ဆက်လက် တိုက်ပွဲဝင်မည့် မြန်မာကျောင်းသား တပ်မတော်

အင်တာဗျူး သန်းထိုက်ဦး မဇ္ဈိမ | ကမ္ဘာတ၀ှမ်း၌ တခုတည်းသော ကျောင်းသား လက်နက်ကိုင်တပ် ဖြစ်သည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ဖွဲ့စည်း ထူထောင်မှုသည် ယခုလ ၁ ရက်နေ့တွင် နှစ် ၂၀ ပြည့်မြောက်ခဲ့သည်။

ABSDF သည် သက်တမ်း နှစ် ၂၀ အတွင်း အပြောင်းအလဲများ၊ အတက်အကျများ မြောက်မြားစွာ ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း ရန်ပုံငွေ အခက်အခဲ၊ အင်အားနှင့် နယ်မြေ အကျပ်အတည်းများ တည်ရှိနေသော်လည်း ယုံကြည်ထားသည့် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲကာ ကျောင်းသားတပ်မတော် ရဲဘော်များက မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

ABSDF နှစ် ၂၀ ဖြတ်သန်းမှု၊ ရဲဘော်များ၏ စိတ်ဓာတ်အားမာန်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းဖက်မှု ကွာခြားချက်၊ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးလမ်းစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် ABSDF ဥက္ကဌ ရဲဘော် သံခဲထံ မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

မေး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ABSDF ရဲ့ ဖွဲ့စည်းမှုကို ပြောပြစေလိုပါတယ်။

ဖြေ။ ပထမ ပြောချင်တာက ကျနော်တို့ မြန်မာပြည် နိုင်ငံရေးမှာ ABSDF ဖွဲ့စည်းတာဟာ အင်မတန်မှ ထူးခြားပါတယ်။ ABSDF ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အာဏာရှင်တွေက အကြမ်းဖက် ဖျက်ဆီးဖိနှိပ်ခဲ့ပြီးတဲ့ နောက်မှာ ထောင်နဲ့ သောင်းနဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေဟာ တော်လှန်ရေးနယ်မြေ အသီးသီးကို ရောက်ရှိခဲ့ပါတယ်။

အဲဒီလို ရောက်လာတဲ့ ရည်ရွယ်ချက်ကလည်း လက်ရှိ တည်ရှိနေဆဲ စစ်အာဏာရှင်စနစ်ကို တော်လှန်မယ်ဆိုရင် စစ်ရေးတိုက်ပွဲဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တချက် ပါပါတယ်။ အဲဒီအချိန်မှာ တိုင်းရင်းသား နယ်မြေအသီးသီးမှာ၊ လွတ်မြောက်နယ်မြေထဲမှာ အမျိုးသားရေးအတွက် လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ အဲဒီဒေသတွေကို ကျနော်တို့သွားပြီးတော့ ခိုလှုံတယ်။ တပြိုင်နက်ထဲမှာပဲ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုလို့ခေါ်တဲ့ အမျိုးသားရေး တပ်ပေါင်းစုကြီးက တိုင်းရင်းသား ခေါင်းဆောင်တွေမှာလည်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဆုံးဖြတ်ချက်က ဘာလဲဆိုရင် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို အထောက်အကူပြုမလဲ၊ ရောက်လာမယ့် ဒီမိုကရေစီ အင်အားစုတွေကို ဘယ်လို ပံ့ပိုးကူညီမလဲ၊ တပြိုင်နက်ထဲမှာပဲ အင်အားကောင်းတဲ့ အဖွဲ့အစည်းတခု ဖြစ်ပေါ်ရေးအတွက် သူတို့တွေအနေနဲ့ ဘယ်လို ကြိုးပမ်း ဆောင်ရွက်သွားကြမလဲဆိုတဲ့ ဆုံးဖြတ်ချက် ပါပါတယ်။

အဲဒီ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတဲ့အခါ စခန်းအသီးသီးမှာ ရောက်လာခဲ့တဲ့ ကျောင်းသားလူငယ် အားလုံးကို မဒတ (အမျိုးသားဒီမိုကရက်တစ်တပ်ဦး - NDF) ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာမလာဘောတို့၊ ခိုင်စိုးနိုင်အောင်တို့၊ နောက် အဲဒီအချိန်တုန်းက ကချင်ခေါင်းဆောင်တွေလည်း ပါတယ်။ နောက် မွန်ခေါင်းဆောင်တွေလည်း ပါတယ်။ သူတို့က စုစည်းပေးပြီးတဲ့အခါမှာ KNU ရဲ့ ၀မ်းခ စခန်းမှာ ကျောင်းသားကိုယ်စားလှယ်တွေ အစည်းအဝေး ထိုင်တယ်။ ထိုင်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ကျောင်းသားတပ်မတော်ကို ကျောင်းသားတွေက ကိုယ်တိုင် အစည်းအဝေး ထိုင်ပြီးတော့မှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ ကျနော်ပြောချင်တာက ABSDF ရဲ့ ဖွဲ့စည်းမှုဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအရ ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတာ ဖြစ်တယ်။ နောက်တခုက တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်ကိုက ၀ိုင်းရံ ပံ့ပိုးမှုနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီနဲ့ အမျိုးသားရေးအတွက် ပေါင်းစည်းမှုလည်း ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး။ ABSDF ရဲ့ သက်တမ်း နှစ် ၂၀ အကြာ လက်ရှိ ရပ်တည်နေပုံကို သိချင်ပါတယ်။

ဖြေ။ ကျနော်တို့ ပထမဆုံး ပြောချင်တာက ဒီ နှစ် ၂၀ ကာလအတွင်းမှာ ကျနော်တို့တွေအနေနဲ့က ABSDF ရဲ့ ရပ်တည်မှုကို ပြောရရင် တော်တော်ကို ပြောင်းလဲသွားပါပြီ။ ၁၉၈၈ မှာ ကျနော်တို့တွေဟာ တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာတယ်။ အဲဒီအချိန်တုန်းက တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုဟာ အင်မတန်မှ အားကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီကြားထဲ နှစ် ၂၀ အတွင်းမှာပဲ ကျနော်တို့ရဲ့ လက်တွဲဖော် မဟာမိတ်အဖွဲ့အစည်းတွေဟာ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲရေး ယူသွားပြီးတဲ့နောက်မှာ ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေတွေဟာလည်း နည်းလာတာ အမှန်ပါပဲ။

အခုအချိန်မှာ လှုပ်ရှားနယ်မြေတွေ ဘယ်လောက်ပဲ နည်းနေနေ၊ ကျနော်တို့အနေနဲ့က စစ်အာဏာရှင်စနစ်ကို ကျော်လွှားမယ်ဆိုရင် လက်နက်ကိုင်တိုက်ပွဲကို စွဲကိုင်ထားဖို့လိုတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ဆက်လက်ပြီးတော့ အတတ်နိုင်ဆုံး ပြင်ဆင်မှုရှိရှိနဲ့ ကြိုးစားဆောင်ရွက်သွားဖို့လိုတယ်။ ဒါ အခြေခံ အချက်တခုပါပဲ။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က တိုင်ရင်းသားနယ်မြေတွေမှာ လှုပ်ရှားရတဲ့ လှုပ်ရှားမှုနယ်မြေတွေ နည်းပေမယ့် ကျနော်တို့ရဲ့ လက်နက်ကိုင်တိုက်ပွဲကို လျှော့ချပစ်ဖို့ မဖြစ်ပါဘူး။ ဒါ ပထမ တချက်ပါ။

ဒုတိယ တချက်ကတော့ ကျနော်တို့ လိုအပ်နေတဲ့ ရန်ပုံငွေ ကိစ္စပါ။ မကဒတ (ABSDF) အနေနဲ့ ရန်ပုံငွေကတော့ တိုက်ရိုက်ထောက်ပံ့တဲ့ မည်သည့် နိုင်ငံခြားအကူအညီမှ မရှိပါဘူး။ ကျနော်တို့ ဒီနေ့ ရပ်တည်နေရတာဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ မကဒတ တပ်ဖွဲ့ဝင်ဟောင်းတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မျိုးချစ်အင်အားစုတွေ၊ တခြားသော နိုင်ငံရပ်ခြားက တသီးပုဂ္ဂလ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ပဲ ကျနော်တို့ ရပ်တည်နေရတော့ ရန်ပုံငွေကိစ္စဟာ အင်မတန်မှ ခက်ခဲပါတယ်။ သို့သော်လည်းပဲ ကျနော်တို့အတွက် အဓိကလုပ်ငန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ပေါင်းစပ်တိုက်ပွဲဝင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဒီအထဲကပဲ ကျနော်တို့ ဦးစားပေးပြီးတော့ အကောင်အထည် ဖော်နေရတာ ဖြစ်ပါတယ်။ ဒါ ရန်ပုံငွေ ကိစ္စပါ။

တတိယအချက်ကတော့ အင်အားအရာ ကိစ္စပါ။ ကျနော်တို့ ရောက်စက ABSDF ဟာ အင်အားအရ သောင်းနဲ့ ချီပြီးတော့ ရှိပါတယ်။ သို့သော်လည်းပဲ ဒီကနေ့ကာလမှာ တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ အခြေအနေ၊ မိသားစုတွေရဲ့ အခြေအနေ၊ တဦးချင်း လိုက်ပါနိုင်မယ့် အခြေအနေ၊ အဲဒီ အခြေအနေအောက်မှာ ကျနော်တို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်နေသူ ဖြစ်နေပါစေ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်မို့လို့ တချို့ကတော့ တတိယနိုင်ငံကို ရောက်သွားကြပါပြီ။ တချို့ကလည်း မြန်မာပြည်ထဲကို ရောက်သွားတဲ့ လူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း လွတ်မြောက်နယ်မြေမှာ မကဒတ အလံနဲ့ပဲ ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်အားအရာအရ လျှော့သွားပေမယ့် ဒီကနေ့ နိုင်ငံရေး အခြေအနေဟာ ကျနော်တို့ကို ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ တောင်းဆိုနေဆဲ ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်ပါတယ်။ ဒီ့နောက်မှာ ကျနော်မြင်တာက အင်အားအရာအရ လျှော့သွားပေမယ့် အလုပ်တွေ ရှိနေသေးတယ်။

နောက်တခုကတော့ ကျနော်တို့ ဒီလုပ်ငန်းတွေကို လုပ်မယ်ဆိုရင် အခု ပြန့်ကျဲနေတဲ့ ကျနော်တို့ မကဒတ အင်အားတွေကို ပြန်လည်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ စုစည်းပြီးတော့ ဒီ နှစ် ၂၀ မှာ ကျနော်တို့တွေအနေနဲ့ ဆုံးဖြတ်ထားပါတယ်။ အားလုံးဟာ ဘယ်နေရာမှာပဲရောက်ရောက်၊ အလေးအနက် ယုံကြည်ထားတာက မကဒတရဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်နေသေးတယ်၊ မကဒတရဲ့ တိုက်ပွဲသဏ္ဌန်တွေကို လက်ခံတယ်၊ မကဒတကို ထောက်ပံ့ကူညီ လက်တွဲကြရမယ်ဆိုတာ အားလုံး နားလည်နေတယ်လို့ ကျနော်တို့က မြင်ထားပါတယ်။

မေး။ ABSDF ရဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြောပြပေးပါလား။

ဖြေ။ ပထမဆုံးက ABSDF ဟာ တဦးကောင်း တယောက်ကောင်း၊ တဖွဲ့တစည်းတည်းနဲ့ တည်ရှိနေတဲ့ အာဏာရှင်စနစ်ကို တော်လှန်လို့ မရဘူးဆိုတဲ့ အခြေခံကို ကျနော်တို့ ကိုင်ဆွဲလျက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး တဦးကောင်း တယောက်ကောင်း၊ တဖွဲ့ကောင်းနဲ့ အာဏာရှင်စနစ်ကို ပျောက်သွားဖို့ မရဘူးဆိုရင် အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့လည်း ကျနော်တို့တွေဟာ တစုံလုံးကို ကြည့်နိုင်ရမယ်။ တစုံလုံးရဲ့ လိုအပ်တဲ့ အလုပ်တွေကို လုပ်နိုင်ရမှာပဲ။ ဒီနေ့ လိုအပ်နေတဲ့ အလုပ်ဟာ စစ်အာဏာရှင်စနစ်ကို ကျော်လွှားဖို့ဆိုရင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ တိုက်ပွဲပုံသဏ္ဌန်ပေါင်းစုံနဲ့ ကျနော်တို့ လှုပ်ရှားဖို့လိုတယ်။

ဒီအထဲမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်ရေးလုပ်ငန်းနဲ့ လုပ်နေတဲ့ လူတွေဟာ အင်အားအရာအရ အင်မတန်နည်းပါတယ်။ ဒီတာဝန်တွေကို ABSDF က ၀င်ရောက်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒါဟာ အားလုံးနဲ့ အကြုံးဝင်တယ်လို့ ယူဆပါတယ်။ ABSDF တခုတည်းသာလျှင် ဒီတာဝန်နဲ့ သက်ဆိုင်တယ်လို့ မတွေးမိဖို့ အားလုံးကို ဒီနေရာကနေ တိုက်တွန်းပါတယ်။ လူတကာ လက်တွဲဆောင်ရွက်ပြီးတော့ တတူတကွ ညီညီညွတ်ညွတ် လုပ်ဆောင်ကြမယ်ဆိုရင် ဒီလုပ်ငန်း သုံးခုစလုံးဟာ စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ပြီးတော့၊ ကျနော်တို့ အမြန်ဆုံး ဒီမိုကရေစီ ရရှိလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ABSDF ရဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်မှာ အဓိကအားဖြင့်တော့ ပြည်သူလူထုဘက်က ကာကွယ်မယ်၊ စစ်အုပ်ချုပ်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် စစ်အုပ်ချုပ်ရေးကို ဖျက်ဆီးနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ ပြည်တွင်းလုပ်ငန်းတွေကို လုပ်ပါမယ်။ တပြိုင်နက်ထဲမှာပဲ ကျနော်တို့ မကဒတ ကျောင်းသား တပ်မတော်ကို ကျစ်လစ်အောင် တည်ဆောက်သွားမယ်ဆိုတဲ့ အလုပ်ကိုပဲ ချမှတ်ထားပါတယ်။

မေး။ ABSDF ဥက္ကဌ တယောက်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်မကိုင် အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုရှုမြင်ထားပါသလဲ။

ဖြေ။ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းမဖက်ရေးဆိုတဲ့ ဝေါဟာရကို ကျနော် ရှင်းလင်းလိုပါတယ်။ ဆိုလိုတာက ကျနော်တို့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုကို လုပ်နေတာဟာ စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။ ကျနော်တို့တွေ မဟုတ်ဘူးဆိုတာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရော နိုင်ငံတကာ အားလုံးရော သိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးလုပ်ငန်း လက်နက်စွဲကိုင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာဟာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ကျနော်တို့တွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ကျော်လွှားဖို့ဆိုရင် လက်နက်ကိုင် တော်လှန်ရေးတွေ ရှိတယ်။ လူထုတိုက်ပွဲတွေ ရှိတယ်။ နောက်တခုက ဖိနှိပ်မှုတွေ ကြီးလေလေ၊ မကြေနပ်မှုတွေ ကြီးလေလေ၊ မတရားမှုတွေ ကြီးလေလေ၊ ဒီအပေါ်မှာ မူတည်ပြီး လူထုတွေရဲ့ တုံ့ပြန်မှုတွေက ပေါ်ပေါက်လာတာဟာ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု မဟုတ်ပါဘူး။

ဒုတိယတခုအနေနဲ့ ကျနော် ပြောချင်တာက တွေ့ဆုံဆွေးနွေးရေးဆိုတာ အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။ ကျနော်တို့ အလိုချင်ဆုံး ဆန္ဒဖြစ်ပါတယ်။ ဘယ်လိုမှ စစ်အာဏာရှင်စနစ်က တွေ့ဆုံဆွေးနွေးရေးကို မလုပ်တော့တဲ့ အခြေအနေ၊ တိုင်းပြည်ထဲမှာ ဥပဒေမဲ့ အုပ်ချုပ်နေတဲ့အချိန်၊ လွတ်လပ်မှုတွေ ကင်းမဲ့နေတဲ့ ဖိနှိပ်မှုတွေ ကြီးမားနေတဲ့အချိန်ဟာ ဒီလို မတည်ငြိမ်မှုတွေကို ဖန်တီးတာဟာ နအဖ စစ်အုပ်စုပဲလို့ ဒီနေရာကနေ အခိုင်အမာ ပြောလိုပါတယ်။ နအဖ သာလျှင် ဖန်တီးနေတဲ့ နိုင်ငံရေး အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လိုချင်သလား၊ ကျနော်တို့ ဖိအားတွေ ရှိရမယ်၊ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီအဖွဲ့အစည်းနဲ့ ပါလီမန်ကို မြင်ချင်သလား၊ ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းချင်သလား၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေအနေနဲ့က တိုက်ပွဲတွေ၊ ဖိအားတွေဟာ ဆက်လက် ဖော်ဆောင်ဖို့ လိုအပ်နေတယ်လို့ ကျနော် မြင်ပါတယ်။ ဒါကို အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့ ကျနော်အနေနဲ့ ဒီနေရာက ပြောလိုပါတယ်။

မေး။ လက်ရှိ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို သုံးသပ်မိပါသလဲဗျ။

ဖြေ။ လက်ရှိ ဖြစ်တည်နေတဲ့ မြန်မာ့နိုင်ငံရေးဟာ ကျနော့်အမြင်မှာတော့ ကောင်းလာမယ့် အခြေအနေထက်၊ အဆိုးဘက်ကို ဦးတည်သွားနိုင်တဲ့ အခြေအနေကို တွေ့နေရပါတယ်။ အဓိကကတော့ ဘယ်လိုပဲ ကျနော်တို့တွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ကြွေးကြော် တောင်းဆိုနေပေမယ့် နအဖ လုပ်နေတဲ့ ပုံစံက လမ်းပြမြေပုံ ၇ ချက်ကိုပဲ အတည်ဆုပ်ကိုင်ထားမယ်။ လာမယ့် အချိန်မှာ နိုင်ငံရေးပါတီကိုလည်း ဖြုတ်ပစ်နိုင်တယ်၊ မတရားအသင်း ကြေညာပစ်နိုင်တယ်၊ အကြမ်းဖက် အသင်းအဖြစ်နဲ့လည်း စွပ်စွဲနိုင်တယ်။ အခုအချိန်မှာလည်း နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။ နိုင်ငံရေး လုပ်မရအောင် ဖြစ်နေတဲ့ အခြေခံအောက်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အကောင်းဘက်ကနေ အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်။

ဒါဟာ ဘာလဲဆိုရင် ကျနော်တို့မှာ တခြား ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ နိုင်ငံရေးပါတီမှာလည်း ရွေးချယ်စရာ လမ်းမရှိတဲ့အချိန်လည်း ဆိုက်ရောက်နိုင်ပါတယ်။ ပြည်သူလူထုဘက်ကလည်း မကျေနပ်မှုတွေ ကြီးထွားလာတဲ့အတွက် တုံ့ပြန်မှုတွေဟာ ဒီ့ထက်ပိုပြီးတော့ ဆိုးရွားလာနိုင်ပါတယ်။ ဒီအခြေခံအောက်မှာ ရွေးချယ်စရာလမ်း ပိတ်တဲ့အချိန်မှာ ထိပ်တိုက်တွေ့ရေးကိုပဲ အားလုံးက ဦးတည်နေပြီလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒီ့အတွက် နအဖ အနေနဲ့ အချိန်မီ ပြန်လည်ပြင်ဆင်ဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။

မေး။ ကိုသံခဲအနေနဲ့ ၈၈ အရေးတော်ပုံမှာ ဘယ်လို ပါဝင်ခဲ့လဲ၊ နောက် ABSDF မှာ ပါဝင်ခဲ့တဲ့ အကြောင်းလေးကို ပြောပြပေးပါလား။

ဖြေ။ ကျနော် ၁၉၈၈ မှာ မန္တလေး ဆေးတက္ကသိုလ်ရဲ့ နောက်ဆုံး အပိုင်း (က) မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ၊ ကျနော့်ဒေသ ကျနော့်နယ်မှာ ကျောင်းသားခေါင်းဆောင်တဦး အနေနဲ့သာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် တတိုင်းပြည်လုံးမှာရှိတဲ့ ကျောင်းသားခေါင်ဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ အကန့်သတ်ခံရတယ်။ လူထုလှုပ်ရှားမှုတွေ အကန့်သတ်ခံရတယ်။ တဖက်မှာလည်း နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေးတယ်။ တဖက်မှာလည်း တက်ကြွနေတဲ့ နိုင်ငံရေးအင်အားစုတွေကို အာဏာပိုင်တွေက ဖမ်းဆီးတယ်၊ နှစ်ရှည်လများ ထောင်ချပါတယ်။ ဒီတော့ ဒီအခြေခံအောက်မှာ ကျနော်တို့ စဉ်းစားမိတဲ့ ပုံစံက ကျနော်တို့ဟာ ဒီအတိုင်း တည်ရှိနေတဲ့ နအဖ အောက်က ရှိစုမဲ့စု အခွင့်အရေးတွေကို ကုတ်ကပ်ပြီးတော့ လှုပ်ရှားမလား၊ နောက်တခုက မြေအောက် ကျောင်းသားသမဂ္ဂအလံနဲ့ ရှေ့ဆက်သွားမလား၊ ဒါမှမဟုတ်ရင်လည်း လက်နက်ဆွဲကိုင် တိုက်ပွဲဝင်မလား။ ဆိုတဲ့ နောက်ဆုံး ရွေးတန်း သုံးခုထဲက ကျနော်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သင့်ပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ အုပ်စုထဲမှာ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။ ကိုသံခဲအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ။ ကျနော်တို့ရဲ့ ဘ၀ မျိုးဆက်ဟာ ဒီ နှစ် ၂၀ လုံးလုံးပေါ့ဗျာ။ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ဒူး မထောက်တမ်း တိုက်ပွဲဝင်ခဲ့တာဟာ ကျနော်တို့အတွက် အင်မတန် ဂုဏ်ယူစရာတခု ဖြစ်ပါတယ်။ သို့သော်လည်းပဲ လက်ရှိ စစ်အာဏာရှင်စနစ်ဆိုးအောက်က ကျနော်တို့တွေ အမှန်တကယ် ရုန်းကန်ဖောက်ထွက်ဖို့အတွက် ကြိုးစားနေရဆဲပဲ ဖြစ်တယ်။ နောက်တခု ပြောချင်တာက စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ကျနော်တို့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လွတ်လပ်ခွင့်ဆိုတာ ဘာမှ မရှိနိုင်ဘူး။

ဒီအတွက် ကျနော်တို့တွေဟာ မြန်မာနိုင်ငံမှာ သမိုင်းအရ မကဒတ ABSDF ဆိုတဲ့ ကျောင်းသား တပ်မတော်ဟာ အမှန်တကယ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နှစ် ၂၀ သက်တမ်းပြည့်ပေမယ့် ဒီတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာ ဒီနေရာကနေ ပြောကြားလိုပါတယ်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form