ဒီကလေးမလေးရဲ့ အမည်က ချောငြိမ်းကျော်။ သူ့အဖေက ပြည်ချစ် ရဲဘော်ဟောင်း၊ အမေက ရန်-ငါ စည်းပြတ်တဲ့သူ။ ဒီကလေး မလေးဟာ သူ့မိဘ မိသားစုနှင့် အတူ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခုကနေ အမေရိကကို ၂ဝဝ၄ ခုနှစ်မှာ ရောက်လာခဲ့သူ။ အဲဒီတုန်းက ဒီကလေးမလေးက တတိယတန်း ကျောင်းသူ။ အခု အမေရိကမှာ နဝမတန်း ကျောင်းသူ အဖြစ် ကျောင်းတက်ရန် စောင့်နေသူ။ သူတက်နေတဲ့ ကျောင်းမှာလည်း ကျောင်းဘောလုံး အသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူး။
သူနေ နေတဲ့ နေရာက
OHIO အိုဟိုင်းယိုး ပြည်နယ်၊AKRON အာခရွန့်မြို့ ၊ အစိုးရ အိမ်ရာဝင်း။ အခု မိဘတွေက အိမ်ထောင်ရေး အဆင်မပြေကြ။ လွန်ခဲ့တဲ့ ၂ နှစ် ကျော်က အမေရိကမှာ ရဲဘော် အေသင်တို့ရဲ့ မြန်မာပြည် လွတ်မြောက်ရေး မိုင် ၃ဝဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်မှာ ချောငြိမ်းကျော်ဟာ ခွပ်ဒေါင်းမလေး အဖြစ် လိုက်ပါ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ အလားတူ ရဲဘော် မောင်မောင်တိတ် တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် လွတ်မြောက်ရေး မိုင် ၉ဝဝ ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက် ခရီးစဉ်တွင် တက်ကြွစွာ ပါဝင်ခဲ့တယ်။
ယခု ၂၀၁၀ခုနှစ်မှာ သူနေတဲ့ ကျောင်းမှာ အမေရိကန် သမ္မတရဲ့ ပညာရည်ချွန် ထောက်ပံ့ရေး ဆုကို ဆွတ်ခူးနိုင်လို့ ယခုနှစ် မေလ ထဲမှာပဲ ဝါရှင်တန် ဒီစီ၊ သမ္မတ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ပြီး ဂုဏ်ပြု လက်မှတ် ပေးအပ် ခံခဲ့ရတယ်။ မြန်မာ ခွပ်ဒေါင်းမလေး ချောငြိမ်းကျော် စိတ်ဝင်စားတဲ့ ဘာသာရပ်က သမိုင်း ရုပ်ကြွင်း တူးဖော် လေ့လာရေး ဖြစ်ပြီး ၊ မွေးချင်း (၄)ယောက်တွင် သူမက ဒုတိယမြောက် အဖြစ် မြန်မာ ခွပ်ဒေါင်း မျိုးဆက်လေး၊ အနာဂတ်ရဲ့ မြန်မာ အမျိုးသမီး တို့ရဲ့ ကြယ်တပွင့် ဖြစ်လာမည့်သူ ချောငြိမ်းကျော် တယောက် ယခုလို ထူးချွန်လာတာကို ၊ မြန်မာပြည်ထဲမှာ ဒီမိုကရေစီ ရရှိရေး အတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ကြားသိရရင် ဘယ်လောက် ၀မ်းမြောက် လိုက်မလဲ။ ဒေါ်အောင်ဆန်းစုကြည် သာသိရင် ဇွန် ၁၉ရက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့မှာ ထူးချွန်တဲ့ အမျိုးသမီးလေး တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်မှာ အသေအချာ ပါပဲ။
မြန်မာ့ ခွပ်ဒေါင်းသွေး မျိုးဆက်သစ် ဖြစ်တဲ့ မချောငြိမ်းကျော် တယောက်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့တကွ ခေတ်အဆက်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ထူးချွန် သွားကြတဲ့ အမှန်တရားကို မြတ်နိုးတဲ့ မြန်မာ အမျိုးသမီး တွေလို သမီးကောင်း ရတနာ တပါး ဖြစ်ပါစေ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် မြန်မာပြည်ကို ချစ်ရင် ၊ ရောက်တဲ့ နေရာမှာ ထူးချွန် ထက်မြက် လိမ္မာ ယဉ်ကျေးတဲ့ မြန်မာ အမျိုးသမီးကောင်း တယောက် အဖြစ် ဆက်လက် ကြိုးစား စေချင်တယ်။မိတ်ဆွေကောင်းတွေနဲ့တွေ့ကြုံပြီး၊ မိတ်ဆွေကောင်းတို့ရဲ့ တန်ဖိုးကို အလေးထား နိုင်တဲ့ အမျိုးသမီးလေး တယောက် ဖြစ်ပါစေလို့ မြန်မာ အမျိုးသမီးများနေ့ အမှတ်တရ အဖြစ် ရေးသား လိုက်ပါတယ်။
(အကျဉ်းကျခံနေရသော ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အမှတ်တရ ။)
(ရဲဘော်ဒေါင်းနီ)
၁၈-၆-၂၀၁၀
ဟစ်တိုင်မှကူးယူတင်ပြပါသည်။

Tags
သတင်း