၈.၈.၈၈ အမှတ်တရ

ဆောင်းပါး ဒိုမိနစ် ဖော်လ်ဒါ ဧရာဝတီ | မြန်မာနိုင်ငံသို့ ခိုးဝင်၍ သမိုင်းဝင် လူထုအုံကြွမှုကြီးကို ကမ္ဘာ့ ပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ခဲ့ရသည့် သတင်းထောက် တဦး၏ အတွေ့အကြုံများကို ဒိုမိနစ် ဖော်လ်ဒါက အမှတ်တရ ပြန်ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ၈၈ လူထု အုံကြွမှုကို အကြမ်းဖက်ဖြိုခွဲပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများ။
(Photo: Dominic Faulder)
၁၉၈၇ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သတင်းစကားများ ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေက ရပ်ဆိုင်းလုနီးပါး ထိုးကျနေပြီး အချို့သောဒေသများတွင် မိုးခေါင်မှု ကြောင့် စပါးအထွက်လည်း လျော့ကျဖွယ် ရှိနေကြောင်း သတင်းများ ကြားရသည်။ တကိုယ်တော် လှုပ်ရှား လိုသည့် သတင်းသမား တယောက် ဖြစ် သည်နှင့်အညီ ဟောင်ကောင်အခြေစိုက် အပတ်စဉ်ထုတ် အေးရှားဝိက်ခ် သတင်းစာ (Asiaweek) က တာဝန်ပေးလာ သည်နှင့် မြန်မာနိုင်ငံအတွင်းသို့ မိမိ လှစ်ခနဲ ရောက်လာခဲ့သည်။ သတင်းစာတွင် နာမည်ကြီးစေရန် ဖော်ပြခံရခြင်းမရှိ၊ ကျေးဇူးတင်ခံရ ခြင်းလည်းမရှိ၊ ပိုက်ဆံလည်း များများစားစား ရခဲ့ခြင်းမရှိပါ။ သို့သော်လည်း မိမိလုပ်ရပ်အတွက် များစွာ နှစ်ထောင်း အားရ ဖြစ်မိပြီး ကျေနပ်ပီတိသာ ရလဒ်အဖြစ် ကျန်ခဲ့ရပါသည်။

ဤကာလများက မိမိအတွက် မမေ့နိုင်သည့် ရက်သတ္တပတ်များ ဖြစ်ခဲ့ရသည်။ မိမိက မိမိအစီအစဉ်ဖြင့် မန္တလေးသို့ တက် သွားခဲ့သည်။ အချို့သောသူများက ပြောသလို ဒုတိယကမ္ဘာစစ်ပြီးကာလမှစ၍ အကြီးဆုံး မိုးရွာသွန်းသည် ဆိုသည့်ကြားမှ အချိန်မီ ရောက်လာခဲ့သည်။ ဤဖြစ်ရပ်များက ယုံကြည်ရန်လည်း ခက်ခဲ လှသည်။ ရုတ်တရက်မိုးကြီးရွာချလိုက်သည့် အပေါ်လူအများက ပျော်ရွှင်ကြသည်မှာ အမှန်ပင် ဖြစ်သည်။ စပါးနှံများလည်း ကြီးထွားဖွံ့ဖြိုးလာခဲ့ကြသည်။ ၎င်းနောက် အလွန်ထက်မြက်သည့် မိမိ၏ မြန်မာစကား ပြန်သူလည်းဖြစ်၊ အခက်အခဲများကို ကူညီဖြေရှင်းပေးသူလည်းဖြစ်သူ၏ အကူ အညီဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

သူက လိုလိုလားလားပင် သူ၏ မိသားစုနှင့် မိတ်ဆက်ပေးပြီး အိမ်တွင် ထမင်းဖိတ်ကျွေး ဧည့်ခံသည်။ သူက မိမိကို နေရာ တကာခေါ်သွားသည်။ မထင်မှတ်ဘဲ ယခင်ပညာရေးဝန်ကြီးဟောင်းက မိမိကို ဘီယာဝယ်တိုက်ရန်လည်း သူက တိုက် တွန်း နိုင်ခဲ့သည်။ သူက မိမိကို ပဲခူးမြို့တော်ဟောင်းသို့ ခိုး၍ ခေါ်သွား၍ နာမည်ကြီးဆရာတော်ကြီး ဦးအိန္ဒာစာရကို လည်း တွေ့ခွင့်ရခဲ့သေးသည်။ ဤဆရာတော်ကြီးကို သူက အမှန်တကယ် ကိုးကွယ်ယုံကြည်သူလည်း ဖြစ်သည်။

သက်တော် ၉၁ နှစ်ရှိပြီဖြစ်သည့် ဆရာတော်ကြီးက သံဃမဟာနာယက အဖွဲ့၏ ဦးစီးဆရာတော်ဖြစ်ပြီး ပြောရလျှင် ဤမြေ ပေါ်တွင် ၀ါတော်အကြီးရင့်ဆုံး ဆရာတော်တပါးလည်း ဖြစ်သည်။ ဆရာတော်က ဤကျောင်း၌ပင်ဆက်တိုက် ၁၉၄၁ ခုနှစ် မှစ၍ သီတင်းသုံးနေခဲ့သည်။ ဆရာတော်ကြီးက နိုင်ငံခြား သတင်းထောက်များကို ယခင်ကကြုံဆုံခဲ့ဖူးခြင်း မရှိပါ။ သည့် အတွက်ကြောင့်လည်း မိမိတို့ တွေ့ဆုံမှုအပေါ် သူက အနည်းငယ် စိတ်ဝင်စား စူးစမ်းနေခဲ့သည်။ မိမိအတွက်မှာမူ ဤအခွင့် အရေးက မျှော်လင့်မထားသည့် ကြီးမြတ်သည့် ဆုထူးတခုပင် ဖြစ်သည်။

၈၈ အရေးတော်ပုံကာလ အစိုးရ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဆန္ဒပြသူတဦး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပုံ။ (Photo: Dominic Faulder)
မိမိကို ကူညီနေသူ၏ ဖခင်က ရုတ်ချည်းဆိုသလို နာမကျန်းဖြစ်လာခဲ့သည်။ သူလည်း ရန်ကုန်မှ မခွာနိုင် တော့ဘဲ သူ့ဖခင် အတွက် လိုအပ်သည့် ဆေးကို ရန်ကုန်တွင် ပတ်၍ ရှာဖွေဝယ်ယူ ရတော့သည်။ ဆေးကလည်း ပြင်ပမှောင်ခို ဈေးကွက်တွင် ပင် ၀ယ်၍ ရနိုင်သည်။ ဤရက်သတ္တပတ် အတွင်းမှာပင် နယ်များသို့ ဆန်သယ် သွားမည့် ရထားတစင်းအနီး၌ ရန်ပွဲများ ကို လည်း မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသေးသည်။ မိမိ ဘန်ကောက် ပြန်လာသည့် အခါ အခြေအနေကို မိမိသိနေခဲ့ပြီ။ သာမန်မြန်မာပြည်သူများအဖို့ စေတနာသဒ္ဒါတရား ထက်သန် ကြသော်လည်း မည်မျှကြပ်တည်းနေကြောင်း သိခွင့်ရ ခဲ့ သည်။ မြင်ကွင်းနောက်ကွယ်တွင် တခုခုတော့ စတင်၍ ဖြစ်ပေါ်နေပေပြီ။

တကယ်တန်း ဖြစ်လာသည့်အခါ မိမိက မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ဖြစ်ရပ်ကြီးကို တရက်မျှနောက်ကျ၍ လွဲခဲ့ရသည်။ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများက မထင်မှတ်ဘဲ စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ဖြစ်ပေါ်လာခဲ့သည်။ အစိုးရက ကြိုတင်အသိပေးမှုမရှိဘဲ ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။ မိမိမြန်မာနိုင်ငံအတွင်း ရှိနေခဲ့သည့် ရက်သတ္တပတ်လုံးလုံး မည်သူကမျှ ဤသို့ငွေစက္ကူများ ဖျက်သိမ်းလိမ့်မည် ဆိုသည်ကို သဲလွန်စပင် မရခဲ့ကြပေ။ ဤအဖြစ်အပျက်က တခြားမဟုတ်၊ နိုင်ငံတော်ကိုယ်နှိုက်က ကျူးလွန်လိုက်သည့် ခိုးဝှက်မှုကြီးဟု ပြောလျှင် ရနိုင်သည်။ လူအများက သူတို့ကြိုးကြိုးကုတ်ကုတ် ခြစ်ခြုတ်စုဆောင်းထားရသည့် ငွေများ တခဏအတွင်းမှာပင် တန်ဖိုးမဲ့ဖြစ်ကုန်ကြရသည်။

ဤဖြတ်သန်းခဲ့ရသည့် နှစ် ၂၀ ကာလအတွင်း အစိုးရအာဏာပိုင်များ အနေဖြင့် လူထုဆက်ဆံရေး၊ ငွေကြေး စီမံခန့်ခွဲမှုဆိုင် ရာကိစ္စများနှင့် ပတ်သက်၍ လုံးဝဆည်းပူးလေ့လာခဲ့မိပုံ မရပါ။

၂၀၀၇ ခုနှစ် သြဂုတ်လတွင်လည်း နောက်တကြိမ် ကြိုတင် သတိပေးမှု မရှိဘဲ ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများ ကို အကြီး အကျယ် မြှင့်တင်ခဲ့ပြန်သည်။ ဤသို့လောင်စာဆီဈေးမြှင့်တင်မှုမှ နေ၍ လူအများ၏ ရေရှည် မကျေမနပ် ဖြစ်နေမှုများကို အစွန်းသို့ထပ်မံ တွန်းပို့ခဲ့ပြန်သည်။ ဤသို့ဖြင့် ဆန္ဒပြပွဲကြီးများ ထပ်မံ ဖြစ်လာပြီး သံဃာများက ဦးဆောင်၍ လမ်းပေါ် ထွက်ခဲ့ကြသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် လူပေါင်းတသိန်းကျော် လမ်းပေါ်ထွက်၍ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်ကို ပြန်ကြည့်ရလျှင် လက်ဖက်ရည်ဆိုင် ရန်ပွဲနှင့် ရန်ကုန်အနီးတ၀ိုက် ဖြစ်ရပ်မှစ၍ ဆက်တိုက် ဖြစ်လာသည့် ဖြစ်ရပ်များက တနိုင်ငံလုံးအနှံ့ လူထုအုံကြွမှုကြီး ဖြစ်လာစေရန် တာစူလျှက် ရှိသည်။ သည်း အခံနိုင်ဆုံးဟု ဆိုနိုင်သည့် မြန်မာလူထုများ နောက်ဆုံးမကျေနပ် ထကြွလာစေသည့်အကြောင်းမှာ အခြေအနေကို လူထုက တဖြည်းဖြည်း သိမြင် သဘောပေါက်လာမှုကြောင့်ဟု ဆိုရပေမည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ စတင်၍ ဗိုလ်ချုပ်နေ၀င်းက ချမှတ်ကျင့်သုံးလာခဲ့သည့် အံ့မခန်း ညံ့ဖျင်းသော စီးပွား ရေး စီမံခန့်ခွဲမှုများကြောင့် နဂိုက ကြွယ်ဝချမ်းသာသည့် နိုင်ငံမှ အထောက်အပံ့ခံ လူမွဲနိုင်ငံဘ၀ ကျရောက်ခဲ့ရသည်။ ကုလ သမဂ္ဂက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဗိုလ်ချုပ်နေ၀င်း၏ ယခင် တော်လှန်ရေး ကောင်စီအဖွဲ့ဝင်များအနက်မှ စိတ်ကူးမယဉ်၊ မေ၀၀ါးဘဲ အမှန်အတိုင်းမြင်သူ ဦးအောင်ကြီးက ဝေဖန်စာများ အစောင် စောင်ရေးပြီး လူထု၏ မကျေနပ်မှု ကိုထပ်မံ အားဖြည့်ပေးခဲ့ပြန်သည်။ ဤဝေဖန် စာများက လူထုအကြား အကျယ်အပြန့် မိတ္တူ ကူး၍ ဖြန့်ဝေခဲ့ကြသည်။

သာမန်လူတိုင်းလိုလိုက ဒီမိုကရေစီ၊ လွတ်လပ်ခွင့်များ လိုချင်နေကြသလို တခြား နိုင်ငံရေးအရ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လူများ ရရှိခံစားနိုင်ကြသည့် အခွင့်အရေးများလည်း ရရှိခံစားလိုနေကြသည်။ သို့သော်လည်း သူတို့ ပထမဦးစွာ ရရှိလိုသည်မှာ ပို၍ ကောင်းမွန်စွာ စား၊ ၀တ်နိုင်ရေးပင် ဖြစ်သည်။ သူတို့၏ ကလေးများကို ပညာသင်ပေးလိုကြသည်။ သတင်းစာဖတ်လို ကြသည်။ ခရီးသွားလိုကြသည်။ ဖျားနာသူများကို စောင့်ရှောက် ပေးမှု ရလိုကြသည်။ သူတို့၏ ဦးခေါင်းထက်၌ လုံခြုံသော အမိုးတင်ထားရှိလိုကြသည်။ ၁၉၈၈ ခုနှစ်က ပြည်သူများ တောင်းဆိုခဲ့ကြသည်မှာ ရှင်းလင်းလှသော တောင်းဆိုချက်များ သာ ဖြစ်ပြီး ကျိုးကြောင်း ဆီလျော်သည့် တောင်းဆိုချက်များလည်း ဖြစ်ပါသည်။ သို့သော်လည်း ယခု ၂၀၀၈ ခုတိုင် ဤ တောင်းဆိုချက် များမှာ မပြည့်ဝကြသေးဘဲ ရှိနေပါသည်။

၁၉၈၈ ခုနှစ် ဇူလိုင်လ ရောက်သည့်အခါ မကျေနပ်မှုများက ဆူပွက်လာကြပြီ။ သို့သော် အကြီးအကျယ် လူထုအုံကြွဆူပူမှု ကြီး ဖြစ်လာတော့မည်ဟု လူတိုင်းက မြင်နေကြပေပြီ။ မည်သူကမျှ သံသယရှိမနေကြပါ။ လကုန်ခါနီးသောအခါ ဦးနေ၀င်း က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ သူက နုတ်ထွက်ခါနီး ထူးထူးဆန်းဆန်း စကား လုံးများ ပြောကြားခဲ့ပြီး ပါတီစုံစနစ်ကျင့်သုံးရန် တောင်းဆိုခဲ့သလို၊ ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းရန် မြန်မာ့တပ်မတော် က လက်နှေးလိမ့်မည် မဟုတ်ကြောင်းလည်း ကြောက်မက်ဖွယ်ခြိမ်းခြောက် သတိပေးခဲ့သည်။ ဦးနေ၀င်းက သူ့သက်တမ်း တလျှောက်လုံးတွင် လူထုကို မုန့်ကျွေး၍ အပျော့ဆွဲ ဆက်ဆံသည်ထက်စာလျှင် တုတ်ကြီးကြီးသုံး၍ ဖိနှိပ်ဆက်ဆံခဲ့သူ သာ ဖြစ်သည်။

ဤတလလုံးတွင် ဘန်ကောက်မှနေ၍ နိုင်ငံခြားသတင်းထောက်များနှင့် ဓာတ်ပုံဆရာများ တဖွဲဖွဲ ၀င်ရောက်လာနေခဲ့ကြ သည်။ ထိုသူများအားလုံးက မီးတောင်ကြီး မည်သည့်အချိန်တွင် ပေါက်ကွဲလိမ့်မည်နည်းဟု မျှော်လင့်ထားကြသူများ ဖြစ် သည်။ ပြည်ဝင်ခွင့် ဗီဇာက ၇ ရက်သာခွင့်ပြုသည့်နည်းတူ အချိန်ကိုက်ဖြစ်ရေးက အားလုံးအတွက် အရေးကြီးနေကြသည်။ မည်သူမျှ မြန်မာနိုင်ငံသို့ တရားဝင်သတင်းထောက်အဖြစ် လာရောက်ကြခြင်း မဟုတ်သလို၊ သတင်းရေးသား ပေးပို့နေကြ ရသည်မှာလည်း အိမ်မက်ဆိုးသဖွယ် တထိတ်လန့်လန့်နှင့် ဆောင်ရွက်နေကြရပါသည်။ ကျောင်းပုရ၀ုဏ်များ၊ တန်ခိုးကြီး သည့် ရွှေတိဂုံဘုရားရင်ပြင်နှင့် မြို့လယ် လူစည်ကားရာနေရာများတွင် ကျောင်းသားများ၏ မြေအောက်လှုပ်ရှား မှုများ လည်း ပုန်းလျှိုးကွယ်လျှိုး စတင်နေကြပြီ ဖြစ်သည်။ ယနေ့ကာလများကဲ့သို့ ပင် လူနည်းစုကလေးဖြင့် စတင်စုဝေးကြ သည်။ ထို့နောက် လှုပ်ရှားသူများက မြို့နေရာအနှံ့တွင် တော်လှန်ရေးတိုက်ပွဲခေါ်သံ စာတန်းများကို ကပ်ကြသည်။ လူ တိုင်း က တခုခုဖြစ်လာတော့မည်ကို သိနေကြသည်။

အဆိုးရွားဆုံး ဖိနှိပ်နေသော်လည်း အစိုးရဆန့်ကျင်ရေး စိတ်ခံစားမှုက လူအများကြားတွင် တီးတိုးဖြင့် တယောက်စကား တယောက်နား ပြန့်နေကြပြီ ဖြစ်သည်။

ဘီဘီစီ အသံလွှင့်ဌာနက အရေးအကြီးဆုံး အစိတ်အပိုင်းကိုဖြည့်ဆည်းပေး၍ နောက်ဆုံး တိုက်ပွဲအချိန်ကို ဆက်သွယ် ဖြန့်ဖြူး ပေးခဲ့သည်။ ဆန္ဒပြပွဲများကို သြဂုတ်လ ၈ ရက်နေ့ နံနက်တွင် စတင်မည်ဟု နှိုးဆော်ခဲ့သည်။ တနည်း ၈၈၈၈ တိုက်ပွဲကြီး စတင်ရန် တိုက်ပွဲခေါ်ခဲ့ကြသည်။

ဤသတင်းစကားက လူငယ်သတင်းထောက်တဦးဖြစ်သူ ခရစ္စတိုဖာ ဂါးနက်စ် (Christopher Gunness) ထံမှ စတင်ထွက် ပေါ်လာခဲ့သည်။ ဤသတင်းက လမ်းမများပေါ်တွင် အမှန်တကယ်ပြောဆိုနေကြသည့် စကားလုံးများကို အတိအကျအခြေ ခံ ထားသည့် ပြိုင်ဖက်မရှိသော သတင်းထူးမျိုးဖြစ်သော်လည်း ဤအဖြစ်ကို မြန်မာအာဏာပိုင်များကမူ နိုင်ငံတကာ သွေး ထိုးလှုံ့ဆော်မှုအတွက် သက်သေအထောက်အထားအဖြစ် ဖော်ပြအဓိပ္ပာယ်ပြန်ဆို၍ အသုံးချခဲ့ကြသည်။ အမှန်တွင်ဘီဘီစီ ရေဒီယိုက ဆန္ဒပြပွဲများကို စတင်ခေါ်ဆိုခဲ့ခြင်း မဟုတ်ပါ။ ၎င်းက သပိတ်စတင်မည့်နေ့ရက်ကို ကြေညာပေးခဲ့ရုံသာ ဖြစ်ပါ သည်။ ဤရက်ကို တရားဝင်ပင် ထုတ်ပြန်ကြေညာခဲ့ကြပါသည်။ လူအများက အစိုးရသတင်းဌာနများမှ သတင်းများကို ယုံကြည်မှုမရှိဘဲ ဘီဘီစီသတင်းဌာနကိုပင် လူတိုင်းက အားကိုးနားထောင်နေခဲ့ကြပါသည်။ ဘီဘီစီသတင်းဌာန၊ မြန်မာ ပိုင်း အစီအစဉ်က အမှန်တကယ်ပင် နာမည်ရနေခဲ့ပြီး တုံ့ပြန်ပေးပို့စာများကို တခြားသော အသံလွှင့်အစီအစဉ်ဌာန များမှ ရရှိသည့်စာများထက်ပို၍ ရရှိနေခဲ့ပါသည်။

နောက်ပိုင်းတွင် မိမိက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သို့ အလွတ်သတင်းထောက်အနေဖြင့်လည်း ရံဖန်ရံခါဆိုသလို သတင်း များပေးပို့ခဲ့ပါသေးသည်။ သို့သော်လည်း စိတ်ပျက်ဖွယ်အမှန်အတိုင်းဝန်ခံရလျှင် မြန်မာပရိသတ်များအကြား မိမိကနာမည် မကျော်ခဲ့ပါ။ နာမည်ကျော် ခရစ္စတိုဖာ ဂါးနက်စ်ကဲ့သို့ လူသိများသည့် အခြေအနေမျိုး မရောက်နိုင်ခဲ့ကြောင်း ၀န်ခံရပါလိမ့် မည်။ ထိုအချိန်ကာလက အရာကိစ္စတိုင်းတွင် နာမည်လူအသိမခံဘဲ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုအချိန်က နိုင်ငံအတွင်းရှိ သတင်းထောက်များမှာလည်း မိမိတို့အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်ကိစ္စဟူ၍ အနည်းအကျဉ်းမျှသာ ရှိခဲ့ကြပါသည်။

ရန်ကုန်တွင် ပထမဦးဆုံးအကြိမ် ဆန္ဒပြပွဲများက သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါ သည်။ ဤသို့ဆန္ဒပြပွဲများ တွေ့ကြုံလိုက်ရသည့်အခြေအနေသည် မိမိအတွက် ထူးဆန်းအံ့သြဖွယ် ဖြစ်နေပြီး လူအုပ်ကြီး က ရွှေတိဂုံဘုရားမှနေ၍ မြို့လယ်သို့ ဆင်းလာကြသည်။ ဆူးလေဘုရား၊ မြို့လယ် အချက်အခြာနေရာများသို့ ရောက်လာ ပြီး ဆူးလေဘုရားနှင့် မြို့တော်ခန်းမကိုဖြတ်၍ အရှေ့ဘက်သို့ ဆက်လက်ချီတက်သွားကြပါသည်။ သူတို့က လူလှိုင်း လုံး ကြီး နောက်ဆုံး မရုတ်သိမ်းမီ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံ ၂ ခု ဟု ပြောနိုင်သည့် အမေရိကန်နှင့် အိန္ဒိယသံရုံး များ ရှေ့ကို လည်း ဖြတ်၍ ချီတက်ခဲ့ကြပါသည်။

ဤသို့ သတ္တိပြောင်မြောက်စွာ အံတုကြသည့်ဖြစ်ရပ်မှာ ကျောအတွင်းစိမ့်သွားစေလောက်အောင် ဖြစ်စေခဲ့ပါသည်။ သို့ သော်လည်း ဓာတ်ပုံရိုက်ယူရန်အတွက် အခက်အခဲရှိနေပါသည်။ ဆန္ဒပြသူများက ကနဦးတွင် သူတို့ဓာတ်ပုံများရိုက်ယူမည် ကို လိုလိုလားလား မရှိကြပါ။ တချို့သူများက မျက်နှာများကို မမြင်သာအောင် စည်းထားကြပြီး တချို့သူများကလည်း ကင် မရာများကို တွန်းဖယ်ပစ်ကြပါသည်။ ကင်မရာလွယ်ထားသည့် သြစတြေးလျ သံတမန်တဦးကိုလည်း ကားကို မီးရှို့ပစ်မည် ဟု ခြိမ်းခြောက်ခဲ့ကြပါသည်။ စစ်ထောက်လှမ်းရေးအတွက် ဓာတ်ပုံရိုက်ပေးသည်ဟု သင်္ကာမကင်းဖြစ်ခံရသူ မြန်မာဓာတ်ပုံ ဆရာတချို့မှာလည်း ရိုက်နှက်ခံခဲ့ကြရပါသည်။ ဤအခြေအနေဖြစ်နေသည့်တိုင် လုံခြုံရေးတပ်ဖွဲ့များကို မမြင်တွေ့ခဲ့ ကြရ သလို ဆန္ဒပြပွဲများကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုများလည်း မတွေ့ကြရပါ။ မိုးရေစိုရွှဲနေသည့် ညနေခင်းထဲသို့ ဆန္ဒပြ သူများက အလျှင်အမြန်တိုးဝင် ပျောက်ကွယ်သွားကြပါသည်။

သို့သော်လည်း ဤညတွင်ပင် (မဆလ) အစိုးရက နေ၀င်မီးငြိမ်းအမိန့် ထုတ်ပြန်ခဲ့ပါသည်။ နောက်တနေ့တွင် လည်စည်း ရောင်စုံစည်းထားသည့် တပ်ဖွဲ့များက ဘက်နက်များတပ်ဆင်ထားသည့် သေနတ်များ၊ လူစုခွဲ ပြောင်းချောသေနတ်များဖြင့် လမ်းမများပေါ်သို့ အင်ပြည့်အားပြည့် ရောက်လာကြပါသည်။ ၈ ရက်၊ ၈ လ၊ ၈၈ နေ့တွင် အမှန်တကယ် မည်သို့ဖြစ်လာ မည်ကို မိမိ တွေးထင်မှန်းဆ မထားတော့နိုင်ပါ။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာခဲ့လျှင် ဆူးလေဘုရားအနီးရှိ မြို့တော် ခန်းမရှေ့တွင် ဖြစ်နိုင်သည်ဟု မိမိတွက်ဆ မျှော်လင့်ထားခဲ့သည်။

မိမိက ပုံမှန်စတည်းချရာ ကမ်းနားလမ်း စထရင်းဟိုတယ်တွင် တည်းခိုနေခဲ့ရာမှ မြန်မာနိုင်ငံ၊ နိုင်ငံခြား ခရီးသွားဌာနရုံး အနီးရှိ တည်းခိုခန်းတခုသို့ ပြောင်းလာခဲ့သည်။ ဤတည်းခိုခန်းက မှောင်မည်းညစ်ပတ်နေသော်လည်း၊ ဘုရားတခွင်နှင့် မဟာ ဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမတခုလုံးကို ဆီး၍ မြင်သာသည့် မြင်ကွင်းကို ရထားသည်။

အမှန်တကယ်ပင် မျှော်လင့်ထားသည့်အတိုင်း ဤနေရာတွင် ၈ ရက်၊ ၈ လ၊ ၈၈ ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ လူစုလူဝေးကြီးကို တနေ့လုံး အေးချမ်းစွာဆန္ဒပြခွင့်ပေးထားပြီး လူစုခွဲရန် ငြင်းဆန်သည့်အခါ စစ်တပ်က စတင်၍ ပစ်ခတ် ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဤမြင်ကွင်းကို မိမိမြင်ခွင့်မသာခဲ့ပါ။ မိမိကို မိမိ၏သတင်းစာ အယ်ဒီတာက နိုင်ငံမှထွက်ခွာရန် အမိန့်ပေး လာခဲ့သည်။ အကယ်၍ မိမိကဆက်နေခဲ့လျှင် သြဂုတ်လပထမပတ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်သက်သေ အဖြစ် တင်ပြနိုင်မည့် ဖြစ်ရပ်များ ရှိမနေမည်ကို သူတို့က စိုးရိမ်နေကြသည်။ မိမိက မခွာချင့်ခွာချင်ဖြင့် သြဂုတ်လ ၆ ရက် နေ့တွင် မြန်မာပြည်မှ ခွာခဲ့ရသည်။ မိမိသယ်ဆောင်လာသည့် ကင်မရာများနှင့် ဖလင်အထုပ်ကြီးကို မင်္ဂလာဒုံလေဆိပ်တွင် မည်သည့်အရာရှိကမျှ စစ်ဆေးမေးမြန်းခြင်းမခံရဘဲ လွတ်လာခဲ့သည်။ မိမိထွက်လာခဲ့သည့်အချိန်တွင် မိမိကိုယ်စားတာဝန် ပေးခံရသူနှင့် တခြားမိတ်ဆွေ ၂ ဦးကို ဆေးပေါ့လိပ်မီးခိုးပြာများ ဝေနေသည့် လူသူ ရှုပ်ထွေးဝရုန်းသုန်းကားဖြစ် နေသော လေဆိပ်ဧည့်ကြိုနေရာတွင် တွေ့လိုက်ရသေးသည်။ ဤအဖွဲ့မှ ဓာတ်ပုံဆရာတဦးမှာ သြဂုတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံ ရ ပြီး ပြန်နှင်ထုတ်ခံခဲ့ရသည်။

ဘန်ကောက်ပြန်ရောက်ချိန်တွင် မိမိအဖို့ စိတ်ပျက်ဖွယ် အကောင်းဆုံးအချိန်များကို ဖြတ်သန်းခဲ့ရသည်။ မိမိက ဓာတ်ပုံများ စုဆောင်းရင်း မြန်မာနိုင်ငံတွင် အဖြေရနိုင်ဖွယ်မရှိဘဲ ပွဲကြမ်းနေသည့် သတင်းဖြစ်ရပ်များ စုဆောင်းရင်းဖြင့် အချိန်ဖြုန်းနေ ခဲ့ရသည်။ ၈-၈-၈၈ နောက်ပိုင်းတွင် ခန့်မှန်းခြေအားဖြင့် အရပ်သား ၃,၀၀၀ ကျော် သေဆုံးခဲ့ကြရပြီး များစွာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။ ဒေါသအမျက်ချောင်းချောင်းထွက်နေကြသည့် သံတမန်များက သူတို့ရနိုင်သမျှဆေးဝါးများစုဆောင်း ကာ ပေးပို့ကြသည်။ ဤအချိန်တွင် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ၌ ဆေးရုံများတွင် ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေကြသည်။ ဒဏ်ရာရသူအများအပြားမှာလည်း သေကောင်ပေါင်းလည်း ဒဏ်ရာရထားကြသော်လည်း သူတို့ အိမ်များ ၌သာ ကြိတ်၍ကုသနေကြသည်။ သူတို့က ဤသို့ အိမ်များအတွင်း ပုန်းအောင်းကုသနေကြသေးသည်ကမှ အာဏာပိုင်များ ရန်မှ လုံခြုံရေးအတွက် ပိုကောင်းသည်ဟုလည်း ယုံကြည်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဦးနု အပါအ၀င်အတိုက်အခံခေါင်းဆောင်များ၊ မင်းကိုနိုင်စသည့်ကျောင်း သားခေါင်းဆောင်များလည်း ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူတို့က တညီတညွတ်တည်း မပေါင်းစည်းနိုင်ဘဲ ရှိနေ ကြသည်။ အာဏာပိုင်များဘက်ကလည်း အခြေအနေကို အစားထိုးဖြည့်ဆည်းရန် တခြားခေါင်းဆောင်မရှိသည်နှင့်အတူ ဒေါက်တာမောင်မောင် ဦးဆောင်သည့် ချိနဲ့နဲ့ ယာယီအစိုးရဖြင့် အစားထိုးလာခဲ့သည်။ ဒေါက်တာမောင်မောင်မှာ တချိန်က လူအများလေးစားကြသည့် ရှေ့နေတဦးဖြစ်ပြီး ဦးနေ၀င်းအကြောင်း ကောင်းကြောင်းချီးမွမ်းခန်းဋီကာ ဖွင့်ရေးပေး ခဲ့သူ လည်း ဖြစ်သည်။

စက်တင်ဘာ ဒုတိယပတ်ရောက်လာသည်နှင့်အမျှ အတောမသတ်နိုင်သည့် ဆန္ဒပြပွဲများနှင့် မည်သို့မျှ ခရီးမရောက်နိုင် ကြောင်းတွေ့လာကြရသည်။ စစ်တပ်က အချိန်ကို စောင့်ကြည့်နေသည်။ အချိန်သင့်သည်နှင့် တရှိန်ထိုး ပြန်တိုက်ခိုက်နိုင် ရန်အတွက် အချိန်စောင့်နေသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းပြည်မှ ထွက်ခွာခဲ့ရသည့် နိုင်ငံရပ်ခြားသတင်း ထောက် လူနည်းစုအနက် သတင်းထောက်တဦးကပင် မရှေးမနှောင်းတွင် အာဏာသိမ်းတော့မည့် အခြေအနေကို သူ ကိုယ်တိုင် မရိပ်မိခဲ့ဟု ဆိုပါသည်။

နောက်ဆုံး စက်တင်ဘာလ ၁၈ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရက်အနည်းငယ်ကြာ သွား ရောက်ခွင့် ရခဲ့ပါသည်။ မြို့တော်တခုလုံးက ထိတ်လန့် သွေးပျက်နေခဲ့သည်။

နောက်နှစ်ပတ်အကြာ အချိန်ကုန်ပြီးနောက်ပိုင်းတွင်မူ ရှိနိုင်သမျှသောအရေးပါသည့် ခေါင်းဆောင်များကို မိမိသိလာရပါ သည်။ မိမိက တတ်နိုင်သမျှစွမ်းအားဖြင့် မပြည့်စုံသေးသည့် နိုင်ငံရေးပဟေဠိကားချပ်ကို အဖြေညှိပုံဖော်ကြည့်ရန် ကြိုး ပမ်းကြည့်ပါသည်။ မြို့တော်တခုလုံးက ပြိုကွဲလဲကျနေပြီး မှောင်မည်းနေသည်။ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း ဆက်လက် ချမှတ်ထားဖြစ်သည်။ နေရာတိုင်းတွင် စစ်တပ်က လမ်းပိတ်ဆို့တားဆီးမှုများ ရှိနေပြီး ဆူပူသူ သူပုန်များဟု သတ်မှတ် ခံထားရသည့် တောင်နှင့် မြောက်ဥက္ကလာပနေရာများကို စစ်တပ်က ပိတ်ဆို့ထားသောကြောင့် သွား၍ မရနိုင်ကြပါ။

အောက်တိုဘာလ ၁ ရက်နေ့တွင် မိမိက ဆူးလေဘုရားသို့ ပြန်ရောက်လာပါသည်။ တဒါဇင်ကျော်ခန့် ရှိသည့် ဟီးနိုး ထရပ် ကားများက မြို့တော်ခန်းမအနီး ရပ်ထားကြပြီး ခြေမြန်တပ်မ ၂၂ မှ ရဲဘော်များက တပ်စွဲထားကြပါသည်။ သူတို့က မနက် တိုင်း သေနတ် လှံစွပ်တပ်၍ ပူပြင်းတောက်လောင်နေသည့် နေရောင်အောက်တွင် အသင့်အနေ အထားဖြင့် ရှိနေကြပါ သည်။ ခါးဘေးတွင် ဓားလွယ်ကြီးချိတ်ထားသည့် စစ်တပ်အရာရှိတဦးက ထိုစစ်သားများ၏နောက်နားရှိ ပန်းခြံနံရံကို မှီ၍ ထိုင်နေသည်။

ဤသို့ အင်အားပြနေခြင်းဖြင့် ကျန်ရှိနေသေးသည့် လူထုအုံကြွမှုကို အဆုံးသတ်သွား ပြီဖြစ်ကြောင်း၊ ၎င်းတို့က အနိုင်ယူ လိုက်ပြီဖြစ်ကြောင်း တနည်းတဖုံအား ဖြင့် သွယ်ဝိုက်၍ ခြိမ်းခြောက်ပြသရာ ရောက်စေပါသည်။ လမ်းမများပေါ်တွင် မည် သည့်လှုပ်ရှားမှုမှ ရှိမနေပါ။ မမြင်ရသည်လည်း မဖြစ်နိုင်ပါ။ မိမိက ဘုရားစောင်းတန်းမှနေ၍ ကောင်းကောင်းမြင်နိုင်သည့် နေရာကို ရထားပါသည်။ နောက်ဘက်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ကျည်ဆံရာများ ဖြင့် အပေါက်များဖြစ်လျှက် ရှိနေပါသည်။

မိမိ၏ အိပ်ထဲရှိ ကင်မရာကို ရယူရန် ကြိုးစားနေစဉ်ကာလကို သတိရနေပါသေး သည်။ ချက်ခြင်းဆိုသလိုပင် အမှောင်ရိပ် ထဲမှ တစုံတယောက်ပေါ်ထွက်လာပြီး မိမိကိုတားမြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေရာအနှံ့ ဖြန့်ကျက်ထားသည့် ထောက်လှမ်း ရေးကွန်ယက်က ပြန်၍ ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။ မိမိက အိပ်ကို ကောက်ကိုင်၍ ပူလောင်လှသည့် သံမဏိခမောက် များကို ဆောင်းထားကြသော စစ်သားများ တန်းစီထားသည့်နောက်မှ၊ အရိပ်အောက်တွင် ထိုင်နေသူ စစ်တပ်အရာရှိ နောက် မှ တိတ်တဆိတ် ဖြတ်၍ လျှောက်ထွက်လာခဲ့ပါသည်။ သူတို့နှင့် စကားစမြီပြောရန်၊ ဆေးလိပ်အတူတူသောက်၍ မိတ်ဖွဲ့ရန် ကြံစည်၍ မဖြစ်နိုင်ကြောင်း တစုံတခုက ပြောနေပါသည်။

မိမိက ဗီဇာကုန်ပြီးနောက် တပတ်တိတိကြာ သက်တန်းလွန်၍ နေခဲ့သည်။ ဤအချိန်တွင် နိုင်ငံအတွင်းရှိနေကြသည့် နိုင်ငံ ခြားသားအနည်းငယ်အနက် မိမိကို သတင်းထောက်တဦးအဖြစ် ယူဆရန် အကြောင်းများစွာ ရှိပါသည်။ သို့သော်လည်း မည်သူကမျှ မိမိကိုတားဆီးရန် မကြိုးပမ်းခဲ့ကြပါ။ မိမိ၏ နောက်ဆုံးရက်များတွင် လျှို့ဝှက်သိပ်သည်းလှသည့် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့်ပင် ရန်ကုန်မြို့ပြင်ရှိ လုံခြုံရာအိမ်တလုံးတွင် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါသည်။ လေဆိပ်တွင် ဒဏ် ငွေဆောင်ရမည့် တိုကင်လက်မှတ်တခုလည်း ရလာခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိကို ၎င်း၏ဖေါ်ရွေစွာ ဆက်ဆံမှု အတွက် အမေရိကန် ၁၀ ဒေါ်လာဆုချခဲ့ပြီး မြန်မာနိုင်ငံမှ ပြန်ထွက်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရက်လွန် နေထိုင်ခဲ့သည်မှာ တန်ဖိုးရှိသည်ဟု ဆိုရပါလိမ့်မည်။ ဤသို့ ဆူပွက်မတည်ငြိမ်ရှိနေသည့် အချိန် တွင် အေးရှားဝိက်ခ် မဂ္ဂဇင်းအတွက် မိမိက သတင်းအစီရင်ခံချက်များ စဉ်ဆက်မပြတ် ပေးပို့နိုင်ခဲ့ပြီး ဂျာနယ် ၁၂ စောင် တိုင်တိုင် မြန်မာသတင်းကို ထည့်သွင်းဖော်ပြနိုင်ခဲ့ပါသည်။ နိုင်ငံပြင်ပသို့ရောက်သည့်တိုင် အထူးသတင်းများနှင့် အရေးကြီး ခေါင်းဆောင်များနှင့် ဆောင်ရွက်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းများကိုလည်း ဆက်လက်၍ ရေးသားဖော်ပြနိုင်ခဲ့ပါ သည်။

မိမိ၏ နောက်ဆုံးရက်များတွင် အသစ်ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဆက်သွယ်တွေ့ဆုံခဲ့ရသည်။ ဤ သည်မှာ ပထမဦးဆုံးအကြိမ် အစိုးရအဖွဲ့အစည်းတခုနှင့် မရည်ရွယ်ဘဲ တွေ့ဆုံရသည်ဖြစ်ပြီး ထိုသူများကပင် စစ်အာဏာ သိမ်းအစိုးရဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် တွေ့ဆုံမေး မြန်းခွင့် ရရန် လျှောက်ထားသင့်ကြောင်း တိုက်တွန်းအကြံပြုခဲ့ကြပါသည်။

နောက်ဆုံး ဗိုလ်ချုပ်စောမောင်နှင့် တွေ့ဆုံနိုင်ရန် ၁၉၈၉ ခုနှစ် ဇန်န၀ါရီလတွင် ခွင့်ပြုချက် ရရှိခဲ့ပါသည်။ ဤအတွေ့အကြုံ မှာလည်း မိမိအတွက် အဆန်းတကြယ်ရှိလှသည့် အတွေ့အကြုံတခုပင် ဖြစ်သည်။ မိမိက တရားဝင်ဗီဇာဖြင့် ပြန်လာခဲ့ပါ သည်။ မိမိကို စစ်တပ်ထောက်လှမ်းရေးဌာန အရာရှိတဦးက တွေ့ဆုံပြီး ပုံမှန်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများ ဖြတ်သန်းကာ နောက်ဆုံး ၂၄ နာရီ ကြိုတင်အသိပေး၍ စထရင်းဟိုတယ်မှ တွေ့ဆုံရမည့်နေရာသို့ ခေါ်သွားခဲ့ပါသည်။

ထိုအချိန်က ခန့်အပ်ခံရသူ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်က ဧည့်ခန်းမတွင် စောင့်ဆိုင်း၍ မိမိကို နှုတ်ဆက်သည်။ ဧည့် ခန်းမမှာ ပြန်လည်ဆေးသုတ်မွမ်းမံထားသော်လည်း ဟောင်းနွမ်းယိုယွင်းနေသည်ကို အတိုင်းသားပြနေသည်။ ၎င်းက ဗိုလ် ချုပ်မှူးကြီး၏ ဟာသဉာဏ်ရွှင်တတ်ပုံနှင့် မိသားစုအပေါ် ခင်တွယ်တတ်ပုံကို မိမိကို မိတ်ဆက်ပေးသည်။ အပေါ်ထပ်တွင် တော့ ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အကြီးတန်းလက်ထောက် ဗိုလ်မှူးကြီးသိန်းဆွေက နောက် ထပ် ရှင်းပြရန် စောင့်နေပြန်သေးသည်။ သေချာသည်မှာ သူက မိမိ၏ အကြောင်း လျှို့ဝှက်ဖိုင်ကို ဖတ်ထားပြီးသား ဖြစ်ပေ လိမ့်မည်။

"ခင်ဗျားက ကျနော်တို့နိုင်ငံကို တော်တော်နှစ်သက် သဘောကျပုံရတယ်" ဟု သူက ပြောလာခဲ့သည်။ "အခု ခရီးစဉ်က ဒုတိယအကြိမ်လား၊ တတိယအကြိမ်လား" ဟု ဗိုလ်မှူးကြီးသိန်းဆွေက မေးသည်။

ကျနော်က " အမှန်ပြောရရင် ၁၃ ကြိမ်မြောက်ပါ" ဟု ပြန်ဖြေခဲ့သည်။

သူအံ့သြသွားခဲ့ပုံရသည်။ နံပါတ်ကိန်းဏဂန်းများ ကြီးစိုးနေသည့်နယ်မြေတွင် ဤကိန်းဂဏန်းသည်ပင် မိမိအတွက် ကံကောင်းစေသည့် ကိန်းဂဏန်းဖြစ်ခဲ့ပုံရပါသည်။

DOMINIC FAULDER ရေးသားသည့် Memories of 8.8.88 ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form