သတင်း ဆောင်းပါး ရဲရင့်မြင့်မောင် ခေတ်ပြိုင် | ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူး ရောင်းဝယ် ဖောက်ကားရာ နေရာဒေသတခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီ ဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။
ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား များမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုး သားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်- မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။
မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး “ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ” ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ် အပိုးများနှင့် အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။
ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။
အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့ လက်သပ်မွေး ထားသည့် အမာခံလူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။
ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့နေအိမ် အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန် အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ်လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ဘဏ်စာရင်းမှတဆင့် ငွေလွှဲ ပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့် ရှိသည်။
လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက “ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ” ဟု ပြောသည်။
ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက် ပို့ဆောင် ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာတက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင် တဦးက ပြောသည်။
အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွား လုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။
လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။
မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့ လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင် အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက် စာလျှင် မျှော်လင့်ချက်များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။
(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက “လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာ တန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ ဒီခွံ့လိုက် လုပ်ရတာတွေလည်း အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့က တဆင့်ခံ ပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြ သူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။
မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာ အလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။
ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာ လူကယ်ရီ တဦး၏ အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ် လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။
ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိ နေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲ တက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို “ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေ လာဘ်မစားဘူး ဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက် ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင်ပတ်သက် နေတဲ့ အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်ကနယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာကြည့် တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ် ဆောင်ရွက် ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်” ဟု ပြောသည်။
လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။
ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေး ဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ ခေါ်လာသူ များအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့်ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။
မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက “ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့ လက်မခံ ကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။