ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေး ဂေဟာ

ဒီနေ့တော့ မနက်စောစောစီးစီး အင်တာဗျူးအစီအစဉ် တစ်ခုရှိသည်မို့ မနက်စာစားပြီး Grassroots – Human Rights and Education Development (Grassroots – HRE) မှ ၀န်ထမ်းတစ်ဦးနှင့် အတူ HIV ဝေဒနာ ခံစားနေရသော ဗမာ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကမ်းခြေ၊ ဖန်င ခရိုင်ရှိ အလုပ်လက်မဲ့ ဗမာရွှေ့ပြောင်း အလုပ်သမားဒုက္ခသည်များ ယာယီစောင့်ရှောက်ရေး ဂေဟာ (Grassroots-HRE Temporary Shelter) သို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ HIV ဝေဒနာရှင်များနှင့် အင်တာဗျူး အစီအစဉ်တစ်ခု လုပ်ဖြစ်ခဲ့သည်။

ပထမဦးစွာ GHRE မှ ဒါရိုက်တာ ဖြစ်သူ ဦးထူးချစ်က “အခုလို ယာယီစောင့်ရှောက်ရေး ဂေဟာဖွင့်ထားတဲ့ ရည်ရွယ်ချက်ကတော့ အိမ်တွင်းအကြမ်းဖက်မှု (Domestic Violation) ခံနေရတဲ့ အမျိုးသမီးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေ ရတဲ့ အမျိုးသား၊ အမျိုးသမီးတွေ၊ ရေရှည် ဆေးကုသမှုခံနေရတဲ့ လူနာတွေ၊ အလုပ်လက်မဲ့ဖြစ်ပြီး ယာယီ ခိုကိုးရာမဲ့နေတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ဖွင့်ထားတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

၂၀၀၄ ဒီဇင်ဘာလ ဆူနာမီဖြစ်ပြီးနောက်ပိုင်း၊ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး ကျန်ခဲ့တဲ့ ဗမာ ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်တွေအတွက် ၂၀၀၅ ခုနှစ် ဧပြီလကစပြီး အဆိုပါ ယာယီ စောင့်ရှောက်ရေးဂေဟာကို ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ စပြီးဖွင့်ခါစက လာရောက်နေထိုင်ကြတဲ့ အလုပ်သမား ဒုက္ခသည်ဦးရေဟာ ၃၀ ကျော်၊ ၄၀ လောက်ရှိခဲ့ပြီး၊ ထိုအချိန်က HIV နဲ့ TB ရောဂါ ခံစားနေရတဲ့သူတွေ မရှိသေးပါဘူး။ ၂၀၀၆ ခုနှစ်ကျမှ HIV ပိုးရှိနေပြီဖြစ်တဲ့ အလုပ်သမား ဒုက္ခသည်တွေ ရောက်လာတာဖြစ်ပါတယ်။

GHRE မှ ဗမာအလုပ်သမားအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ ကိုမိုးဝေက “အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ အလုပ်သမား ဒုက္ခသည် တွေအတွက် ဒီ Temporary Shelter မှာ အခန်းစုစုပေါင်း ၂၀ ရှိတယ်။ အခုဆိုရင် ကျား ၂၆ ဦး၊ မ ၁၄ ဦးရှိတယ်။ ကလေးကတော့ ယောက်ျားလေး ၇ ဦးနဲ့၊ မိန်းခလေး ၂ ဦးပါ။ အဲဒီအထဲကမှ HIV နဲ့ TB ရောဂါ ခံစားနေရတဲ့လူနာ ကျား ၁၄ ဦးနဲ့ မ ၃ ဦးရှိပါတယ်။ ဒီမှာ ရှိတဲ့ ဒုက္ခသည် အရေအတွက် နဲ့ ကျနော်တို့ မှာရှိတဲ့အခန်း ၂၀ မလောက်ပါဘူး။ လူနာဦးရေ နဲ့ အခန်းလွတ်အရေအတွက် မမျှတော့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ဆောက်လုပ်ပေးပြီး မပြီးသေးတဲ့အခန်းတွေကို ယာယီ ကာပေးပြီး လူနာတွေကို ထားရတယ်” လို့ ပြောသွားပါတယ်။

လောလောဆယ်တော့ လူနာ ဒုက္ခသည်တွေအတွက် နေရေး ထိုင်ရေးကို GHRE မှ စီစဉ်ပေးပြီး၊ ဆေးဝါးအထောက်အပံ့ကို နယ်စည်းမထား ဆရာဝန်များအဖွဲ့က လည်းကောင်း၊ အစားအသောက်အတွက်ကို World Vision အဖွဲ့မှလည်းကောင်း ထောက်ပံ့ပေးကြောင်းသိရပါတယ်။

ကိုမိုးဝေ က ဆက်လက်ပြီး “ဟိုတုန်းကတော့ လူနာတစ်ယောက်ကို MSF က ဆန် ၅ ကီလို၊ ဆီတစ်ဗူး နဲ့ မာမားခေါက်ဆွဲခြောက်၊ World Vision ကလည်း ဆန် ၅ ကီလို၊ ဆီတစ်ထုပ်၊ ငါးသေတ္တာ၊ သွားတိုက်ဆေး အဲဒီလိုပေးပါတယ်။ လစဉ်ပေးတာပေါ့။ ဒါပေမယ့် အခုကျတော့ MSF က မပေးတော့ဘူး။ ဆေးဝါးဘဲ ထောက်ပံ့တော့တယ်။ World Vision ကလည်း အရင်က တစ်လကို တစ်ခါ ပေးတာကနေ၊ အခုဆို နှစ်လ မှ တစ်ခါလောက်ပဲပေးတော့တယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့အစည်းအနေနဲ့က စားစရိတ်ပါ ၀င်ပြီးခုရတော့တာပေါ့” လို့ပြောပါတယ်။

ထို့နောက် ဗမာရွှေ့ပြောင်းအလုပ်သမား တွေရဲ့ ကျန်းမာရေးကိစ္စတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ GHRE မှ ကျန်းမာရေးမှူး ကိုအောင်ကြည်က ဖန်င ခရိုင်မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သက်ပြီး “ဒီဒေသမှာတော့ နေရာတိုင်းမှာ HIV ပိုးရှိတဲ့ လူနာတွေရှိနေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၅ ယောက်မှာ အနည်းဆုံး တစ်ယောက်က HIV ပိုးရှိနေတယ်။ တစ်ရာဆိုရင် လေးယောက်ပေါ့။ အဲဒီလိုဆိုရင် ခင်ပွန်းဖြစ်တဲ့သူတွေမှာလည်း HIV ပိုးရှိနေတော့၊ လူနှစ်ရာမှာ အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၄ ယောက် HIV ပိုး ကူးစက်ခံနေရတယ်။ ကျနော်တို့အဖွဲ့အစည်းက အဲဒီလူနာတွေအတွက် ဆေးဝါးပုံမှန်ရရှိရေး ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ ကျန်းမာရေးပညာပေး အစီအစဉ်တွေလည်း လုပ်ပေးပါတယ်” လို့ အခုလို ပြောပြသွားပါတယ်။

ထို့နောက် HIV ဝေဒနာရှင် တစ်ဦးက “ကျနော် ထိုင်းနိုင်ငံကိုရောက်တာတော့ ၁၀ နှစ်လောက်ရှိပြီ။ ဒီ ယာယီစောင့်ရှောက်ရေးဂေဟာမှာ နေတာတော့ တစ်နှစ် ကျော်လောက်ရှိပါပြီ။ အရင်တုန်းကတော့ ဖူခက်မှာ ပန်းရံလုပ်တယ်၊ ပြီးတော့ ရဲအဖမ်းခံရတယ်။ ထောင်ကျတယ်။ ထောင်ကလွတ်တော့ ရနောင်းမှာ ငါးဖမ်းစက်လှေလိုက်တယ်။ ကျန်းမာရေးမကောင်းလို့ ဆရာဝန် နဲ့ ပြကြည့်တော့ တီဘီရောဂါရှိတယ်လို့ပြောတယ်။ ဒါနဲ့ ဆေးကိုပုံမှန်သောက်တယ်။ နောက်တစ်ခါ ထန်းလမုမှာ ငါးဖမ်းစက်လှေလိုက်တော့ ဆေးပြတ်သွားတယ်။ သောက်စရာမ ရှိတော့ဘူးး။ နောက်တစ်ခါ ဆရာဝန် ဆီလာပြပြီး သွေးစစ်ကြည့်တော့ ကျနော့်မှာ ဒီရောဂါခံစား နေရတယ်ဆိုတာ သိရတယ်။ အဲဒီကစပြီး ကျနော် ဆေးကို ပုံမှန်သောက်တယ်။ ဆေးကတော့ ARV ဆေးပေါ့။ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ထောက်ပံ့တာပါ။ ဒါပေမယ့် လာမယ့် ခြောက်လပိုင်းဆိုရင် နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဒီ ဖန်ငခရိုင် ကနေ တစ်ခြားနေရာကို ပြောင်းတော့မယ်လို့ သိရတယ်။ အဲဒီကျရင် ကျနော်တို့ ဆေးဝါးအခက်အခဲရှိမှာကို စိုးရိမ်တယ်” လို့ ပြောပြပါတယ်။

အခြား HIV ဝေဒနာရှင်တစ်ဦးကလည်း နေရေးထိုင်ရေး၊ အလုပ်ကိုင်နဲ့ ပက်သက်ပြီး “ဒီမှာ နေရတာတော့ အဆင်ပြေပါတယ်။ ဘတ်မရှိပေမယ့် လုံခြုံမှုရှိတယ်။ အပြင်တော့မထွက်ဘူး။ ကျနော် လွန်ခဲ့တဲ့လေးလလောက်ကတော့ ပန်းရံလုပ်တယ်။ ဒါပေမယ့် အလုပ်ရှင်က လုပ်ခ (လုံးဝ) ရှင်းမပေးဘူး။ OT ဆင်းတာလဲရှင်းမပေးဘူး။ OT ကြေးနာရီ ခြောက်ဆယ်ကျော်စာလောက် ရစရာရှိတာ။ တစ်နေ့ကို ၁၈၀ ပေးတယ်။ OT ကြေးက တစ်နာရီကို ၄၀ ပေးတယ်။ အဲဒါ သူဌေးက လုံးဝ ကိုရှင်းမပေးတော့လို့။ အားလုံး လုပ်ခက နှစ်လ နဲ့ ရက်နှစ်ဆယ်စာရယ်၊ OT ကြေးရယ် ရစရာရှိတာ။ မရတဲ့အဆုံး ကျနော် ဆက်မလုပ်တော့ဘူး။ အင်း…အခု ထိတော့ အလုပ်မရှိပေမယ့် နေရေး၊ စားရေး၊ ဆေးဝါးက အစ အဆင်ပြေနေတယ်။ ဒါပေမယ့် ကိုယ့်မှာ အလုပ်ရှိရင်တော့ ပိုက်ဆံရမယ်။ ဗမာပြည်က ကျနော့် ကလေးတွေ အတွက် စရိတ်ထောက်ပံ့ပေးနိုင်မယ်။ စိုးရိမ်တာကတော့ ခုနက ကိုxxxx ပြောသလိုမျိုး နယ်စည်းမထား ဆရာဝန်များ အဖွဲ့ ပြောင်းသွားရင် ဆေး မရမှာတော့ ပူတယ်” လို့ပြောပါတယ်။

“ဟုတ်တယ်….ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း လူနာတွေအတွက် နောက်ပိုင်းမှာ ဆေးဝါးအကူအညီအထောက်အပံ့တွေ ရဖို့အတွက် ကြိုးစားနေတယ်။ နောက်ပြီး သူတို့အတွက် ဒီမှာနေပြီး အလုပ်အကိုင်လည်းရှိအောင် စီစဉ်နေပါတယ်။ အလုပ်လည်းရှိတော့ သူတို့လည်း စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မှု နဲ့ ယုံကြည်မှုတွေ ရလာတာပေါ့” လို့ GHRE အဖွဲ့အစည်းမှ ဗမာ အလုပ်သမား ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုမိုးဝေက အခုလို ပြောပြသွားတာ ဖြစ်ပါတယ်။

ကျေးဇူးမှတ်တမ်း။ ။ ဤ အင်တာဗျူး အစီအစဉ် အတွက် ကူညီပေးသော Grassroots – Human Rights and Education Development မှ ဒါရိုက်တာ ဦးထူးချစ်၊ ဗမာရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုမိုးဝေ နှင့် ကျန်းမာရေးမှူး ကိုအောင်ကြည်တို့ကို အထူးကျေးဇူးတင်ရှိပါသည်။

(ကျော်သိင်္ခ)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form