အဆိုပါစနစ်သည် အမြန်ချောပို့လုပ်ငန်း (DEMS) သို့ ပစ္စည်းလာရောက်ပို့ဆောင်သူကို ၎င်းဌာနမှ ကွန်ပျူတာဖြင့် ဘောက်ချာ ဖြတ်ပေး လိုက်မည် ဖြစ်သောကြောင့် ပစ္စည်းပိုင်ရှင်သည် မိမိလက်ခံရရှိထားသော ထိုဘောက်ချာတွင် ပါဝင် သည့် bar code နံပါတ်ကိုအသုံးပြု၍ အွန်လိုင်းပေါ်တွင် ၀င်ရောက် ကြည့်ရှုရခြင်း ဖြစ်သည်။ ထိုသို့အွန်လိုင်းပေါ်တွင် ၀င်ရောက်ကြည့်ရှုခြင်းဖြင့် မိမိပို့ထားသောပစ္စည်း (သို့မဟုတ်) စာများကို မည်သည့် မြို့ရှိစာတိုက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အမြန်ချောပို့လုပ်ငန်း (DEMS) ဌာနခွဲမှ ပေးဝေပြီး မပြီးကိုပါ ကြည့်ရှုနိုင်မည် ဖြစ်သည်။ အကယ်၍ ပေးဝေပြီးသွားပြီဆိုပါကလည်း ပေးဝေလိုက်သည့်အချိန်နှင့် ရက်စွဲများကိုအတိအကျသိ ရှိနိုင်မည်ဖြစ်သည်။ ထိုစနစ်ကို သုံးစွဲလိုသူများသည် ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည့် www.dems.net.mm ၀က်ဘ်ဆိုက်တွင် ၀င်ရောက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအမြန်ချောပို့လုပ်ငန်း ခြေရာခံထောက်လှမ်းစနစ်ကို မြို့ကြီး ၁၈ မြို့နှင့် အမြန်ချောပို့မှု များသော မြို့များ အပါအ၀င် စုစုပေါင်း ၂၆ မြို့တို့ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့များမှာ နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မကွေး၊ မုံရွာ၊ ပြည်၊ ပဲခူး၊ မော်လမြိုင်၊ ပု သိမ်၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ စစ်တွေ၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ ပြင်ဦးလွင်၊ ဗထူး၊ တောင်ငူ၊ ပျဉ်းမနား၊ သံတွဲ၊ ကလေး၊ မြိတ်၊ ကော့သောင်းတို့ဖြစ်သည်။ ဖော်ပြပါမြို့များသာမက အခြား မြို့များ ကိုလည်း ထိုစနစ်အား ရရှိနိုင်အောင် ဆက်လက်၍ လုပ်ငန်း တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အွန်လိုင်းမှအမြန်ချောပို့လုပ်ငန်း ခြေရာခံထောက်လှမ်းစနစ်ကို နိုင်ငံတကာအမြန်ချောပို့လုပ်ငန်းတွင် တွင်ကျယ်စွာ သုံးစွဲခဲ့သည်မှာ တစ်နှစ်ကျော် ရှိသွားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
source by : http://www.planet.com.mm/news/read.cfm/id/12271