နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်

ဆောင်းပါး ဗိုလ်ထက်မင်း ခေတ်ပြိုင် | မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီးနေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင်ကြတာကိုတွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န်ကြီးချူပ် ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေပြီး တိုင်းပြည် ကောင်းရာ ကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေခဲ့
ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီယံ
နိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက်တွေ့မယ့် အနေအထားရှိနေပါတယ်။ ဗိုလ်သန်းရွှေ ဟာနိုင်ငံရေးကစားကွက်ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေးလိုက်ပါတယ်။

ဗိုလ်ခင်ညွှန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက် လှမ်းရေးမှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၄င်းရုံးအား တွဲဘက်ကိုင်တွယ်ခွင့် တောင်းဆိုခဲ့ပါတယ်။

ဒီနေရာမှာ ဗိုလ်ခင်ညွှန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိများကို ဖွဲ့စည်းပုံအသစ်ဖြစ်တဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ လေ့လာရေး ဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ပြောင်းလဲထားရှိမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။

နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်းရေး တွဲကိုင်ထား တာမျိုး မရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေက သူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွှန့်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့ပြီး နောက်ထပ် တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တရက်ကြည့်ပါက ဟန်ကျသလိုရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ် ဖြစ်လာပြီဆိုတာ ဗိုလ်ခင်ညွှန့်ဟာ ရိပ်မိလာပါတယ်။

ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်းစိန်တို့ (၂) ဦးနှင့်အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ခင်ညွှန့်က အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေးမှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက သူ့ကိုနှစ်သိမ့်စကားပြောခဲ့ကြောင်း ငြီးတွားပြောဆိုခဲ့ပါတယ်။ သဘောကတော့ တိုင်းပြည်အုပ်ချုပ်ရေးအပိုင်းမှာ ဗိုလ်ခင်ညွှန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေးတော့မယ်လို့ ဗိုလ်ချုပ်မှူးကြီးပြောတာကို ဗိုလ်ခင်ညွှန့်က မယုံကြည်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ထို့နောက် ဒုတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်စိုးဝင်းကျတော့ မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးအား မြန်မာနိုင်ငံကိုလည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မြန်မာပြည်ပြန်ရောက်တော့ ဗိုလ်သန်းရွှေက ဒီလိုဖိတ်ကြားခဲ့တာကို ဆူပူကြိမ်းမောင်းတာမို့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးခမျာ မြန်မာနိုင်ငံ ၀င်မယ့် အရေး ဆန့်ငင် ဆန့်ငင်ဖြစ်နေလို့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အတုံးလိုက် အတစ်လိုက် ကျဆင်း သွားခဲ့ရပါတယ်။

ဒီလို ဗိုလ်သန်းရွှေရဲ့ မတရားကြိုးကိုင်ဝင်ရောက်စွက်ဖက်မှုတွေကြောင့် လက်ရှိ ၀န်ကြီးချုပ် ရာထူးရတဲ့ သူတွေဟာ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိန်း ဆိုက်နေပါတယ်။ နောက်ပိုင်း ၀န်ကြီးချုပ် တွေဖြစ်လာတဲ့ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်သိန်းစိန် တို့အနေနဲ့ မူလက တွဲကိုင်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်နဲ့ စစ်ရေးချုပ် အကြီးအကဲရာထူးများကို ဆက်လက်ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွှန့်လို အခွင့်အရေး မရတော့ဘဲ နောက်တက်လာတဲ့ အရာရှိများကိုသာ လွှဲပြောင်းပေး လိုက်ရတာကြောင့် တပ်မဲ့ဗိုလ်ဘ၀နဲ့ ၀န်ကြီးချုပ် ရုံးအဖွဲ့ကိုသာ မှီခိုနေရပါတော့တယ်။

တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်သိန်းစိန်ကတော့ နအဖရဲ့ သြဇာအာဏာ စီနီယာ အဆင့်အလိုက် မှာ ယခင် ဗိုလ်ခင်ညွှန့် လက်ထက်က ၀န်ကြီးချုပ်အဆင့်ဆိုရင် နံပါတ် (၂) နေရာမှာ ရှိနေရာက သူ့အလှည့် ကျတော့ ဗိုလ်မောင်အေးနဲ့ ဗိုလ်ရွှေမန်းရှိနေကြတဲ့အတွက် အလိုအလျောက် အဆင့် နံပါတ်(၄) သို့ ကျဆင်း သွားခဲ့ ပါတယ်။ သူလည်းပဲ ကလေးစစ်သား မြန်မာနိုင်ငံမှာရှိတယ်ဆိုတဲ့အကြောင်း အမှန်အတိုင်းဝန်ခံခဲ့ပြီးမှ ဗိုလ်သန်းရွှေရဲ့ ဆူပူမှုကိုခံရလို့ ပြန်လည် ငြင်းဆန်ခဲ့ရ ပါတယ်။

နာဂစ်မုန်တိုင်း ၀င်နေချိန်မှာဖြစ်ဖြစ်၊ ၀င်ပြီးကာစဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဗိုလ်သိန်းစိန်အနေနဲ့ ချက်ချင်း ကွင်းဆင်း ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ကြောင်းသိပေမယ့် နအဖရဲ့အခြေခံဥပဒေ ဆန္ဒခံယူပွဲပျက်မှာ ကို စိတ်ပူနေတဲ့ ဗိုလ်သန်းရွှေကို မပြောရဲတဲ့ ဘ၀ ရောက်သွားခဲ့ရပါတယ်။ နိုင်ငံတကာက တရုတ် ၀န်ကြီးချုပ်နဲ့ နှိုင်းယှဉ် ဝေဖန်ခံရလို့ မုန်တိုင်း ကယ်ဆယ်ရေးမှာ ကိုယ်တိုင်ပစ္စည်းတွေကို ထမ်းပိုးပေးရတဲ့ ကူလီ ထမ်းဘ၀ အနေအထား ထိ ရောက်သွားတဲ့ ရုပ်သေးဝန်ကြီးချုပ် ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ မသက်သာလှတာကို တွေ့ ရပါတယ်။

အာဆီယံထိပ်သီး ညီလာခံတွေမှာ နိုင်ငံအကြီးအကဲအဖြစ် တက်ရောက်သူများဟာ အနည်းဆုံး နိုင်ငံရဲ့ သြဇာအာဏာ အဆင့် (၂) ရှိသူတွေသာ တက်ရောက်ကြတာမို့ မြန်မာနိုင်ငံအနေနဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင် တက်ရောက်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ခေါင်းရှောင်ချင်တဲ့ ဗိုလ်သန်းရွှေရဲ့ သဘောသရုပ်ကြောင့် လက်လျှော့ခဲ့ရတဲ့သာဓကရှိပါတယ်။

ဗိုလ်သန်းရွှေ တာဝန်ပေးခဲ့တဲ့ ၀န်ကြီးချုပ်ရာထူးအဆင့်အတန်းဟာ နိုင်ငံတကာ မည်သည့် အစိုးရဖွဲ့စည်းပုံနဲ့မှ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်။

သမ္မတအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတွေ ဖြစ်ဖြစ်၊ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ နိုင်ငံတွေကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံလို မတွေ့ရဘဲ အာဏာရှင်တွေအုပ်ချုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူးဘားနိုင်ငံတွေနဲ့အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက၊ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ အာဏာရှင် တွေတောင် နိုင်ငံတကာ ခေါင်းဆောင် တွေကို တွေ့ဆုံ တာဝန်ယူပြီး အထိုက်အလျောက် ဖြေရှင်းပေးနိုင်ခဲ့တာ ရှိပါတယ်။

ကွန်မြူနစ်နိုင်ငံကြီး တရုတ်နိုင်ငံမှာတောင် တိန့်ရှောင်ဖိန်ဟာ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ယူခဲ့ပေမယ့် သမ္မတ ကျန်စီမင်းနဲ့ ၀န်ကြီးချုပ် လီပင်းတို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးခဲ့တာ တွေ့ရပါ တယ်။

မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကတော့ စီးပွားရေးကိုသာ ဦးတည်ပြီး လုပ်ခိုင်းတယ်ဆိုအုံးတော့၊ တကယ် တမ်း စီးပွားရေးကို ဦးမော့လာအောင် လုပ်ရမယ့် နိုင်ငံခြားငွေ FE အမေရိကန်ဒေါ်လာ သုံးစွဲခွင့်နဲ့ တည်ဆောက်ရေး လုပ်ငန်းအတွက် အရေးကြီး ပစ္စည်း၊ သံချောင်းနဲ့ သံမဏိခွဲတမ်းတွေကို ခွဲဝေရာမှာတောင် ၀န်ကြီးချုပ်က လုပ်ပိုင်ခွင့်မရှိဘဲ ဗိုလ်သန်းရွှေကသာ ဥစ္စာချောက်ပြီး ထိန်းချုပ်ထားပြန်ပါတယ်။

စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဆိုတာ ပြည်ပမှာသာမက ပြည်တွင်းမှာပါ ရုပ်သေးရုပ်ဘ၀အဖြစ်နဲ့ “က” နေရတာမျိုး ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်စိုးဝင်း သေဆုံးပြီးတဲ့နောက် မှာ ၀န်ကြီးတွေဟာ ရုပ်သေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို ခန့်အပ်ခံရဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။

ဗိုလ်သန်းရွှေဟာ အမိန့်ထုတ်ပြီးတဲ့အခါ ဖြစ်စေ၊ ကတိပေးပြီးတဲ့အခါဖြစ်စေ အင်မတန် ဗလောင်းဗလဲ ဖြစ်နေသူမို့ နိုင်ငံ့ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နဲ့ဘဲဖြစ်ဖြစ်၊ စစ်တပ်အကြီးအကဲ အင်္ဂါရပ်နဲ့ ဘဲကြည့်ကြည့် မညီညွတ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့သူသာ ဖြစ်နေပါတယ်။

တရုတ်သမ္မတ ကျန်စီမင်း လာရောက်လည်ပတ်ခဲ့စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ်လူမျိုးများ တရုတ်သဘောင်္များနဲ့ မြစ်အတွင်း လှည့်လည်သွားလာခွင့်ပြုဖို့ ဗိုလ်သန်းရွှေက သဘောတူ ကတိပေးခဲ့ရာမှ နောက်နေ့မှာ သဘောမတူခဲ့ပြန်လို့ ဗိုလ်ခင်ညွှန့်က တရုတ်သမ္မတအား ငပလီကို ခေါ်ဆောင်ပြီး ချော့မော့ ဖြေသိမ့်ပေးခဲ့ရပါတယ်။

ပြည်တွင်းရော၊ ပြည်ပမှာပါ ရုပ်သေးရုပ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တွေရဲ့ အနေအထားကြောင့် နိုင်ငံတကာမှပံ့ပိုးပေးမယ့် အခွင့်အလမ်းများ နစ်နာဆုံးရှုံးခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း အဘက်ဘက်မှ အဖတ်ဆယ်လို့မရအောင် ကျဆင်းနေရပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိကသမိုင်း တရားခံကတော့ ဗိုလ်သန်းရွှေသာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။ ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form