မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၂)

ဆောင်းပါး ဂျော်ထော လွတ်လပ်သောမွန်သတင်း ဧဂျင်စီ | သူမကို ကယ်ထုတ်လာချိန်တွင် ထိုင်းပုလိပ်တို့က လူမုန်း၊ ထွန်းကို၊ ခန္ဓာဝဝ လူနှင့် ပွဲစား အဖွဲ့၏ တောက်တိုမယ်ရ အခိုင်းသမား ကျန်ကျောင်းကို ဖမ်းဆီး လိုက်သည်ဟု ခင်ခင်က ဆိုသည်၊၊ သူမကို အဓမ္မကျင့်သည့် (၆) ယောက်ထဲက ကင်းမွှန်၊ စိုးပိုင်၊ ကိုဇော်တို့က လွတ် သွားသည်ဟု ပြောသည်။
ခင်ခင်နှင့် (၁၄) နှစ်အရွယ် သူမ သူငယ်ချင်း တစ်ယောက်က အများတကာနည်းတူ သာမာန် အလုပ်များဖြင့် ဝမ်းကျောင်းလိုသည့် အတွက် ရနောင်းမြို့၏ လိင်ရောင်းသည့်ဆိုင် တစ်ဆိုင်မှ ထွက်ပြေး လာကြ သူများ ဖြစ်သည်။

ခင်ခင်၏ ပြောပြချက်အရ စက်တင်ဘာ (၉) ရက်နေ့၊ ၂၀၀၈ ခုနှစ်တွင် ရနောင်းမြို့မှ ကော့သောင်းမြို့ ကို ရောက်ပြီး၊ အချိန်ပိုင်း မှာပင် သူမမိခင်ဆီကို အကြွေးရှင်က အကြွေးလာတောင်း လေသည်။ ပွဲစားကလည်း လူခေါ်သည်ဟု သတင်းကြားသဖြင့် သွားမေးရာ ကော့သောင်းမြို့ ပွဲ စားအဒေါ်ကြီးမှ "ပွဲစားက တစ်လ ၅၀၀၀ ရမယ်၊ ကွတ်တီယိုရောင်းတဲ့အလုပ်ရှိတယ်၊ ငါး ပုဇွန်ရုံမှာ လုပ်လို့လည်းရတယ်၊ သမီးတို့ဘာမှ မစိုးရိမ်နဲ့ ဟို (မဟာချိုင်) မှာ သမီးအရွယ် အ ဒေါ်သမီး လည်းရှိတယ်၊ အဆင်ပြေတယ်" ဟု ခင်ခင်က ပြောသည်။ နောက်တနေ့ တွင်ပင် မဟာချိုင်းကိုလာ သည်ဟုဆိုပါသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ပွဲစား၏သဘောတူညီချက်ဖြင့် မဟာချိုင် ကို ရောက်လာ ခဲ့ခြင်းဖြစ်သည်။ ၎င်းခရီးစရိတ် (၄၅၀၀) ဘတ်ကို ပွဲစားမှ အရင် စိုက်ထုတ် ထားပြီး၊ ၎င်းတို့၏ လုပ်အားခမှ နှုတ်ယူရန် သဘောတူထားကြသည်။

ခင်ခင်အဖြစ်က အနာပေါ်တုတ်ကျဆိုသည့်စကားပုံထက် ပိုဆိုးနေသည်။ အနာစိမ်းပေါ် ဆူး ထပ်စိုက်သည်ဟု ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် လူအများစုကမကောင်းဟု ယူဆကြ သည့် ပြည့်တန်ဆာရုံမှထွက်ပြေးလာပြီး အများနည်းတူ မိဘကိုလုပ်ကျွေးးရန် ကြိုး စားသော် လည်း မုဒိမ်းကျင့်သာကျင့်ပြီး၊ ထမင်းပင်မကျွေးသည့်လူနှင့် ဆုံရလေသည်။

ခင်ခင် လိင်အလုပ်သမ ဘဝရောက်သွားရသည့် အဖြစ် ခင်ခင်မှာ အသက် (၂၃) နှစ် ကလေးအမေ တစ်ယောက် ဖြစ်သည်။ ကော့သောင်း မြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်အလျှောက် သူမ၏ခင်ပွန်းမှာ မော်တော်ဘုတ် မောင်းသမားဖြစ် သည်၊၊ ခင်ပွန်းမှာ ဥပဒေနှင့် မလွတ်ကင်းသည့်မူးယစ်ဆေးဝါး တမျိုးသုံးစွဲနေခြင်းကြောင့် သူမ တားမြစ်နေသည့်ကြားမှပင် မူးယစ်ဆေးဝါးအမှုနှင့် သက်ဆိုင်ရာက ဖမ်းဆီးလိုက်သည်။

ခင်ခင်မှာ (၃) နှစ်အရွယ်သမီးလေးကို လက်ဆွဲပြီး၊ မိခင်အိမ်သို့ရောက်လာသည်။ ခင်ခင်၏ မိဘမှာ လက်လုပ် လက်စား တံငါသည် များဖြစ်ပြီး၊ မိသားစု ဝမ်းစာအတွက် ငါးရှာရန် လှေကို ပင် သူတပါးဆီက အကြွေးဖြင့် ယူထားရသည့်သူများဖြစ်သည်။

"သမီးမောင်လေး ညီမလေးတွေက ကျောင်းမတက်နိုင်ကြဘူး၊ အမေ့အိမ်မှာနေတာ အကြွေး ရှင်တွေက အကြွေးလာတောင်းတယ်၊ တစ်နေ့အကြွေးရှင်တယောက်က အမေ့ကို ဆဲတယ်၊ ရိုက်လည်းရိုက်တယ်၊ မောင်နှမတွေမှာ သမီးကအကြီးဆုံး၊ မိဘလုပ်စာကို သမီးထိုင်မစား ရက်တော့ဘူး၊ သမီးအလုပ်အလုပ်ချင်တယ်" ဟု သူမပြောသည်။

သူမစိတ်ညစ်ပြီး အလုပ်လုပ်ချင်နေသည့်အချိန်မှာပင် ခင်ခင်၏ သူငယ်ချင်းတစ်ယောက်က ထိုင်းနယ်စပ်၊ ရနောင်းမြို့တွင် အလုပ်လုပ် နေရာမှ ကော့သောင်းကိုအလည်ပြန်လာသည်။

ခင်ခင်က သူငယ်ချင်းကို ရနောင်းတွင်လည်း သွားရောက်အလုပ်လုပ်ချင်သည့်အတွက် အ လုပ်အခြေအနေကို မေးမြန်းသည်၊ သူမ၏ သူငယ်ချင်းက ပြန်မဖြေပေ၊ သို့သော် မိသားစု ငွေမ ပြေလည်သည့် ပြဿနာကြောင့် ခင်ခင်အတော်စိတ်ဆင်းရဲနေရသလားဟုသာ မေးသည်။

"ဖေမေရဲ့ ဒုက္ခကို ကူညီရရင်ကျေနပ်ပြီး၊ ငါ့မိသားစု စိတ်ချမ်းသာရင်ကျေနပ်ပြီး၊ ငါဘာပဲ ဖြစ်ဖြစ်လို့ သမီးပြောတော့ တကယ်လားလို့ သမီးကိုမေးတယ်၊ သမီးက ဟုတ်တယ်လို့ ပြော တော့ ရနောင်းမှာ သူမကောင်းတဲ့အလုပ် လုပ်နေတယ့်လို သမီးကိုပြောတယ်" ဟု ခင်ခင်က မျက်လွှာချပြီး ပြောသည်၊၊ သူမ၏ ပါးစပ်တွင် ကွမ်းမရှိတော့ပါ။ သို့သော် ကွမ်းယာကိုလည်း ထပ်မငုံပါ၊၊ စာရေးသူနှင့် စကားမပြောခင်တွင် သူမဆံပင်ကို အနီရောင်ဆေးဆိုးနေသည့် အတွက် ဆေးပေးနေသည့် သူမကိုင်ထားသော ခေါင်းဖြီးဘီးကို သာလက်မဖြင့် ပွတ်နေသည်၊၊ သူမမှာကော့ သောင်းမြို့မှ ထားဝယ်သူ ဖြစ်သော်ငြားလည်း အသားဖြူသူ ဖြစ်သည်။ မျက်နှာ ဝိုင်းဝိုင်း ပြတ်ပြတ်နှင့် နှာခေါင်း အနည်းငယ်ပြားသော်လည်း မျက်နှာချိုသူဖြစ်သည်၊၊ စကားကို ခေတ္တရပ်ဆိုင်းထားပြီး မျက်လုံးကို တနေရာတွင် စိုက်ကြည့်ထားရာမှ အောက်ကိုပြန်ငုံ့ကြည့်ပြီး စကားဆက်ပြန်သည်။

"သူများဥစ္စာကို မခိုးစားရ၊ ကိုယ့်ဘဝကိုရင်းပြီးလုပ်ရပေမယ့် ငါတို့ဘဝတူချင်း ကိုယ့်ဘဝကို နားလည်တဲ့ သူတွေ အတွက်တော့ မိသားစုကို ကူညီနိုင်တော့ မကောင်းတဲ့ဆိုင်မှာ လုပ်ပေ မယ့် မြတ်သေးတယ်" ဟု သူတို့ ချင်းချင်း ပြောပြီး ခင်ခင်ရနောင်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

ရပ်ရွာကိုခွဲခွာပြီး မသွားဖူးသည့်အတွက် မိဘက မည်သည့်အလုပ်အကိုင်မျိုးကို သွားလုပ်မည် နည်းဟု မေးမြန်းပြီး တားမြစ်သည်၊၊ ကွတ်တီယိုရောင်းသည့်အလုပ်နှင့် တခြားရနိုင်သည့် ကျ ပန်းအလုပ်တွေ ရနိုင်သည် ဟု သူမပြန်ပြောသည်၊၊ မိဘက မသွားရန် တားသော်လည်း "သမီး ငိုပြီး ပြောတယ်၊ အဖေ အမေ တို့ကို လုပ်ကြွေးခွင့် ပေးပါ၊ အဖေ အမေတို့ ဒုက္ခကို သမီးကိုတဝက် လောက် ခံစားခွင့်ပေးပါ" ဟုပြောပြီး ခင်ခင် ရနောင်းကို ရောက်သွားသည်။

ခင်ခင်အလုပ်လုပ်သည့်ဆိုင်တွင် မိန်းကလေး (၁၀) ယောက်လောက်ရှိသည်။ ဘီယာဆိုင်အ ဖြစ် ဘန်းပြပြီး ဆိုင်ဖွင့်ထားသည့်အတွက် ထိုမိန်းကလေးအားလုံးတို့သည် စားပွဲထိုးအလုပ်ကို လည်း လုပ်ရသည်၊ ၎င်းအတွက် လုပ်အားခတစ်ပြားတစ်ချပ်မှ မရကြပေ၊ စားပွဲထိုး လုပ်ရင်း ဘီယာလာသောက်သည့် ယောကျာ်းများ မိမိကို မျက်စိကျလာအောင် ပြောဆိုရသည်ဟု သူမ ပြောသည်၊၊ တစ်လ အတွင်း မိမိကို မျက်စိကျမည့်သူ မရှိပါက ငွေတစ်ဘတ်မျှမရဘဲ အခန်းခ မီးခပင်အကြွေးတင်တာလည်း ရှိသည်ဟု ခင်ခင်က ပြောသည်။

"သမီးလေ ရသမျှပိုက်ဆံအမေ့ဆီပို့ပေးတယ်၊ တစ်လ ၇၁၅၀ ရရင် ၁၅၀ ပဲသမီးသုံးတယ်၊ မ ကောင်းတဲ့အလုပ် လုပ်ပေမယ့်၊ ကိုယ်ပို့တဲ့ ပိုက်ဆံနဲ့ အဖေအမေတို့အဆင်ပြေတော့ မီးစိတ် ချမ်းသာတယ်" ဟု ခင်ခင်က ပြောသည်၊၊ ရနောင်းက ကော့သောင်းနှင့် မဝေးသည့် အတွက် သူမလုပ်နေသည့်ဆိုင်တွင် ကော့သောင်းမြို့သူ ဆိုလို့ နှစ်ယောက် သာရှိပြီး၊ တခြားမိန်းကလေး တွေက ရန်ကုန်၊ ဘိတ်၊ ထားဝယ်မှ လာသူများဖြစ်သည်ဟု ဆိုသည်။

ခင်ခင် ပြည့်တန်ဆာအလုပ်လုပ်သည့်ဆိုင်တွင် (၅) လလောက်ကြာပြီးနောက် ကော့သောင်း မြို့မှ သူငယ်ချင်း တစ်ယောက်နှင့်ဆုံသည်။

ထိုသူငယ်ချင်းက ထိုအလုပ်ကို ခင်ခင်မလုပ်သင့်ကြောင်း၊ တခြားသာမာန်အလုပ်ကိုသာ လုပ် သင့်ကြောင်းနှင့် သူမ၏ မိဘသိသွားပါက စိတ်ဆင်းရဲမည်ဖြစ်ကြောင်း၊ သူများအ နှိမ်ခံရမည် ဟု ပြောသဖြင့် သူမ ထိုဆိုင်မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ခင်ခင်ကပြောသည်။

မိဘများကို မိမိ၏ လုပ်အားခဖြင့် ကူညီချင်ပြီး မောင်လေးညီမလေးနှင့် သူမ၏ သမီးလေးတို့ အများတကာ နည်းတူ ပညာသင်နိုင် ရန်သာ သူမ၏ဘဝတွင် အဖြစ်ချင်ဆုံးဆန္ဒဟု ခင်ခင်က ပြောသည်။

"သမီးဘယ်လောက်ပဲ ဒုက္ခဖြစ်ဖြစ် သမီးဖေမေနဲ့ မောင်လေး၊ ညီမလေးတို့ကို အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံနဲ့ ထောက်ပံ့ ချင်တယ်၊ မောင်လေးဆိုရည်မှန်းချက်ရှိတယ်၊ ပိုက်ဆံမရှိလို့ ကျောင်း ထုတ်ထားရတယ်၊ သမီးသူ့ကို ကျောင်းပြန်ထားချင်တယ်၊ သမီးလေးဆို နောင်နှစ်ကျောင်းနေ လို့ရပြီး" ဟု ခင်ခင်က သူမမိဘ၏ ဝန်ထုတ် တချို့ကို ကူညီချင်သည့် ဆန္ဒဖြင့်ပြောသည်၊ ခင်ခင် ၏ ပြောပြချက် အရ သူမသည် ကုန်စုံဆိုင်၊ အအေးဆိုင် တို့ကို ဖွင့်ပြီးစီးပွားလုပ်ခဲ့ရာမှ သူမ၏ ခင်ပွန်းက လာတောင်းသည့်အတွက် မိဘက သဘောကျ သဖြင့် အိမ်ထောင်ကျသွားသည်ဟု ဆိုသည်။

"သမီးလေ မြန်မာငွေ တစ်သိန်းလောက်ရရင် ကော့သောင်းမှာ သမီးစီးပွားသေးသေးလေး တစ်ခု လုပ်လို့ ရတယ်၊ သမီးလုပ်တတ်တယ်၊ ဗန်းတစ်ဗန်းနဲ့ ကုန်စိမ်းတွေ၊ ငါးတွေရောင်းတဲ့ သူ တွေကို နေ့စားအတိုး နဲ့ပိုက်ဆံချေး၊ သမီးလည်းဆိုင်ကလေးတစ်ခုနဲ့ ဈေးရောင်း၊ အဲဒီကနေ တ ဆင့်ပြီးတဆင့်သမီးတိုးပြီးလုပ်မယ်၊ အပျိုဘဝတုန်းကလည်း သမီးအဲဒီလိုလုပ်လို့ အိမ်ကိုကူ ညီနိုင်ခဲ့တယ်"။

မြန်မာပြည်၏ ဆင်းရဲတွင်းနက်မှုက ကျပ်ငွေတစ်သိန်းဖြင့်ပင် အရင်းနှီးလုပ်ပြီး မိဘကို ကူညီ ရန် ကြိုးစားသည့် ခင်ခင်လို မိန်းကလေး ကိုပင် အခွင့်မပေးနိုင်သေးပေ၊၊

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form