အကယ်ဒမီလည်း ယတြာပါပဲ

ပညာကျော် |
ဆရာက စာရေးသူကိုပြောဖူးပါသည်။

တပည့်မှတ်ထားကွတဲ့၊ လူတွေဟာ အမြင်မတူကြပါဘူးတဲ့။ အထူးသဖြင့် ကဗျာကိုမင်းကြည့်။ လူရွှင်တော်ရွတ်တော့ ခွန်းတောက်၊ အဆိုတော်ရွတ်တော့ သီချင်း၊ ဘုန်းကြီးရွတ်တော့ ဓမ္မသံတဲ့ကွာ။ ဒါကြောင့်မို့လို့ အကြောင်းအရာတခုကို တမျိုးတည်း ပုံသေတွက်လို့ မရသလို ပြောင်းလဲစေနိုင်တာကိုလည်း သိဖို့လိုတယ်။ ဒါပေမယ့် ကျိုးကြောင်းခိုင်လုံမှုရှိရှိ မြင်တတ်ဖို့ အရေးကြီးတယ်ကွတဲ့။

ငယ်ငယ်တုန်းက စာရေးသူတို့မှာ သူငယ်ချင်းလေးယောက်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး တယောက်ပါ။ ကလေးဘဝကစားကြတော့ ဆရာဝန်လုပ်ပြီး ကစားလေ့ရှိတဲ့ ကောင်က ခုဆရာဝန်ဖြစ်ခဲ့သလို၊ စစ်တိုက် ကစားလေ့ ရှိတဲ့ကောင်က ရဲထဲရောက်ပြီး စာရေးသူတို့ကို အတင်းအဓမ္မစာပြပြီး ကစားခဲ့တဲ့ မိန်းကလေးက ခု ဆရာမဖြစ်နေတယ်။

လူဆိုတာ စရိုက်လက္ခဏာကို အခြေခံပြီး ပြောဆိုပြုမူတတ်ကြသည်ဟု စိတ်ပညာက ဆိုထားသည်။ ဝေဒပညာဗေဒင်က ဘာပြောလဲဆိုရင် သတ္တဝါတို့၏ စရိုက်လက္ခဏာတို့သည် သူ့၏ကံကြမ္မာကို ဖော်ပြနေပါ သည်တဲ့။ နက္ခတ်ပညာမှာလည်း နေ၊ လ၊ ကြယ်တို့နှင့် ကမ္ဘာ၏လူပ်ရှားမှုတို့ကိုကြည့်ပြီး ယနေ့ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့တို့၏ ပြောင်းလဲမှုကို ခန့်မှန်း ဟောပြော ကြပါသည်။ ထိုသို့ပြောဆို ဟောပြောချက်များကိုလည်း မြန်မာတို့ ယုံကြည်အလေးထားကြပါသည်။

ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့သော မြန်မာ့ရိုးရာသင်္ကြန်စာဟောစာတမ်းကို ဤနက္ခတ်များကို ကြည့်ပြီး တွက်ချက်ခဲ့ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်များ စုံလင်စွာ ထွက်ပေါ်သဖြင့် ထိုနေ့တွင် ထွက်ပေါ်သော နက္ခတ်များကို အခြေခံတွက်ချက်ပြီးမှ သင်္ကြန်စာကို ထုတ်ဝေ ကြရပါသည်။ ထို့ကြောင့် သင်္ကြန်စာပါ အကြောင်းအရာများကို မြန်မာများက အထူးတန်ဖိုးထားကာ ဆောင်ထားပြီး လိုက်နာတတ်ကြပါသည်။

နက္ခတ်သည် ဗေဒင်မဟုတ်ဟု ဆိုကြသော်လည်း ဝေဒမှဆင်းသက်လာခြင်းတူသလို ဗေဒင်လေးပုံတွင် ပါဝင်သဖြင့် အတူတူသာ ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အမှန်တော့ ဤပညာရပ်များမှာ လောက အကျိုးပြုပညာရပ်များ ဖြစ်သည်ဟု ရှေးပညာရှိများက သုံးသပ်ခဲ့ကြသော်လည်း မျက်မှောက်ခေတ်တွင် တဦးတယောက်၏ အကျိုးကို အလေးထား လုပ်ဆောင် နေကြသော ပညာရပ်အဖြစ် ပြောင်းလဲလာခဲ့ပါသည်။

ရှေးက ငလျင်လှုပ်မည်၊ မိုးခေါင်မည် စသည်အားဖြင့် ဟောကိန်းထုတ်ကာ လူထုတရပ်လုံး၏ အကျိုးအတွက် သတိပေး တားဆီးနိုင်ခဲ့ကြပါသည်။ သူတို့၏ ဟောပြောမှုများမှာလည်း မှန်ကန်ခဲ့ကြပါသည်။ ထိုမှန်ကန်မှုများ ကို အခွင့်အရေးယူကာ တဦးတယောက်အတွက် အသုံးချလာသည့်အခါ အများလေးစားသော ပညာရပ်မှာ အများ၏ အကြောက်ဆုံးအသွင် ဆောင်လာခဲ့ပါသည်။

မြန်မာစစ်အာဏာရှင်များသည်ကား ကိုယ်ကျိုးအတွက် ဗေဒင်ကို အဓိကအသုံးချခဲ့သည်ဟု လူထုတရပ်လုံးက ယုံကြည် ကြသလို အသုံးချဆဲလည်းဖြစ်သည်ကို တွေ့နေရသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းခင်း၊ တံတားထိုး၊ စစ်တိုက်တာ တို့မှစပြီး ဗေဒင်အလိုကျ အဆောင်ယတြာမပါဘဲ စစ်အာဏာရှင်တို့ လုပ်ခဲ့သည်ကား မရှိခဲ့သည်သာဟု ပြောရပါမည်။ ထိုအလုပ်တို့ အောင်မြင်ရေးအတွက် ဆိုပါလျှင် ပြောစရာမဟုတ်သော်လည်း တဦးတယောက်၏ အကျိုးတရားအတွက် လူကိုထားစေဦးတော့ ဘုရားသော်မှ မလွတ်ဘဲ စတေးခံရသည်မှာ တော့ မပြောမပြီး ပြောရမည်သာဖြစ်သည်။

အာဏာရှင်တို့သည် သူတို့အား နှောင့်ယှက်ဖျက်ဆီးလာမည့် အန္တရာယ်ဟူသမျှကို ကြိုတင်တွက်ထားပြီး ဖြစ်သလို ကြိုတင်ကာကွယ်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။ သူတို့ အာဏာတည်မြဲရေးအတွက်ဆို အပယ်ငရဲမပြောနှင့် ငရဲထက် အဆပေါင်းများစွာသော ငရဲကိုလည်း သူတို့မကြောက်ပါ။

၂၀၀၇ မတိုင်မီကတည်းက နအဖတို့ဟာ သံဃာတော်တွေ လုပ်ရှားလာနိုင်တာကို တွက်ထားပြီးဖြစ်လို့ တပြည်လုံးကို ယတြာချေစေခဲ့ပါသည်။ ဘယ်လိုပြုခဲ့ပါသနည်းဆို မြင့်မြတ်သော သံဃာသင်္ကန်းရောင်ကို “စည်ပင်သန့်ရှင်းရေး အလုပ်သမား များအား အပေါ်ဝတ်အဖြစ်” ဝတ်စေပြီး သံဃာလှုပ်ရှားမှုကို ကာကွယ် ထားခဲ့ပါသေးသည်။ ထို့အပြင် အမြင့်ကို အပင်ဖြင့် သတ်စေဆိုသည့်သဘောဖြင့် တနိုင်ငံလုံးမှာ “သစ်ဆိမ့်” ပင်ကို စိုက်စေပြီး သံဃာကို နဝင်းသတ်ကာ ကက်ကင်းပြန်ခဲ့တာပါပဲ။ သစ်ဆိမ့် (သစ်+ဆိမ့်) ၆+၃=၉ ဖြစ်သည့်အတွက် နဝင်းကျေစေ၊ ပပျောက်စေဆိုသည့်အယူကို ယူခဲ့တာပါပဲ။

သို့သော်ကား မရခဲ့ ဘာကြောင့်ပါလိမ့်။

သံဃာဆိုသည်မှာ သီလကို ပုံဖော်ပေးနိုင်သူများဖြစ်ပြီး သင်္ကန်းမှာ ဗုဒ္ဓ၏ အမြတ်ဆုံးရတနာဖြစ်သည့်အတွက် နိမ့်ကျသော သူတို့မှ မြင့်သောသူ များကို မတော်လှန်နိုင်ခြင်းသာ ဖြစ်ပါလိမ့်မည်။ ဥပမာ တောင်ပေါ်ကို တောင်အောက်မှ ခဲနဲ့ ပစ်၍ မရခြင်းသာ ဖြစ်ပါသည်။

ထို့နောက်တွင်လည်း ကမ္ဘာကဒေါ်စုကို ထောက်ခံပြီး မြန်မာ့အရေးကို အာရုံစိုက်လာသောအခါ နအဖတို့က စုကြည်ကို ရန်နှိမ်ကာ“ကြက်ဆူ” ကို တနိုင်ငံလုံး စိုက်စေပြန်ပါသည်။ အမှန်တော့ ကြက်ဆူမှ ဆီကို အဓိက မထားဘဲ စုကြည်ကို ကက်ကင်းရိုက်ခြင်းသာဖြစ်ပါသည်။

“စုကြည်၊ ကြက်ဆူ” (တနင်္လာ+အင်္ဂါ ကို အင်္ဂါ+တနင်္လာ) နဲ့ ကက်ကင်းရိုက် ခြင်းသာ ဖြစ်ပါသည်။ ဗေဒင်တွင် ကက်ကင်းသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ကက်ကင်းကြောင့် တဘက်လူမှာ သေဆုံး သွားနိုင်သည် အထိ ဖြစ်စေပါသည်။ ထို့ကြောင့် ဆရာများက “တွက်ဆို ဟောကြား၊ မလိုငြား ကက်ကင်းမသုံးရာ၊ ကက်ကင်းသုံးက ဖြေမရ မုချအဆုံးသာ” ဟု ပြောဆိုခဲ့ကြပါသည်။

ထိုနအဖကက်ကင်းကြောင့် ဒေါ်စုခမြာ ကျန်းမာရေးချိုတဲ့မှုကို ကောင်းကောင်းခံခဲ့ရပါသေးသည်။ ကံကောင်းလို့သာဟု ဆိုရမည်။ တကယ်တော့ နအဖတို့က ဒေါ်စုကို လူချင်းရိုက်လို့မနိုင်သည့်အဆုံးမှာ ဗေဒင်ဖြင့် အဆုံးစီရင်ခဲ့သည့် သဘောလည်း ဖြစ်ပါသည်။ ပြုလုပ်ခံသူဘက်က စေတနာမှန်နေသလို ပြုလုပ်သူများက စေတနာမမှန်ခြင်းကြောင့်သာ ဒေါ်စုလွတ်မြောက်ခြင်းဖြစ်သည်ဟု ဆိုရပါမည်။

နောက်ပြောလိုသည်မှာ နအဖတို့သည် ၂၀၀၈ ခု ဆန္ဒခံယူပွဲမှာ အောင်မြင်နိုင်စေဖို့ သာမည ဆရာတော် ရုပ်ကလာပ် ကိုတောင်မှ မရှောင်ခဲ့ပါဘူး။ အတင်းဆွဲကာ ယတြာထဲမှာ ဆွဲထည့်ခဲ့ပါသည်။ ဘာကြောင့်ပါလိမ့်။

ဆရာတော် မပျံလွန်ခင် မိန့် ကြားခဲ့သည်ဆိုသော မကြာမီ မြန်မာ့နိုင်ငံရေး ပြောင်းလဲမည်ဆိုသည့် စကားမှာ နအဖတို့ကို တုန်လှုပ်စေခဲ့ပြီး သူတို့ အဓိကထားလုပ်နေသော အလုပ်ဟူသမျှ အောင်မြင်စေဖို့ သာမညကို ဖယ်ရှားရမည် ဆိုသည့် အတိတ်ကို နိမိတ်လုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ သာမညကို ဖယ်ရှားနိုင်သဖြင့် သူတို့အဓိကထားနေသော လမ်းပြမြေပုံ အောင်မည် ဟုလည်း သူတို့ ယုံကြည်နေကြပါသည်။

နောက်တဖန် နာဂစ်မှာ အရှက်ရစရာတွေနဲ့ ကမ္ဘာမှာ လူမိုက်စာရင်းဝင်နေချိန်မှာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို သန်းရွှေလုပ်ပုံကလည်း မပြောမပြီးနိုင်သော ယတြာကြီးပါပဲ။ ဘယ်လိုလုပ်ခဲ့ပါသလဲ။

ဗုဒ္ဓဘာသာတို့အတွက် ဘုရားထက်မြင့်မြတ်သောသူဟူသည်မရှိဆိုတာ လက်ခံထားကြပြီး ဖြစ်သလို ဘုရားကို ယှဉ်ပြိုင်နိုင်သောသူဟူသည်လည်း မရှိပါပေ။ လောကသဘောအရကြည့်မည်ဆိုလျှင် ယနေ့ လူ့လောကကမ္ဘာကို အုပ်စိုးနေသူမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သာလျှင် ဖြစ်သဖြင့် ဘာသာရေးစကားဖြင့် ပြောလျှင် ဘုရားတဆူဟုသာ ဆိုရပါမည်။ ဒီတော့ သူ့ကိုနိုင်အောင် ဘယ်လိုလုပ်ရမည်ဆိုသည်မှာ သန်းရွှေအတွက် အရေးကြီးလာသည့်အတွက် နောက်ဆုံးမှာတော့ မထူးဇာတ်ခင်းကာ သူ့ကိုယ်သူ ဘုရားဖြစ်အောင်သူ့ရုပ်နှင့်တူသော ဘုရားကိုထုလုပ်စေပြီး ကုလအတွင်းရေးမှူးချုပ်ကို ဦးချစေပါတော့သည်။

ဆရာကောင်းသမားကောင်းတွေကြောင့် သန်းရွှေမှာ ဘုရားတောင်ဖြစ်လိုက်သလို အာဏာသာ တည်ပါစေ ဘုရားလည်း ငါ့အောက်မှာပဲဆိုသည့် အာဏာရူးအကျင့်ဆိုးတို့ လွှမ်းမိုးနေသည်မှာလည်း ထင်ရှားစေပါသည်။ဤကား မြင်သာသော ယတြာတွေသာဖြစ်ပြီး မမြင်နိုင်သောယတြာများ မည်မျှ ရှိမည်ဆိုသည်ကိုမူ ပြောစရာလိုဦးမည်မထင်ပါ။

ဆရာ့ဆရာများကလည်း အသပြာသာ အလေးထားစရာဖြစ်ကာ အမျိုးမျိုးမရိုးနိုင်သော ယတြာများကို တခုပြီးတခု စီမံ အားပေးနေပုံတွေကလည်း ရင်လေးစရာပါ။ နအဖနဲ့ သန်းရွှေတို့က ယခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၀)၂၀၀၉ မှာ အလူးအလဲခံရမှာကိုတော့ ကြိုတင်တွက်ထားပုံရပါသည်။ ထို့ကြောင့် နောက်ဆုံး အကယ်ဒမီလည်း ငါတို့ယတြာပဲဆိုပြီး လုပ်ခဲ့ကြသည်။

အကယ်ဒမီပေးပွဲကို အရင်က ဇန်နဝါရီလတွင်သာ ကျင်းပသော်လည်း ယခုနှစ်ကျမှ ဘာကြောင့် ဖေဖော်ဝါရီလတွင် ကျင်းပရပါသလဲ။

စာရေးသူအမြင်ကို ပြောရလျှင် ဂဏန်းသင်္ချာဗေဒင်ပညာအရ ယခုရောက်နေသော သက္ကရာဇ်မှာ မြန်မာ ၁၃၇၀ ခုဖြစ်သလို ခရစ်ကလည်း ၂၀၀၉ ဖြစ်နေသဖြင့် ပေါင်းသော် နှစ်ခုစလုံး နှစ်ပဲရနေပါသည်။ (၁+၃+၇+၀)=၁၁ (၁+၁)=၂ ဖြစ်သည်ကို တွေ့ရပြီး (၂+၀+၀+၉)=၁၁ (၁+၁)=၂ ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒီနှစ်သည် တနင်္လာဂြိုဟ်စီးသော နှစ်ဟု ဆိုရမည်ဖြစ်ပါသည်။

ပြုလုပ်သောလမှာ ဖေဖော်ဝါရီလဖြစ်နေခြင်းကြောင့်လည်း (၂)သာလျှင် ဖြစ်ပါသည်။ သောကြာသား သန်းရွှေကို တနင်္လာနှစ်က “သောက” အနေဖြင့် ကောင်းကောင်း ဒုက္ခပေးနိုင်သည်ကို ရိပ်မိသလို ကိုယ်တိုင်လည်းကြုံနေရပါသည်။ ဗေဒင်အလိုအရ ရန်ထဲတွင် အတွင်းရန်မှာ ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ဒါ့ကြောင့် ရန်ပြေနိုင်မယ့် နည်းလမ်းကိုရှာသောအခါ ပထမဦးဆုံးတွေ့လိုက်သည်မှာ အကယ်ဒမီပေးပွဲသာဖြစ်သည်။ အကယ်ဒမီဆိုသည်မှာ ထိပ်တန်းရောက်ဆုဖြစ်သလို အဓိပ္ပာယ်အားဖြင့်လည်း “ကယ်ဆယ်” ခြင်း နိမိတ်ကိုယူကာ အောင်အတိတ်ကို ရှာပါတော့သည်။

စာရှုသူများ သေချာစွာ စဉ်းစားစေလိုပါသည်။

သောကြာသား သန်းရွှေကို ကယ်တင်နိုင်ရေးအတွက် အကယ်ဒမီပွဲကို (၇ ရက်၊ စနေနေ့) မှာ ကျင်းပတာပါပဲ။ “သောက”ကို “သုတ” ဖြစ်စေရန်အတွက် (၇ ရက် စနေကို ရွေးကာ) စနေနံကို ဖော်လိုက်ခြင်းသာဖြစ်ပါသည်။

နောက်ထူးခြားသည်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားကိုယ်စားလှယ်များကို အတင်းအဓမ္မ ခေါ်ဆောင်ထားသည်ကိုလည်း သတိပြုစေလိုပါသည်။ ယခင်က တခါမှမရှိခဲ့ ဆိုသည်ကိုလည်း စာဖတ်သူများသတိပြုစေလိုပါသည်။ ဘာကြောင့် ခေါ်ထားရပါသလဲ။ ဆုရသည့်ဇာတ်ကားကို ဦးစွာကြည့်လျှင် “ကိုးဆယ်ဆသာလိမ့်မယ်” တဲ့။

အဓိပ္ပာယ်က အောင်အတိတ်ဆောင် အောင်နိမိတ်ယူသော် အားလုံးတို့ထက် သာလွန်စေခြင်းတည်းဟူသော ဝိသေသကို ဂုဏ်ဖော်ကျူးထားသည်ကိုတွေ့ ရမည်။ အားလုံးတို့ကို ကျော်လွန်နိုင်ခြင်းနိမိတ်မှာ သန်းရွှေတို့၏ တိုင်းရင်းသားတရပ်လုံးကို ကျွန်ပြုရေးတည်းဟူသော နံနှိမ်ရေးကိုယူပြီး တိုင်းရင်းသားအားလုံးတို့ထက် သာလွန်ကြောင်း အတိတ်ကိုဆောင်ကာ “ပြည်ထောင်စုဖွားတိုင်းရင်းသားများ” ကို ခေါ်ယူပြီး နှုတ်ပိတ်ဆွံ့အ စေခြင်း ယတြာသာဖြစ်ပါသည်။

ဆုချီးမြှင့်ခံရသူများမှာလည်း ယောက်ျား (၆) ယောက်ဖြစ်သည်ကို တွက်လိုပါသည်။

ယောက်ျားဆိုသည်မှာ (၄+၂)= ၆ ဖြစ်၍ သောကြာနံ သန်းရွှေကို ကိုယ်စားပြုထားပြန်ပါသည်။ (၆)ယောက်ဆိုပြန်တော့လည်း သောကြာသန်းရွှေကို ကိုယ်စားပြုပြီး “ယောက်ျားခြောက်ယောက်” ဖြစ်သည့်အတွက် သောကြာနံခြောက်ကို ခြောက်ခါပေါင်းသော် တနည်းအားဖြင့် မြှောက်သော် ( ၃၆ ) ရပါလိမ့်မည်။ (၃၆) ကိုပေါင်းသော် “၉” ရသဖြင့် ငါသာလျှင် အားလုံးတို့၏ ကိုးကွယ်ရာဖြစ်ရမည်ဆိုသည့် “ကိုးနဝင်း” ချေက “အောင်ပွဲရ” ဆိုသည့်ကိန်းကို အရဖန်းတီးထားခြင်းသာ ဖြစ်ပါသည်။

ထို့အပြင် သန်းရွှေကိုတည်ပြီး နေ့နံကိုနှောခါ ဆုရသူများ၏နံကို ပေါင်းလျှင် (သန်းရွှေ+ကိုးဆယ်ဆသာ လိမ့်မယ်+ ကျော်ရဲအောင်+မိုးဒီ+ကျောက်ဖြူ+စိန်မွတ်တား+မောင်ယဉ်အောင်+ခုနှစ်+ရက်+နေ့ ဂြိုဟ် ) တို့ကို ပေါင်းသော် ( ၆ + ၂၃ + ၇ + ၁၂ +၇+၁၅+၁၀+၁၁+၇+၁၀)= (၁၀၈) ရသည်ကို တွေ့ရမည်။ “၁၀၈” ဆိုသည်မှာ ဂြိုဟ်အားလုံးတို့၏ ဂြိုဟ်သက်ဖြစ်သဖြင့် “အဟောင်းကိုကျော်၊ အသစ်လိုသော်၊ ဂြိုဟ်သက်အကြေပြုပါလေ” ဟူသော အဆိုကို လက်ကိုင်ပြုကာ အာဏာတည် သက်ဆိုးရှည်ရေးအတွက် အကယ်ဒမီကို အကွက်ကျကျ ပုံဖော်စီမံခဲ့ခြင်းသာဖြစ်ပါသည်။

၂၀၁၀ ကိုလည်း ကြိုတွက်ကာ တိုင်းရင်းသားအားလုံးကို အကယ်ဒမီက ဖနှောင့်နဲ့ပေါက်ပြီး နံနှိမ်ကာ အောင်ပွဲခံခဲ့ခြင်း လည်းဖြစ်ပါသည်။ သို့ပါ၍ သန်းရွှေတို့၏ ယတြာပျက်ရေးတို့ အရေးဟု သဘောထားကာ ပြန်လည်စီမံရတော့မည်သာ ဖြစ်ပါတော့သည်။

source by : http://www.khitpyaing.org/articles/February_09/10-2-09.php

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form