တခါတုန်းကပေါ့ နှစ်ကာလ မှတ်စုစာအုပ်တွေအကြား ၀ှက်ထားတဲ့ ပိတောက်တွေ သွေ့ခြောက်နေလည်း ရနံ့မပြယ်…။ အဲဒီပိတောက်တွေမှာ မေမေ့ ရနံ့ကိုရတယ် (ကျနော့်ရဲ့ အမဖြစ်သူ) မမလေး ရနံ့ကိုရတယ် ဘ၀ရဲ့ ပထမဆုံး ငယ်ချစ်ဦးရဲ့ ရနံ့ကိုရတယ်…။ ပိတောက်ဆိုရင် ဇော်ဂျီက ချစ်တယ် ဒဂုန်တာရာကလည်း ချစ်တယ် အမေ လူထုဒေါ်အမာကချစ်သလို ကျနော်တို့မြို့သူ ဂျာနယ်ကျော်မမလေးကလည်းချစ်တယ် ကုန်ကုန်ပြောရရင် ချီလီကဗျာဆရာ နီရူဒါကလည်း ချစ်တယ်…။ မနှစ်ကပေါ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နောက်ကျပြီးမှ ပွင့်ခွင့်ရတဲ့ ပိတောက်တွေ နာဂစ် ခြွေတာခံခဲ့ရ …။ ခုဆို တယောတလက်ရဲ့ ဘိုးတံပေါ်မှာ ဝေဒနာနဲ့ ပွင့်မယ့် ပိတောက်တွေ ရွှေရည်လူးနိုင်လိမ့်မယ် … မထင်ဘူး။ ။ ကမာပုလဲ ဧပြီ၊ ၂၀၀၉။ |
Tags
ကဗျာ