ညွန့်သက်ထားဦး | မန္တလေး မြို့သူမြို့သားများ နှစ်၁၅၀ ပြည့်တွင် ပျော်ပျော်ပါးပါး ပါဝင်နိုင်ရန် တင်ဆက် ထားသော အစီအစဉ် တစ်ခု ကို အာဏာပိုင်တို့က တားမြစ်မှုကြောင့် ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် စိတ်ပျက်ရသည်ဟု ကျင်းပရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ပြောသည်။
ပွဲတော် ကျင်းပရေး တာဝန်ရှိ သူများက အများပြည်သူများပါ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်း ထားသည့် “အောက်မေ့ဘွယ် မန္တလေး ”အမည်ရှိ ၀ါသနာရှင် ပရိသတ်များက စင်ပေါ်တက်၍ မန္တလေး နှင့် ပတ်သက်သော ကျပမ်းသရုပ်ဆောင်မှု အစီအစဉ် ကို ဧပြီလ ၂၄ ရက်နေ့က တိုင်းမှုးက ထည့်သွင်းခြင်း မပြုရန် တားမြစ်လိုက် သည်ဟု သိရသည်။
“မန္တလေး နှစ် ၁၅၀ ပြည့် အစီအစဉ်တွင် တင်ဆက်မည့် အစီအစဉ်များ အတွက် အာဏာပိုင် များသို့ တင်ပြရပြီး ၎င်းတို့ဆီမှ ခွင့်ပြုချက် ရရန်လိုသည်”ဟု ပွဲကျင်းပရေးတာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရတနာပုံ မန္တလေး မြို့တည်နန်းတည် နှစ်(၁၅၀)ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၀၉ခုနှစ် မေလ ၁၄ရက် နံနက်ပိုင်းတွင် ၂၆လမ်း၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မျက်နှာစာရှိ ဗဟို မဏ္ဍပ်တွင် ကျင်းပမည် ဟုသိရသည်။
ဖွင့်ပွဲနေ့တွင် မြို့တည် နန်းတည် မင်းတုန်းမင်း တရားကြီး ရုပ်တု ဖွင့်လှစ်ခြင်းနှင့် လူအင်အား တစ်ထောင် ကျော်ခန့်ရှိ စည်တော်ကြီး နှစ်ခုနှင့် အတူ ထွက်တော်မူ ၀င်းခင်းကျင်းပွဲများ ပါဝင်မည်ဟု သိရသည်။
မန္တလေး နှစ် ၁၅၀ ပြည့်ပွဲ အတွက် မန္တလေးစည်ပင်မှ အလှုငွေ သိန်း ၁၅၀ သာထည့်ခြင်း အပေါ်လည်း မန္တလေး သားတို့က ဝေဖန် ပြောဆိုမှုများ ထွက်ပေါ် နေသည်။ ပိုက်ကျုံးရပ် တွင်နေသော လုပ်ငန်းရှင် တစ်ဦးက “စည်ပင် သင်္ကြန် မဏ္ဍပ် တစ်ခုတည်းကို သိန်း သုံးရာလောက် အကုန်ခံ သွားတယ်၊ နှစ်၁၅၀ ပြည့်ကျတော့ သိန်း၁၅၀ ပဲထည့်တယ် ဘာလုပ်ရမှာလဲ အခွန်ကျတော့ နင်းခံကောက် ပြီးတော့ ”ဟု မကျေမနပ် ပြောဆိုသွားသည်။
ရတနာပုံ မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့်အကြို အဖြစ် မေလ ၁ ရက်မှ ၃ ရက်နေ့ ထိ အမျိုးသား ဇာတ်ရုံကြီးတွင် “မန္တလေး အနုပညာ ပုံရိပ်ပွဲတော်” စင်တင်ပြဇာတ် ကို မန္တလေးမြို့မ တူရိယာ အသင်းကြီး ၊အကယ်ဒမီ စိန်မွတ္တား နှင့် မြို့တော် မောင်ယဉ်အောင် တို့က ကြီးမှုးတင်ဆက်မည် ဖြစ်သည်။
မန္တလေးသား အနုပညာရှင် များကလည်း ပူးပေါင်းပါဝင်မည့် ရတနာပုံ နှစ် ၁၅၀ အတွက် အာဏာပိုင်များက လုပ်ငန်းရှင် သူဌေးများ ဆီမှ ငွေကြေး ကောက်ခံမှုများ ပြုသော်လည်း ထိုငွေများကို မည်သည့် နေရာတွင် သုံးမည် ဟု ရှင်းရှင်းလင်းလင်းပြော ဆိုခြင်းမရှိချေ။
မန္တလေးနှစ် ၁၅၀ ပြည့်ပွဲတော်တွင် ဖွင့်လှစ် ရောင်းချမည့် ဆိုင်ခန်းပါမစ်များ အတွက်မူ မန္တလေးစည်ပင်က ဈေးနှုန်းသတ်မှတ်၍ ချပေးသည်ဟု သိရသည်။
မန္တလေးကြံ့ဖွတ် ကလည်း ပွဲတော်တွင် ၎င်းတို့၏ ရံပုံငွေ အတွက် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း ၀င်ကြေးပေး ဇာတ်ရုံများ တည်ဆောက်ခြင်း တို့ကို ပြုလုပ်မည် ဖြစ်သည်။
မဟာသက္ကရာဇ် ၁၂၂၁၊ ခရစ်သက္ကရာဇ် ၁၈၅၉ ခုနှစ်တွင် ကုန်းဘောင် မင်းဆက် မင်းတုန်းမင်းက မန္တလေးမြို့နှင့် နန်းတော်ကို စတင် တည်ထောင် ခဲ့သည်။
မန္တလေး နန်းတော် မတည်ဆောက်မှီ ထိုနေရာ တွင် ရှမ်းနှင့် မြန်မာအများစု နေထိုင်သော ထီးပေါင်းကား ဆိုသည့် ရွာကလေးရှိပြီးထို နေရာမှာ မန္တလေး၏ ဘူမိနက်သန် ဖြစ်သည်။
source by : Freedom News Group
![]() နိုင်ငံရေးနှင့် ပတ်သက်သည့် အနူပညာရှင်များကို နှစ်၁၅၀ ပြည့်ပွဲတွင် မပါဝင်ရဟု အာဏာပိုင် တို့တားမြစ်ထား (Mustaches Brothers Ban to performs in 150 years anniversary of Mandalay Ex Second capital of Burma |