ကျောင်းကိစ္စ ပြင်ပသို့ မတိုင်ကြားရန် ကျောင်းသား မိဘများကို ၀န်ခံ လက်မှတ် ထိုးခိုင်း

ဇော်ကြီး | ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်း အထက (၁) မှ ကျောင်းအာဏာ ပိုင်များက ကျောင်းတွင်းဆောင်ရွက်နေသည့် ကိစ္စများကို ပြင်ပသို့ မတိုင်ကြားရန် အတွက် ကျောင်းသားမိဘ များကို ၀န်ခံကတိပြုလက်မှတ် ရေးထိုးခိုင်း ခဲ့သည်။

ကျောင်းအုပ် ဆရာကြီး အပါအ၀င် ၎င်း၏စာရေးမနှင့် ဆရာဆရာမအချို့တို့က ကျောင်းသူ၊ ကျောင်းသားများထံ ငွေကြေး ကောက်ခံ နေသည့် အပေါ် ကျောင်းသားမိဘများက မကျေနပ်၍ အင်တာနက် အွန်လိုင်း ပေါ်တွင် ရေးတင် ထားသည့် အတွက်ကြောင့် ယခုလိုလက်မှတ် ထိုးခိုင်းခြင်း ဖြစ်သည်ဟု သိရကြောင်း ကျောင်းသား မိဘ တစ်ဦးက ယခုလိုပြောသည်။

“အင်တာနက်မှာ သတင်းတွေ ထွက်လို့ သူတို့ဖက်က အဲလိုမျိုး ၀န်ခံ လက်မှတ်ထိုးခိုင်း တယ်လို့လည်း ပြောသံကြားတယ်။”

လက်မှတ်ထိုးခဲ့စဉ်က ရေးသား ထားချက်များနှင့် ပတ်သက်၍ “ကျောင်းသားတွေရဲ့ လူမှုရေး ပညာရေးနဲ့ ပတ်သက်ပြီးတော့ အတန်းပိုင်ဆရာဆရာမတွေနဲ့ ကျောင်းအုပ်ဆရာကြီး တွေက ပြုလုပ်တဲ့ကိစ္စ တွေ မှာတဲ့ ကျောင်းသားမိဘတွေက မည်သည့်ကိစ္စကိုမဆို တစ်ခုခု အမှားရှိတယ်ဆိုရင်တဲ့ သူတို့နဲ့ပဲ လာ ရောက်ပြီးတော့ ဖြေရှင်းပေးဖို့ပဲပေါ့။ ဘယ်ဌာနကိုမှ မတိုင်ပါဘူးဆိုတဲ့ လက်မှတ်ကို ထိုးခိုင်းတာ။” ဟု ဆက်ပြောသည်။

ယခုလ ၈ ရက်နေ့က ဟစ်တိုင် အင်တာနက် စာမျက်နှာတွင် တာချီလိတ်မြို့ အထက(၁)မှ ကျောင်းသူ၊ ကျောင်း သားများထံ ငွေကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး ကျောင်းသားမိဘ တစ်ဦးမှ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ခဲ့သည်။

လွန်ခဲ့သည့် လေးရက်ခန့်က လက်မှတ် ထိုးခိုင်းခဲ့ခြင်း ဖြစ်ပြီး မိဘအချို့မှာ မည်သည့် အတွက်ကြောင့် ယခုလို လက်မှတ်ထိုးရသည်ကို မသိကြသော်လည်း အချို့မိဘများ အနေနှင့် မတရားသည့် လုပ်ရပ် ဖြစ်သည့် အတွက် မကျေနပ်ကြဟု ဆက်ပြောသည်။

“လက်မှတ်ကို ထိုးပေး လိုက်တော့လည်း မိဘအနေနဲ့က မတိုင်ပါဘူး ဆိုတဲ့ ကတိပေးလိုက် သလိုမျိုးပဲ။ ထိုးမပေး ပြန်ဘူး ဆိုလို့ ရှိရင်လည်း ဒီကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဆရာမ တွေရဲ့ လုပ်တဲ့အလုပ်ကို ဆန့်ကျင်ဖက်ပြုတယ်ဆိုပြီးတော့ ရှေ့ဆက် ဘာဖြစ်လာမယ် ဆိုတာကိုလည်း ပြောလို့မရဘူး။ အဲဒီ တော့ မထိုးပေးလည်းအခက်၊ ထိုးပေးလည်း အခက် အဲလိုမျိုးဖြစ်နေတာဗျ။”

အခြား ကျောင်းသား မိဘ တစ်ဦးက ကျောင်းသား ရေးရာ ကိစ္စနှင့် ပတ်သက်၍ မိဘများနှင့် ကျောင်းဆရာ၊ ဆရာမများ ညှိနိုင်း ဖြေရှင်းမှုမျိုး တစ်ကြိမ်မျှ မကြုံခဲ့ဘူးကြောင်း ယခုလို ပြောသည်။

“ဘယ်သူက ဆွေးနွေး မှာလည်းဗျာ။ ဆွေးနွေးလည်း သူတို့က ဖျက်သိမ်း ပေးတာမျိုးမှ မရှိတာကိုး။ ကောက်တာ ကောက်တယ် စာရင်းဇယားတွေ အသေးစိတ်ကိုလည်း ကျောင်းသားမိဘတွေ အစည်းအဝေးမှာ ဘာမှ ရှင်းပြထားတာမျိုးမှ မရှိဘူး။”

မြန်မာ စစ်အစိုးရက သတင်းလွတ်လပ်ခွင့် လုံးဝမပေးဘဲ ထိန်းချုပ်ထားသည့်အပြင် ယခုကဲ့သို့ ကျောင်းအာဏာ ပိုင်များကပါ ကန့်သတ်လာမှုအပေါ် မြန်မာ့သတင်း သမဂ္ဂအတွင်းရေးမှူး ဦးစံမိုးဝေက ယခုလို သုံးသပ် ပြောဆို သည်။

“အခုက တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ထင်ရှား လာတာက သူတို့ လုပ်ရပ်တွေက မမှန်ဘူး။ မမှန်တော့ အရပ်သားတွေရဲ့ ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြီးတော့ အမှန်ကို ပြောတာ ပေါ့ဗျာ။ အဲဒီဟာကို နိုင်ငံ တကာ မီဒီယာတွေက နေပြီးတော့ ရသွားပြီးလို့ ရှိရင် ပြန်ပြောပြမှာကို သူတို့ အရမ်းစိုးရိမ်တယ်ဗျာ။ အဲ ဒီတော့ အမှောင်ချတဲ့ အထဲက နေပြီးတော့ နောက်ဆုံးပိတ် သူတို့ အနေနဲ့ ဘယ်လိုမှ တခြားနည်းတွေနဲ့ ပြောလို့၊ စည်းရုံးလို့ မရတော့ပဲနဲ့ အစိုးရိမ် လွန်ပြီးတော့ မိဘတွေကို ခေါ်ပြီးတော့ ဒါမျိုးလက်မှတ်ထိုး ခိုင်းတယ် လို့ပဲ ကျနော် ထင်ပါတယ်။”

ပြင်သစ် အခြေစိုက် နယ်စည်း မခြား သတင်းအဖွဲ့၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာ နိုင်ငံသည် သတင်း လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံ(၁၀)နိုင်ငံအနက် တနိုင်ငံ ပါဝင်ကြောင်း ဖော်ပြထားသည်။

source by : သတင်းနှင့် မီဒီယာ ကွန်ယက်
Previous Post Next Post

Contact Form