ဖေဖော်ဝါရီလလယ်မှစပြီး အပူချိန် ပျမ်းမျထက်ပိုမိုလာ၍ အပူကြောင့်ဖြစ်ပွားသည့် ရောဂါများစတင်ခံစားလာကြရ

ရန်ကုန်တိုင်း၏အပူချိန်သည် ဖေဖော်ဝါရီလလယ်ခန့်မှစတင်ကာ ပျမ်းမျအပူချိန်ထက် ပိုမိုလာသော ကြောင့် နွေရာသီတွင် အပူကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများကို သတိ ပြုရန်လိုအပ်လာကြောင်းသိရသည်။

နွေရာသီသို့ စတင်ဝင်ရောက် လာပြီဖြစ်သည့် ဖေဖော်ဝါရီလလယ်ခန့်၌ပင်အပူကြောင့်ဖြစ်ပေါ်နိုင်သည့် ရောဂါများ စတင်ခံစားရသူများရှိ လာပြီဖြစ်၍ ဆရာဝန်များက သတိပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။

ရန်ကုန်တိုင်း၏အပူချိန်သည် ယခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ၏ ပျမ်းမျ အပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ရန်ကုန်မြို့အနိမ့် ဆုံး အပူချိန်သည် ၇၀ ဒီဂရီဖာရင် ဟိုက် ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အနိမ့်ဆုံးအပူချိန် ၇၁ ဒီဂရီဖာရင်ဟိုက်နှင့် အမြင့်ဆုံး အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်၊ ဖေ ဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း၏နေ့အပူချိန် ၉၉ ဒီဂရီဖာရင်ဟိုက် ရှိခဲ့သည်ဖြစ်ရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နောက် ပိုင်းမှစတင်ကာ လူအချို့ အပူရှပ် ဖျားနာခြင်းများ၊ အပူကြောင့်လေ ဖြတ်ခြင်းများနှင့် ခန္ဓာကိုယ်တွင် အပူဖု၊ ယားနာထွက်လာခြင်းများ ဖြစ်ပွားလာကြောင်း သိရသည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နောက်ပိုင်းမှစ၍ ရန်ကုန် တိုင်း၏အပူချိန် ပြန်လည်လျော့ကျ ခဲ့ကြောင်း သိရသည်။ နွေရာသီတွင် အပူလွန်ကဲမှု ကြောင့်ဖြစ်ပွားနိုင်သည့်ရောဂါများ၊ သတိပြုရှောင်ကြဉ်စရာများနှင့်ပတ် သက်၍ ဒေါက်တာတင်တင်ယုက လည်း ''ရာသီဥတုအကူးအပြောင်း မှာ ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုး၊ အအေးမိတုပ်ကွေး စတာတွေအပြင် အပူချိန်မြင့်မားလွန်းတဲ့အခါ ဖြစ် တတ်တဲ့ အပူကြောင့်လေဖြတ်ခြင်း တို့ကိုသတိပြုရမှာဖြစ်ပါတယ်။ အပူ ကြောင့်လေဖြတ်ခြင်းက အသက် ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပြီး လူငယ်လူလတ်ပိုင်းမှာတော့ ဖြစ်ခဲ ပါတယ်။

အဲဒီလိုဖြစ်ပွားရတာက မြင့်မားလွန်းတဲ့အပူဒဏ်ကြောင့် ဦး နှောက်ထဲမှာရှိတဲ့ ကိုယ်တွင်း အပူချိန်ထိန်း အစိတ်အပိုင်း ပျက်စီးသွား တာကြောင့်ပါ။ အပူကြောင့်လေဖြတ် တာဟာလေဖြတ်တာအပြင်အသက် ကိုပါ ထိခိုက်နိုင်ပါတယ်။ ပူပြင်းတဲ့ နွေရာသီမှာ သတိပြုစရာကတော့ လေအေးပေးစက်ဖွင့်ထားတဲ့ အဆောက်အအုံ တွေဖြစ်တဲ့ ဈေးဝယ် စင်တာတွေ၊ ကလေးကစားကွင်း တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အအေးဓာတ် ပေးထားတဲ့ မိမိတို့ရဲ့ နေအိမ်ခန်းတွေထဲ ကနေ နေပူထဲထွက်တာ၊ နေပူထဲ ကနေ အဲဒီအခန်းတွေထဲ ပြန်ဝင်တဲ့ အခါမျိုးတွေမှာ သတိထားရမှာဖြစ်ပါ တယ်''ဟုအသိပေးပြောကြားခဲ့သည်။

''လူက သွေးနွေးသတ္တ၀ါဖြစ် တာကြောင့် ဒီရာသီက ပြင်ပအပူချိန် အရမ်းများတဲ့အခါမှာ လူ့ကိုယ်ခန္ဓာ အတွင်းမှာ အပူချိန်ညှိမပေးနိုင်တာ ကြောင့် Heat Strokeလို့ခေါ်တဲ့ ရောဂါဖြစ်ပွားရခြင်းဖြစ်ပါတယ်။ အများအားဖြင့် အပူပိုင်းဒေသမှာ နေ ထိုင်သူတွေနဲ့ သက်ကြီးရွယ်အိုတွေ မှာ ဒီရောဂါအဖြစ်များပါတယ်။ ဒီရောဂါခံစားရတဲ့ သူတွေမှာ ချွေး မထွက်ဘဲကိုယ်ခန္ဓာအပူချိန်မြင့်လာ မယ်၊ မူးမယ်၊ မောပြီး မေ့မျောသတိ လစ်ရာက တစ်ဆင့် အသက်အန္တရာယ် ဆုံးရှုံးမယ့်အရေးပေါ်လက္ခဏာအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအ နေဖြစ်လာပြီ ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကိုအမြန်ဆုံး သွားရောက်ကုသသင့်ပါတယ်''ဟု ဒေါက်တာ စိုးဝင်းဦး ကရှင်းပြခဲ့သည်။

အပူကြောင့်လေဖြတ်ခြင်းကို ကာကွယ်နိုင်ရန်အတွက်အလွန်ပူပြင်း သောနေရောင်ခြည်အောက်၌အချိန် ကြာမြင့်စွာအလုပ်လုပ်ခြင်းမှရှောင် ကြဉ်ရန်နှင့် ပူပြင်းသောနေရာမှ ပြန် ရောက်လျင်ရောက်ချင်း ရုတ်တရက် ရေချိုးခြင်းမှ ရှောင်ကြဉ်ရန် အစရှိ သည်တို့ကိုသတိပြုနေထိုင်သင့်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

အပူကြောင့် လေဖြတ်ခြင်းရော ဂါ (Heat Stroke) ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို မကြာ မီအချိန်၌ နိုင်ငံပိုင်သတင်းစာများ တွင် ထည့်သွင်း၍ ပြည်သူများအား အသိပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ပူပြင်းသော နွေရာသီ ကာလ တွင် ရေများများသောက်ခြင်း၊ အ မှည့်လွန်အသီးအနှံ စားသုံးခြင်းများ ကိုရှောင်ခြင်း၊ ပတ်ဝန်းကျင်အပူချိန် နှင့်သဟဇာတဖြစ်စေရန် ၀တ်စား ဆင်ယင်မှုပြုရာ၌လည်း အရောင် ဖျော့ ချည်သားအ၀တ်အထည်များ ၀တ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပြီး ပူပြင်းသောနေရာများတွင် ရေချိုး ခြင်းနှင့် နေပူထဲမှ ပြန်လာပြီးပြီးချင်း ရေချိုးခြင်းတို့ကို ရှောင်ကြဉ်သင့် ကြောင်းဆရာဝန်များကဆိုပါသည်။

ထို့ပြင် နွေချို၊ မိုးခါး၊ ဆောင်း ချဉ်ဟူသည့် မြန်မာ့တိုင်းရင်းဆေး ပညာအဆိုအရလည်း မိုးရာသီတွင် အခါးဓာတ် ပါသောအစာများ ပိုစား ခြင်း၊ ဆောင်းရာသီတွင်အချဉ်ဓာတ် ပါသောအစာများ ပိုမိုစားသုံးခြင်း နှင့် နွေရာသီတွင် အချိုဓာတ်ကဲပြီး အရည်ရွှမ်းသောအသီးအနှံများ ပိုမို စားသုံးသင့်ကြောင်း တိုင်းရင်းဆေး နည်းလက်စွဲအရ သိရပါသည်။

source by : http://weeklyeleven.com/c001/c001.php?id=1

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form