မျှော်လင့်နေဆဲဘဲ..အနှစ် နှစ်ဆယ်

မနေ့ တနေ့ ကလိုဘဲ..
မနက်တိုင်း ပြူတင်းပေါက် လာဖွင့်နေကြအခန်း..
အေးစက် အိပ်သူမဲ့ အိပ်ယာ.
ခြောက်ကပ် တိတ်ဆိတ်နေဆဲ
သံစဉ်မဲ့တဲ့ နေရာ။

အရင်က အတိုင်းဘဲ..
သားအခန်းကလေး ထဲမှာ.
ခေါင်းရင်းမှာက..ဘုရားပန်းချီ
စာအုပ်စင်ပေါ်မှာက..သူ့ ဒိုင်ယာရီ
စင်ပေါ် သူရထားတဲ့ ဆုတံဆိပ်များ
နံရံပေါ်က ဖိုဘီကိတ်ရဲ့ ပိုစတာ..
ကန်နေကျ ဘော်လုံးလေးက ကုတင်အောက်မှာ။
ကုတင်အနောက်နားမှာ က
သူ့ အဖေပေးတားတဲ့ ဝိတ်ပြားတစုံ
နံရံမှီထောင်ထားတဲ့ ဂစ်တာအိုလေးကတစ်လုံး
ချိတ်ထားတဲ့ ပန်းဖွားလွယ်အိပ်
ခေါက်ရိုးကျ ပုဆိုးစိမ်းနဲ့ ကျောင်းအင်္ကျီဖြူ
ဖိနပ်စင်ပေါ်က ကတ္တီပါသဲကြိုးနဲ့ ဖိနပ်။
၁၅ နှစ်သားကလေးရဲ့ လူပျိုပေါက်အခန်းကလေး..
ပိုင်ရှင်မဲ့နေတာ..
အော်…နှစ် (၂၀ )တောင်ကြာပေါ့။

သားရဲ့ဓါတ်ပုံကလေးကိုစမ်း..
ကျတဲ့လွမ်းမျက်ရည်..
မြေပံသုရဲ့ ဝသုဒ္ဓရေ..
သက်သေသိပါရဲ့။
ကိုးလလွယ် ဆယ်လမွေးတဲ့သား..
ရုတ်ချည်းရင်ခွင်ထဲက..ပျောက်သွား
ဘယ်မှာများလဲ သားလေးငယ်ငယ်။

၁၉၈၈ ရဲ့ ရက်..
သူငယ်ချင်းတွေနဲ့ အပြင်ထွက်..
ဒေါင်းခေါင်းစီးလေးက အနီ
ဒို့ အရေးအော်မဲ့ ၁၅နှစ်သား..
အမေ့ ပါးကိုနမ်းလာချွဲတော့..
အဖေကြီးရယ်..သွားပါစေတော့..
အမေဘဲ ခွင့်ပြုခဲ့တာ။

မိုးစုန်းစုန်းချုပ် ပြန်မရောက်..
ဘယ်ပျောက်နေသလည်း.သား..
အမေ..ဗျာများလိုက်တာ..

မိုးပေါ်ထောင်မပစ်တဲ့ စစ်လက်နက်
တဒိန်းဒိန်း..တဒက်ဒက်
ပစ်သတ်ရက်ကြတာ..
သွားသမျှ သားတို့ သူငယ်ချင်းတစ်သိုက်
ပျောက်ချင်းမလှ ပျောက်နေခိုက်

စာမလာသတင်းမကြား..
သေဘဲ သေပြီလား..
အဖမ်းဘဲ ခံရသလား..
ထောင်ဘဲကျနေသလား.
လေမွန်းကြပ် အချုပ်ကားထဲဘဲ သေသွားသလား
မသေမရှင်..ရေထဲဘဲမျှောခံရသလား..
အရှင်လတ်လတ်..မီးရှို့ သတ်ခံရသလား..
တောထဲဘဲ လက်နက်ကိုင်နေသလား..
နားစွင့် နေ့ စဉ်..ကြေကွဲတဲ့ရင်..

ကြာခဲ့ပါပြီ..
အခုထိ..မနေ့ ကလိုဘဲထင်ဆဲ..
တံခါးလာခေါက်မဲ့အသံ..
“ အမေ ..အမေ အိပ်နေပြီလား..
ကျွန်တော်ပါ..တံခါးဖွင့်လေ။”
အုပ်အုပ် တိုးတိုးလေး ပြောမဲ့ သားအသံ..
နားစွင့်ရင်းနဲ့ နှစ် (၂၀)..
အမေ့ရင်..အမောနဲ့စောင့်နေတယ်။

ပြန်လာရင်..သူလေ..၃၅ နှစ်တောင်ရှိ..
အမေ့ကိုမှ သူမှတ်မိပါ့မလား..
ဆံပင်တွေဖြူ ပါးရည်တွန့် ..
ဒီအဖွားကြီးလေ..သားချစ်တဲ့ အမေ
မွဲမှောင် အသားအရည်နဲ့ .
ရီဝေတဲ့  မျက်လုံး
မမြင့်တမြင် နဲ့ အမေအို..
သားအပြန်ကို..ခုထိကြိုနေပါတယ်။

မသဒ္ဓါ (၈။၈။၂၀၀၈) အာဇာနည် ဒေါင်းမိခင်များသို့ 

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form