ပညာကျော် |
ရေးသူသည် ဗေဒင်ဆရာတယောက်တော့မဟုတ်ပါ။ သို့သော် ဗေဒင်ပညာကို လေ့လာဖူးသူ တယောက်ဖြစ်ပါသည်။ စစ်အစိုးရသည် ဗေဒင်ကို အားကိုးကာ အာဏာတည်မြဲရေးကို ကြိုးစားနေသည်ဟု မြန်မာ့နိုင်ရေးအသိုင်းအဝန်းများက သတ်မှတ်ပြောဆိုနေကြသလို သူတို့၏ အသိုင်းအဝန်းထဲမှလည်း ပြောဆို နေကြပါသည်။
တကယ်တော့ ဗုဒ္ဓဘာသာတွင် ကံကံ၏အကျိုးကိုသာ ယုံကြည်ရေးအဖြစ် ပြောဆိုလိုက်နာကြသော်လည်း ဗေဒင်အယူဝါဒသည်ကား ကြီးစိုးနေဆဲသာဖြစ်ပါသည်။ ဗုဒ္ဓအလောင်းအလျာကို မွေးဖွားပြီးချိန်တွင် ဗေဒင် ပညာရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု လက်ညှိုးထောင် ဟောခဲ့သည့် စကားကများ ဗုဒ္ဓဘာသာဝင်များကို ဗေဒင်ကြီးစိုးစေသလားဆိုသည်ကို စာရေးသူ စဉ်းစားမိပါသည်။
ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်စေခဲ့ပြီးချိန်မှစတင်ကာ မြန်မာတို့ကို ဗေဒင်ကြီးစိုးလာခဲ့သည်ဟု စာရေးသူ ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် အနော်ရထာမင်းကြီး၏ရှေ့တွင် မင်းခန်းသဘင်ကျင်းပရာတို့ ၌ ဗေဒင်အယူဝါဒဆိုင်ရာများကို မတွေ့ရပါ။ သို့သော် မွန်သထုံဘုရင်တို့နှင့် ရခိုင်ဘုရင်တို့၏ ဘိသိက်မင်္ဂလာကျင်းပရာတို့တွင်တော့ ဗေဒင်အယူများ အသုံးပြုခဲ့ပုံများကို တွေ့ရပါသည်။ ထို့အတူ ယိုးဒယားမင်းများနှင့် အိန္ဒိယဘုရင်များသည်လည်း ဗေဒင်ကိုအသုံးပြုခဲ့ကြပါသည်။ မြန်မာတို့၏ မင်းတိုင်ပင်ခံပညာရှိ အမတ်တို့မှာ အထူးသဖြင့် လောကဓာတ်ခေါ် ဗေဒင်ပညာကို တက်သိကြသူများသာ ဖြစ်ပါသည်။ စာရေးသူက သုသေတီတဦး မဟုတ်ပါသဖြင့် လွဲမှားပါလျှင် ခွင့်လွှတ်စေချင်ပါသည်။ စာရေးသူလေ့လာမိသမျှကို အကျဉ်းချုံးဖော်ပြခြင်းသာဖြစ်ပါသည်။
ရှေးမြန်မာတို့က ဗေဒင်ပညာကို ယုံကြည်မှုများခဲ့ကြသဖြင့် ရှေးဆရာတော်များပင်လျှင် ဗေဒင်မတတ်သူမရှိ ဖြစ်ခဲ့ရပါသေးသည်။ ဗေဒင်တတ်မှ လူရာဝင်ခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ဗေဒင်သင်ကြသည်။ ယနေ့ လက်ကိုင်ပြုနေကြသော ဗေဒင်ကျမ်းများကို ကြည့်ပါလျှင်လည်း ရှေးဆရာတော်ကြီးများ ရေးခဲ့သည်ကိုသာ တွေ့ရသည်။ မြန်မာဘုရင်တို့၏ အထူးအလေးပေးကြည်ညှိုခြင်းကို ခံရသည့် ကျီးသေးဆရာတော်ပင် ဗေဒင်ကျမ်းကို ပြုစုခဲ့သည်ကို တွေ့ ရသည်။ မုန်ရွေးဆရာတော်၊ သဲအင်းဆရာတော် စသူတို့နှင့် ဗေဒင်ကျမ်းကို ပြုစုသူအများစုမှာ လူပြန်ကြီးများသာဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် ဗေဒင်ယုံကြည်သူအများစုကို လေ့လာကြည့်လျှင် အစိုးရဝန်ထမ်းများနှင့် သူဌေးများဖြစ်ကြသည်ကို တွေ့ ရပါသည်။ အစိုးရဝန်ထမ်းများက ရာထူးတိုးရေးအတွက် ဗေဒင်ကို ကိုးကွယ်လာကြကာ သူဌေးများကလည်း စီးပွားရေးအောင်မြင်ရေးအတွက် ဗေဒင်ကိုအလေးပေးကြပါသည်။
တကယ်တော့ ဗေဒင်ပညာဆိုတာ မယုံလည်းခက် ယုံလည်းခက်တဲ့ ပညာရပ်တခုလို့ အများက သုံးသပ်ခဲ့ကြသော်လည်း ဗေဒင်နဲ့တော့ ကင်းခဲ့သူမရှိပါလေ။ ကုသိုလ် အကုသိုလ်ကို အရင်းတည်ပြီး ကံ၊ ကံ၏အကျိုးသာ အဓိကပါဟု လက်တွေ့ကျသော ဝိပဿနာကိုသာ ကျင့်တဲ့ဆရာတော်ကြီးများပင် မကင်းခဲ့ဘဲ ဖြစ်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။
တကယ်တော့ ဗေဒင်ပညာကို တဖက်ကမ်းခတ် တက်မြောက်ခဲ့သူ ကောဏ္ဍညပုဏ္ဏားက ဘုရားလောင်းကို ဧကန်စင်စစ် ဘုရားဖြစ်ပါမည်ဟု လက်ညှိုးတချောင်းကို ထောင်ပြီး တခွန်းတည်းသော စကားကို ပြောခဲ့သော်လည်း၊ ဘုရားလောင်း ဒုက္ကရစရိယအကျင့်ကို ကျင့်နေစဉ်မှာ ဒီတသက်ဘုရားဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ အလောင်းတော် အနားမှ သူကိုယ်တိုင်ရှောင်ခွာခဲ့သလို၊ ဘုရားဖြစ်ပြီဟု မြတ်ဘုရားကပြောခဲ့စဉ်မှာလည်း သူမယုံကြည် ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် ဗေဒင်ပညာသည် တတ်သူကို ယုံကြည်မှု နည်းဘိသကဲ့သို့ မသိသူကသာ ယုံကြည်သော ပညာရပ်တခုဟုလိုလည်း ဆိုရပေမည်။ များသောအားဖြင့် မျက်မှောက်ခေတ်တွင် ဗေဒင်ပညာကို ဆည်းကပ်သူများမှာ တကယ့်တွေးခေါ်မှု နည်းပါးသူများသာဖြစ်သည်ဟု ဆိုရပါမည်။
ကျနော် တခါက တွေ့ခဲ့ပုံတခုကို ပြောပြပါမည်။ လူတယောက်က တခြားတယောက်၏ကားကို အငှားမောင်းပြီး သူ့နာမည်ဖြင့် လိုင်စင်လုပ်ကာ သူပိုင်ဆိုင်ကြောင်းပြောပြီး ပိုင်ရှင်ကို ပိုင်ရှင်ကြေးမပေးဘဲ တရားရင်ဆိုင်ပါသည်။ ရုံးတော်တွင် တရားနိုင်ရေးအတွက် ဗေဒင်ဆရာကြီးတဦးကိုငှားပြီး ယတြာဓာတ်ဆင်များ လုပ်ပါလေတော့သည်။ ပိုင်ရှင်စစ်က သူဤသို့လုပ်တာကို သိပြီး ကျနော့်ကို လာပြောပါသည်။ သူရဲ့ကား ဆုံးရှုံးမှာကိုလည်း သူက ကြောက်နေသည်။
ကျနော်က သူ့ကိုပြောပါသည်။ သူများပစ္စည်းကို ယတြာနဲ့ ကိုယ်ပိုင်ဖြစ်အောင်သာ လုပ်လို့ရနိုင်ကောင်းတယ် ဆိုရင် လုပ်ပါစေဗျာ၊ ခင်ဗျားမကြောက်ပါနဲ့။ ခင်ဗျားပိုင်မှန်း လူတိုင်း သိပါတယ်ဟု ပြောပြီး ရုံးတော်မှာ တကယ်စစ်တော့ အတုမှာရှုံးပြီး အစစ်က နိုင်ခဲ့ပါသည်။
ဆယ်တန်းအောင်မြင်ရေးအတွက် ယတြာချေပြီး အောင်ခဲ့တဲ့သူမရှိခဲ့ပါဘူး။ စာရပြီး ကြိုးစားနေတဲ့ ကျောင်းသားကို ပန်းတင်မီးထွန်းခိုင်းပြီး သူတို့ကြောင့်ပဲ ဂုဏ်ထူးထွက်သလိုလို လုပ်ပြီး နာမည်ကောင်းယူတက်တာ ဗေဒင်သမားတွေပါ။ တကယ်တော့ ကောက်ညှင်းပေါင်းမှာ နှမ်းဖြူးပြီး၊ နွားနို့ မှာ ဆားထည့်တဲ့ သဘောတွေပါပဲ။
ဗိုလ်ချုပ်ခင်ညွန့်ဟာ သူ့ရဲ့ သြဇာတည်မြဲရေးအတွက် ကျောက်တော်ကြီးဘုရားကို တည်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းက မင်းဓမ္မကုန်းတော်မှာပါ။ ထိုဘုရားကို ဘာကြောင့် တည်ရသလဲဆိုတာ အရင်းခံကို ဆရာတော်ကြီးတပါး၏ သုံးသပ်မှုကို အရင်းခံပြီး ကျနော်လေ့လာခဲ့ပါတယ်။ ဒီဘုရားကိုတည်တာဟာ ဗိုလ်ခင်ညွန့်ရဲ့ ကိုးကွယ်တဲ့ဆရာတော်နဲ့ ဗေဒင်ကြောင့်ပါပဲ။ သူ့ရဲ့ဆရာတော်ပြောစကားအရ ခင်ညွန့်ဟာ တချိန်က ရခိုင်ဘုရင် ဘစောဖြူမင်း ဖြစ်ခဲ့ပါတယ်တဲ့။ ဘစောဖြူမင်းဟာ ရခိုင်သမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ မင်းပါပဲ။ ဆင်ဖြူတောင် ပိုင်ခဲ့ပါသေးတယ်။
ခင်ညွန့်ဟာလည်း တန်ခိုးကထွားလာတယ်။ အသက်ကလည်း လေးဆယ်ကျော်ပြီး ငါးဆယ်ပြည့်တော့မှာ ဆိုတော့ ဗေဒင်သဘောအရ တနင်္လာသားခင်ညွန့်ဟာ စနေဂြိုဟ်ကထွက်ခါနီးပြီး ကြာသပတေးသို့ ဝင်တော့မှာ ဆိုတော့ ရာဇဂုဏ်အပျက်ကို ရောက်လာတယ်။ ဒီတော့ သူ့ဆရာက သူ့ကို သောကကင်းဖို့ ရန်ကုန်မြို့ရဲ့ သောကြာအရပ်ဖြစ်တဲ့ မြောက်ဘက်စော်ဘွားကြီးကုန်းကို၊ သမိုင်းကိုပြောင်းပြန်လုပ်ကာ မင်းဓမ္မကုန်းအဖြစ် ပြောင်းကာ ဘုရားတည်ပါလေတော့သည်။
ဗေဒင်အလို စနေကိုနိုင်ဖို့ စနေကို ထိုင်ရန်အတွက် (မင်းဓမ္မကုန်း) တဲ့။ ဒီမှာဗေဒင်အရ (မင်း+ကုန်း) (၅+၂) ဆိုတော့ (၇) ခုနှစ်ဆိုတာ စနေပါပဲ။ ရာဇဂုဏ်ထွားရေးကို အဓိကထားပြီး ရုပ်ပွားတော် ထုလုပ်ရန်အတွက် ကျောက်ကို တနင်္ဂနွေအရပ်စစ်ကိုင်းမှာ ကျောက်တလုံးဖြူကို ရှာခဲ့ပါသည်။ ကျောက်တလုံးဖြူ (ကျောက်+ဖြူ) (၂+၅) ဆိုတော့လည်း ခုနှစ်ဖြစ်နေတာက သူ့ ကို သောကပေးမယ့် စနေကို လူအများကိုးကွယ်ပြီး သြဇာ လွှမ်းမိုးစေခြင်း သဘောပါပဲ။ တနင်္ဂနွေ အရပ်စစ်ကိုင်းမှာ ကျောက်ကိုယူတာက တနင်္လာရဲ့ ရန်သူ သောကြာနံကို မိတ်လုပ်တာပါ။ (တနင်္ဂနွေ+စစ်+ကိုင်း) (၁+၃+၂) ဆိုတော့ သောကြာလေ။ ဘုရားကိုလည်း တနင်္လာအရပ် အရှေ့ဘက်ကို မျက်နှာမူစေပြီး မျက်လုံးကို ပိတ်ထားလိုက်ပါသည်။
တနင်္လာအရပ်အရှေ့ကို မျက်နှာမူစေသည်မှာ သူမှတပါး အခြားမရှိဆိုသောအယူကို အခြေခံပြီး မျက်စိမှိတ်ထားသည်မှာ သူ့ ရဲ့လုပ်ရပ်များအပေါ် ဘယ်သူမှ မသိမမြင်စေရေးဝါဒကို ယူပြီး မြန်မာတမျိုးလုံးကို ကျွန်ပြုခြင်းသာ ဖြစ်ပါသည်။ ပြီးလျှင် သူ့ဆရာမြောက်ပေးတဲ့ ဘိသိက်ကို သူကျင်းပနိုင်ဖို့ ဆင်ဖြူလိုလာသဖြင့် လိုက်ရှာတဲ့အခါ အိန္ဒိယတွင် သစ်ဆွဲနေသည့် ရှမ်းပြည်က ကျွဲလောက်မှမဖြူသော ဆင်ကို ပိုင်ရှင်ဆီက မဝယ်ဘဲ ခိုးယူလာပါတော့သည်။
အိန္ဒိယမှဆင်ကို ရခိုင်ပြည် ရသေ့တောင်မြို့ကိုအရောက် မောင်းပြီး ဆင်ဖြူတော်ပေါ်လာကြောင်း ကြေညာပါလေတော့သည်။ မသိရင်တော့ သိကြားဖန်ဆင်းသလိုပေါ့။ သူလိုတာက ဆင်ဖြူကို မင်းဓမ္မကုန်းမှာ ဘုရားနဲ့ အတူထားပြီး ဘိသိက်ခံရေးသာဖြစ်သည်။ ရာဟုအရပ်မှ ဆင်ဝင်သဖြင့် တပူပေါ်တပူဆင့်ကာရာထူးပြုတ် ဒုက္ခရောက်မည်ကို မတွက်နိုင်ခဲ့ခြင်းသာဖြစ်သည်။ ရာဟုဂြိုဟ်၏ သင်္ကေတမှာ ဟိုင်းဆင်ဖြစ်သဖြင့် ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးကို ညွှန်းသလို ရာဟုလည်းဖြစ်ပါသည်။ ရခိုင်သည် ရန်ကုန်မှကြည့်လျှင် ရာဟုအရပ်ဖြစ်သဖြင့် ဆင်ကိုသယ်လိုက်ခြင်းမှာ ရာဟုနှစ်ခါထပ်ဖြစ်သွားပြီး တပူပေါ်နှစ်ပူဆင့်ကာလုပ်သမျှပျက် ကြံသမျှပျောက် ဖြစ်ရပါသည်။ နောက်ဆုံးတွင် ခင်ညွန့်မှာလည်း ဘိသိက်မသွင်းနိုင်ဘဲ ဖိသိပ်ခံရကာ ဗေဒင်အကျိုးတန်ခိုးက တစစီဖြစ်ကာ အကျဉ်းစံခဲ့ရသည်။
ခုလည်း သန်းရွှေနှင့်မောင်အေးလုပ်လာသည်မှာ နေပြည်တော်တွင် ဥပ္ပါတသန္တိစေတီကို တည်ပါတော့သည်။ စေတီကို မပြောခင် လောလောလတ်လတ် သန်းရွှေနဲ့မောင်အေးတို့၏ နှစ်မြွှာတစ်ရွက်မြို့ တည်တာလေးကို ပြောချင်ပါတယ်။ “ရွှေပြည်အေး” မြို့ကို တည်တာလေ။ သန်းရွှေရဲ့ ရွှေနဲ့ မောင်းအေးရဲ့ အေးကို ပေါင်းပြီးတည်တာပါ။ ဟုမ္မလင်းမြို့မှာတည်တာဆိုတော့ ဗေဒင်ကပြောတဲ့ စကားပါပဲလေ။ ၂၀၀၈ က ရွေးကောက်ပွဲကို ပြန်ကြည့်လျှင် သိနိုင်ပါတယ်။ သန်းရွှေကို ဂဏန်းဖွဲ့ လျှင် (သန်း+ရွှေ) ၆+၄ = ၁၀ ဖြစ်သလို၊ ၂၀၀၈ ကလည်း (၁၀)။ မေလ(၁၀) ရက်မှာ သန်းရွှေက (၁၀) သုံးလုံးနဲ့ ဝှိက်
သွားတာပါပဲ။
တကယ်တော့ ရှေးလူကြီးများပြောခဲ့တဲ့ “အောင်မြင်လိုက ဆယ်ရှောင်ကြ” ဆိုတာကို သန်းရွှေက ကတ်ကိန်းရိုက်ပြီး (၁၀) ကို ထပ်ပေါင်းပြီး တစ်ယူသွားတာပါပဲ။ သန်းရွှေရဲ့ ဆရာများ တော်ပါတယ်။ ခုလည်း သူ့ဆရာများက ၂၀၀၈ ကအောင်ပွဲကို သဘောကျပြီး ဟုမ္မလင်း (ဟုမ်း+လင်း) ၆+၄ = ၁၀ မှာ ရွှေပြည်အေးကို တည်တာပါ။ ရွှေပြည်အေးမှာ သန်းရွှေကို ဦးစားပေးပြီး ရှေ့ကထားသလို (ရွှေပြည်အေး) ကို ပေါင်းပါလျှင် (၄+၅+၁) ဆိုတော့လည်း (၁၀) ပါပဲလေ။
သန်းရွှေဟာသူ့ အတွက် စနေဂြိုဟ်အထွက်ကို နေပြည်တော်ကိုပြောင်းပြီး ရန်ကုန်မှတည်သောကြာအရပ် မြောက်ဘက်ကို ဦးတည်ရွှေ့လိုက်တာပါပဲ။ ဒါတောင်မှ စနေက ဒုက္ခပေးလို့ ဆေးရုံတက် လိုက်ရသေးတာကို။ နေပြည်တော်ကို ပေါင်းကြည့်လျှင်လည်း (နေ+ပြည်+တော်) ဆိုတော့ (၇+၅+၇)=၁၉ ဖြစ်သည့်အတွက် (၁၉) ကို ထပ်ပေါင်းသော် (၁+၉)=၁၀ ဆိုတာကို တွေ့ ရသည့်အတွက် သန်းရွှေဟာဓာတ်တူနံတူ ဆေးဖက်ယူဆိုသည့် မြန်မာ့နည်းကို သုံးပြီး စီမံနေတာပါပဲ။
ဒါပေမယ့် သန်းရွှေရဲ့ ဆရာများ ဘယ်လောက်ပဲ စီမံမှု ကောင်းကောင်း သူတို့မသိနိုင်တဲ့ လျှို့ဝှက်သောဗေဒင်ပညာရပ်ရဲ့ အတိတ်နိမိတ်ဆိုတာက သန်းရွှေနဲ့ သူ့ဆရာများကို ပညာပေးနေပါတော့သည်။ ၂၀၀၈ မှာ သန်းရွှေက (၁၀) ကို သုံးပြီး အောင်ပွဲခံမယ်လုပ်တော့ “နာဂစ်” (နာ+ဂစ်) (၇+၂) = ၉ က ဝင်မွှေတော့ သန်းရွှေတို့ ထင်သလောက် မဖြစ်ခဲ့သလို အရှက်တောင် ရခဲ့ရပါသေးတယ်။ ဒါပေမယ့် နာဂစ်ကို သူတို့ သတိထားပုံမပေါ်ပါဘူး။
ရွှေပြည်အေးမြို့သစ်ကိုတည်ပြီး နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတော်ကို လာမည့်တပေါင်းလပြည့်နေ့မှာ ထီးတင်တော့မယ်ဆိုပါလား။ ဘုရားတည်တာ ကုသိုလ်ပါ ထီးတင်တော့ ကောင်းမှုဖြစ်တယ်ဆိုပေမယ့် သန်းရွှေအတွက်တော့ ၂၀၀၉ မှာ အသက်သုဉ်းလို့ သေဆုံးကိန်းကို ဆိုက်နေပါပြီပေါ့။ ၂၀၀၉ ခုနှစ်ရဲ့ (၁၀) လပိုင်းကိုသာ ကျော်လွန်ပြီး အသက်ရှည်ရင် သန်းရွှေကို ဘုရားလုပ်ပြီးတောင် ကိုးကွယ်ပါ့မယ်ဟု ပြောချင်ပါသေးတယ်။
source by : http://www.khitpyaing.org/articles/February_09/4-2-09.php
စာ |

Tags
ဆောင်းပါး