မဲဆောက်မြို့ မယ်တော်ဆေးခန်းသို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် ခရီးစဉ်

ဓာတ်ပုံ - ကိုလတ် |

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်နှင့်အတူ အလည်အပတ် ရောက်ရှိနေ သည့် သမ္မတကတော် လော်ရာဘုရှ်သည် ယနေ့(၇-၈-၀၈)နေ့လည် (၁၂း၃၀)နာရီက မဲဆောက်မြို့ မယ်တော် ဆေးခန်းသို့ အလည်အပတ် ရောက်ရှိလာရာ မယ်တော်ဆေးခန်း တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ပန်းစည်းများ ပေးအပ်ပြီး ကြိုဆိုနှုတ်ဆက်သည်။ ထိုနောက် သမ္မတကတော် လော်ရာဘုရှ် အား လွတ်မြောက်နယ်မြေမှ ရွှေ့ပြောင်းကျောင်းသူကျောင်းသားလေးများက ရိုးရာမြန်မာသီချင်းတပုဒ် သီဆို ပြီး ဂုဏ်ပြုဖျော်ဖြေသည်။

ထို့နောက် လော်ရာဘုရှ်နှင့် အဖွဲ့သည် ဒေါက်တာစင်သီယာမောင်နှင့်အတူ မယ်တော်ဆေးခန်းအတွင်း လှည့် လည်ကြည့်ရှုရာ ခြေတုလက်တုတပ်ဆင်ရေးဋ္ဌာနမှ တာဝန်ခံ စောမိုးကဲ၊ သားဖွားနှင့်ကလေးဆောင်မှ သူနာပြု နော်ဆိုဖီယာလှ၊ မျက်စိနှင့် ခွဲစိတ်ဋ္ဌာနမှ သူနာပြု တာမလာဝါးတို့က အသီးသီး ရှင်းလင်းပြောပြကြသည်။ ထို့နောက် လော်ရာဘုရှ်နှင့်အဖွဲ့သည် မယ်တော်ဆေးခန်း စာကြည့်တိုက်သို့ သွားရောက်ကာ ဆေးခန်း ဒါရိုက်တာ ဒေါက်တာစင်သီယာမောင်၊ ကလေးအခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးကော်မတီမှ ဦးသန့် ဇင်ကျော်၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းမှ ဒေါက်တာခင်စောဝင်း၊ နိုင်အေးလွင်၊ မယ်တော်ဆေးခန်းမှ စောအောင်သန်းဝေ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ မန်းမန်းမန်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား ပညာရေးကော်မတီမှ နော်ပေါရေ၊ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်မှ သူထိုက်စံနှင့် အိုင်အာစီမှ ဒေါက်တာညွန့်နိုင်သိန်းတို့ကို သီးသန့်တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေး၊ အမျိုး သမီးရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် မေးမြန်းဆွေးနွေး သည်။

ထို့နောက် လော်ရာဘုရှ်သည် သတင်းထောက်များနှင့် တွေ့ဆုံကာ ဒေါက်တာစင်သီယာမောင်နှင့် မယ်တော် ဆေးခန်းမှ လုပ်ကိုင်ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် ဂုဏ်ပြုပြောကြားပြီး အမေရိကန်ပြည်သူများအနေနှင့် မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း၊ မြန်မာပြည် ဒီမိုကရေစီရရှိ ရေးအတွက် အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လော်ရာဘုရှ်နှင့် အဖွဲ့သည် နေ့လည် (၁း၃၀)နာရီခန့်တွင် မယ်တော်ဆေးခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားသည်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်သည် မယ်တော်ဆေးခန်းသို့ မလာရောက်မီ ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်သည့် မယ်လ(ဘဲကလော်) ဒုက္ခသည်စခန်းသို့ သွား ရောက်လည်ပတ်ခဲ့သေးသည်။
အမေရိကန်သမ္မတကတော် လော်ရာဘုရှ်သို့ ဒေါက်တာစင်သီယာမောင်၏ ပေးစာ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form