မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးအား လုပ်ငန်းရှင်၏ သားက ပါးရိုက်

ယမန်နေ့က ဘန်ကောက်မြို့အနီး စမုစာခွန်ခရိုင်၊ မဟာချိုင်နယ်မြေ ကီလိုစီစောင်ရှိ လုံချွတ်(ခေါ်) ရေလုပ်ငန်းသုံး ပိုက်နှင့် ကြိုးများထုတ်လုပ်သည့် စက်ရုံတွင် မြန်မာအလုပ်သမား မဇာဇာ အား လုပ်ငန်းရှင်၏ သားက ပါးကို(၂)ချက်၊ လက်မောင်းကိုတစ်ချက် ပြင်းထန်စွာရိုက်နှက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းရှင် သူဌေး၏သားမှ မဇာဇာအား ကြိုးကြစ်စက်ကို မောင်းနှင်ခိုင်းရာ စက်မောင်းရန် မကျွမ်းကျင်သဖြင့် မမောင်းရဲကြောင်း စကားပြန်မှတစ်ဆင့် ပြန်လည် ပြောဆိုခဲ့သည်။
သို့ရာတွင် စကားပြန်က မပြောပေးသဖြင့် သူဌေးသားက လာရောက်ပြီး လက်မောင်းကို ပြင်းပြင်းထန်ထန် တစ်ချက် ရိုက်ခဲ့သည်။ အစပိုင်းတွင် နောက်သည်ဟု ယူဆသော်လည်း ပါးကို (၂)ချက် ပြင်းပြင်းထန်ထန် ထပ်ပြီး ရိုက်သောအခါမှ အလုပ်သမား အမျိုးသမီးမှာ အရမ်းရှက်ခဲ့ကြောင်း အခုလို ပြောပြသည်။
မဇာဇာက “သမီးအစတုန်းကတော့ နောက်တယ်ထင်တာပေါ့နော်၊ ပါးကို (၂)ချက် ထပ်ရိုက်လိုက်တော့မှ သမီးနာတာထက် ရှက်တာက ပိုတာပေါ့နော်။ ဒါပေမယ့် အခြားလူတွေစုပြီး အလုပ်ရုံ ရုံးခန်းကို သွားပြောကြတော့ သူဌေးသားက နောက်အဲဒီလို မဖြစ်စေရဘူးဆိုပြီး လက်အုပ်ချီပြီး တောင်းပန်လိုက်လို့ ကျေနပ်လိုက်ရပါတယ်”ဟု ပြောသည်။

သူမ ဤအလုပ်ရုံတွင် ၂နှစ်ကျော်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး အသက် ၂၅နှစ်အရွယ် မိန်းမပျိုတစ်ဦးဖြစ်သည်။

မဇာဇာ ပါးအရိုက်ခံရသည်ကို မကျေနပ်သဖြင့် အလုပ်သမားများ စုဝေးပြီးသွားရောက် အရေးဆိုနိုင်အောင် စီစဉ်ခဲ့သူ ကိုလင်းလင်းက “ကျနော်တို့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုး ပါးကိုရိုက်တာ ကျနော်တို့ မကျေနပ်ဘူးလေ။ ဒါကြောင့် ကျနော်တို့ လူစုပြီး ရုံးခန်းကို သွားကြတယ်။ ထိုင်းစကား ကျွမ်းကျင်သူနဲ့ ဇာဇာက ရုံးခန်းထဲကို ၀င်သွားတယ်။ ကျနော်တို့ အလုပ်သမားတွေ ရာနဲ့ချီပြီး အပြင်က ထိုင်စောင့်နေကြတယ်လေ။ သူဌေးသားက ကျေနပ်လောက်အောင် တောင်းပန်ပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် ထိုင်းဘာသာစကားကို မဖြစ်မနေတတ်မြောက်အောင် လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ ဘာသာစကားမတတ်သဖြင့် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်နိုင်ကြောင်း၊ ပြည်ပတွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာအချင်းချင်း ဖြစ်ပေါ်လာသော အခက်အခဲများကို စုပေါင်းဖြေရှင်းခြင်းဖြင့် အောင်မြင်မှုရရှိနိုင်ကြောင်း ဆက်လက်ပြောပြသည်။

အဆိုပါ ပိုက်ချည်နှင့် ပိုက်လုပ်ငန်းစက်ရုံတွင် မြန်မာအလုပ်သမားပေါင်း သုံးရာကျော်ခန့်ရှိသည်။ အလုပ်ချိန်မှာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ပြီး တစ်နေ့လုပ်အားခမှာ (၁၄၀)ဘတ်ဖြစ်သည်။ အိမ်ခန်းနှင့် ထမင်းကို အလုပ်ရုံမှ စီစဉ်ပေးပြီး ထမင်းလခအတွက် (၁၅)ရက် တစ်ပတ်ကို အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ (၁၇၀)ပေးရကြောင်း သိရှိရသည်။

source by : Grassroots Human Rughts

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form