမှဖွဲ့စည်းပေးထားသော ကျောထောက်နောက်ခံပြုထားသော လက်ကိုင်တုတ်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများအားလည်း ရင်ဆိုင်ကြရပါသည်။ မေလ ၆ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုချစ်တင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင် နှစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်မှုခံရပြီးနောက် တလကျော်ကြာအောင် ဆေးရုံတက်ကုသခဲ့ရပါသည်။

မြန်မာနိုင်ငံအတွင်းတွင် နှိပ်စက်ညှဉ်းပမ်းခံရသည်မှာ နိုင်ငံရေးအကျဉ်းသားများသာ မဟုတ်ပါ။ ၂၀၁၀ ခုနှစ်အတွင်း အေအေပီပီမှနိုင်ငံရေးအမှုမဟုတ်သော အခြားအမှုများတွင်လည်း ထိန်းသိမ်းခံရသူများ နှိပ်စက်ခံရသည့်သတင်းများ ရရှိခဲ့ပါသည်။ ပဲခူးမြို့တွင် လူ ၆ ဦး ရဲ၏ ကိုယ်ထိလက်ရောက်စော်ကားမှုအပြင်အချုပ်ခံနေရစဉ်အတွင်း လိင်အင်္ဂါများအား မီးနှင့်တို့ခြင်းအပါအ၀င်ညစဉ်ညတိုင်း လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက သာမန် ပြည်သူများ ကိုပါ ညှဉ်းပမ်းနှိပ်စက်မှုများအား သတိပေးချက်အနေဖြင့် အသုံးပြုပါသည်။ ၄င်းတို့၏ အခြေခံ လူ့အခွင့်အရေးများအား အသိအမှတ်ပြုခြင်း အာမခံခြင်းမျိုးမရှိကြောင်းနှင့် လွတ်လပ်အေးချမ်းလုံခြုံသည့် လူမှု ပတ်ဝန်းကျင်တွင် နေနေရခြင်း မဟုတ်ကြောင်း ထိုအချက်က သက်သေပြနေခြင်းဖြစ်ပါသည်။

ထောင်ပြောင်းမှုများ
နိုင်ငံရေးအကျဉ်းသားများအားမိသားစုနှင့် ဝေးလံသောနယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခြင်းများ ၂၀၀၉ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှစ၍ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၂၇၅ ဦး ငှက်ဖျားဧရိယာအတွင်း တည်ရှိပြီး ရာသီဥတုကြမ်းတမ်း၍ ဆရာဝန်မရှိသော နယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခံခဲ့ကြရသည်။ ထိုထောင်များတွင် ဆေးဝါးပစ္စည်းမပြည့်စုံသည့် အပြင်ထောင်အာဏာပိုင်များအား လာဘ်ထိုးမှ ဆေးဝါးသွင်းခွင့်ရပါသည်။ ပုံမှန်အားဖြင့် မိသားစုများအနေ ဖြင့်အကျဉ်းကျနေသူအား အစားအစာနှင့် ဆေးဝါး ထောက်ပံ့ခွင့်ရှိပါသည်။ ဝေးလံသော ထောင်များသို့ ထောင်ပြောင်းလိုက်ခြင်းသည်မိသားစုမှ ထောက်ပံ့နေသည့်အစားအစာနှင့်ဆေးဝါးအား ပိတ်ပင်တားဆီးဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ ထောင်ပြောင်းလိုက်ခြင်းသည် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအစားအသောက် ဆေးဝါး ပြတ်တောက်စေသည်သာမကမိသားစုများအားလည်း အခက်အခဲမျိုးစုံကြုံ တွေ့စေပြီးစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်အောင် အစီအစဉ်ရှိရှိ ပြုလုပ်ခြင်းဖြစ်သည်။

၂၀၀၉ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၇၁ ဦး နှင့် ၂၀၁၀ ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသား ၃၀ ဦးနယ်စွန်နယ်ဖျား ထောင်များသို့ထောင်ပြောင်းခံခဲ့ရပါသည်။
အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့ယွင်းနေသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ် ဆေထင်အား ၂၀၁၀ခုနှစ် သြဂုတ်လ အတွင်း၌ တပတ်အတွင်းထောင်သုံးထောင် ပြောင်းခဲ့သည်ကို ထင်ရှားသည့်သာဓကအဖြစ် မြင်တွေ့နိုင်ပါသည်။ အသက် ၇၄ နှစ်အရွယ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဗိုလ်ချုပ်ဆေထင်သည် လက်ရှိတွင်ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရပါသည်။

သြဂုတ်လ၂ ရက်နေ့တွင် ဗိုလ်ချုပ်ဆေထင်အား ခန္တီးထောင်မှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ပါသည်။ထိုမှ တဖန် သြဂုတ်လ ၅ ရက်နေ့တွင်အိုးဘိုထောင်မှ ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းပါသည်။ ထို့နောက် အင်းစိန်မှ ထောင်ဆရာဝန်မရှိသည့်စစ်တွေထောင်သို့ ပို့ဆောင်လိုက်ပါသည်။ ဗိုလ်ချုပ်ဆေထင်သည် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် မျက်စိတိမ်စွဲသည့်ဝေဒနာများ ခံစားနေရသူ ဖြစ်သော်လည်းအာဏာပိုင်များမှ ၄င်းဝေဒနာများ အတွက်ဆေးကုသခွင့်အား အဆက်မပြတ် ငြင်းဆန်နေခဲ့ပါသည်။

ဗိုလ်ချုပ်ဆေထင်၏သမီးဖြစ်သူ ဒေါ်နမ်းခမ်းပေါင်ထောင်ဝင်စာသွားတွေ့သည့် အခါတွင်ထောင်ပြောင်းစဉ်က လမ်းတလျှောက်လုံး ဗိုလ်ချုပ်ဆေထင်အား သံခြေကျင်းခတ်ထားသည့်အပြင်လက်အဆစ်လွဲသည့်တိုင် ဆေးကုသမှုလုံးဝမပေးသည်ကို သိရှိခဲ့ရသည်။ ယခုကဲ့သို့ အသက်အရွယ် ကြီးရင့်သူဝါရင့်ရှမ်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တဦးအား အသက်အန္တရာယ် ထိခိုက်နိုင်သည့် တိုင်အောင်နှိပ်စက်ညှဉ်းပမ်းမှုသည် နအဖစစ်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်အတွက်မည်သည့် ရည်ရွယ်ချက်နှင့် စိတ်စေတနာကောင်းမှမရှိကြောင်း ပြဆိုနေပါသည်။

ကျန်းမာရေးပြသနာများ
၂၀၀၉ခုနှစ် မေလတွင် အေအေပီပီမှမြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများရင်ဆိုင်နေရသည့် ကျန်းမာရေးပြသနာများ၊ အာဏာပိုင်များမှ ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းနှင့် ဆေးကုသခွင့် ငြင်းပယ်ခြင်းများ အားဖော်ပြထားသည့် အစီရင်ခံစာတစောင်ထုတ်ဝေခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေများသည်၂၀၁၀ ခုနှစ်ထဲတွင်လည်း တိုးတက်လာခြင်းမရှိသည့် အပြင်စနစ်တကျ ကျူးလွန်နေသည့် ညှဉ်းပမ်းနှိပ်စက်မှု၊ နှစ်ရှည်ထောင်ဒဏ်များ၊ ဝေးလံခေါင်ဖျားဒေသများသို့ ထောင်ပြောင်းခြင်းများနှင့်ဆေးကုသခွင့်ပေးရန် ငြင်းဆန်မှုများသည် အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။

ဗိုလ်ချုပ်ဆေထင် ကဲ့သို့ပင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုမရသည့်အပြင် ဆေးဝါးကုသခွင့်ပါ ငြင်းပယ်ခံနေရသူ ဦးတင်ယု၊ကိုမြအေးနှင့် ဦးခင်မောင်ချိုကဲ့သို့နိုင်ငံရေး အကျဉ်းသားပေါင်းအနည်းဆုံး ၁၄၂ ဦးရှိနေပါသည်။၎င်းတို့မှာ မိသားစုများနှင့်ဝေးရာ နယ်စွန်နယ်ဖျား ရှိထောင်များသို့ထောင် ပြောင်းခံထားရသူများဖြစ်ကြပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေအားအေအေပီပီမှ အထူးစိုးရိမ်မိပါသည်။ ထိုသူများအနေဖြင့် ပြည့်စုံလုံလောက်သင့်တော်သည့် ဆေးဝါးကုသမှု အချိန်မီမရရှိပါက အသက်ရှင်လျက် ထောင်မှ ပြန်လွတ်နိုင်မည်မလွတ်နိုင်မည် ဆိုသည်မှာသံသယဖြစ်ဖွယ်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌သေဆုံးမှုများ
၂၀၁၀ခုနှစ် မေလတွင် အသက် ၃၉ နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးသည်ထောင်၏ဆိုးဝါးလှသည့် အခြေအနေများကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများ ခံစားနေရသော်လည်းထောင်အာဏာပိုင်များမှ ဆေးဝါးကုသမှုမပေးခဲ့သဖြင့် မြင်းခြံထောင်တွင်း၌အသက်ဆုံးရှုံးခဲ့ရပါသည်။ ကိုကျော်စိုး သည်ညှဉ်းပမ်းနှိပ်စက်မှု၊ အစားအစာချို့တဲ့ဆင်းရဲမှုနှင့် ဆေးဝါးကုသမှုပြည့်စုံလုံလောက်စွာမရရှိခြင်းတို့ကြောင့် ၁၉၈၈ ခုနှစ်မှစတင်၍ ထောင်တွင်း၌၁၄၄ ဦးမြောက်သေဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

ကိုကျော်စ


Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org, http://www.fbppn.net

"There can be no national reconciliation in Burma, as long as there are
political prisoners."

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form