ရှစ်လေးလုံး စိတ်ဓာတ်

ယခု သြဂုတ်လဆိုလျှင် အနှစ် ၂၀ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။ သေမင်းတမန်များ ပြေးဝင်လာနေသည့် အကြားမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ တက်လှမ်းလိုပါသည်ဟု ဆန္ဒထုတ်ဖော် ပြသခဲ့သော်လည်း ဒီမိုကရေစီ၏ အရသာကို မြန်မာလူထု မခံစားရသေးပေ။

ငြိမ်းချမ်းစွာ လမ်းပေါ် ဆန္ဒပြရင်း အကြမ်းဖက်သူတစု၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသူတို့၏ ၀ိဥာဉ်များလည်း တွယ်ရာမဲ့ လွင့်ပါမျောလျက်ပင် ဖြစ်သည်။ သတိမေ့တတ်သော လူတစုကတော့ ကယ်တင်ရှင်ကြီးများ လုပ်ကာ "ဒါ မကောင်းဘူး။ ဒါ လုပ်" ဟု ညွှန်းဆိုကောင်းတုန်းပင်။

သို့သော်လည်း "၈၈၈၈ အရေးတော်ပုံကြီး" ကား အကျိုးမဲ့ အချည်းနှီးမဟုတ်။ မတရားမှုများကို မီးမောင်းထိုးပြခဲ့ပြီး ထွက်ရပ်လမ်း အမှန်တကယ်ပင် ရှိနေပါသေးသည် ဆိုခြင်းကို ပြသခဲ့သလို အဓမ္မတို့၏ အဆုံးသတ်သွားရာလမ်း မကောင်းခြင်းကို ခိုင်ခိုင်မာမာ စိုက်ထူပြသသော သာဓကကြီး ဖြစ်သည်။ အနှစ် ၂၀ တိုင်ခြင်းအပေါ် အပြစ်မြင်နိုင်သလို ရှစ်လေးလုံးမှ မွေးထုတ်ပေးလိုက်သော ရှစ်လေးလုံးစိတ်ဓာတ် အလျံငြီးငြီး ဆက်လက် တောက်လောင် နိုင်ခြင်းမှာလည်း ဂုဏ်ယူဖွယ်ရာပင် ဖြစ်သည်။

ဒီစိတ်ဓာတ်ကို သေနတ်ပြောင်းထိုးကာ နည်းလမ်းအသွယ်သွယ်ဖြင့် ပပျောက်စေရန် ကြိုးစားနေကြသော်လည်း အခိုင်အမာ ဆက်လက် ရှင်သန်နေခြင်းကား ဓမ္မ၏ အောင်ပွဲပင် ဖြစ်သည်။ ကျူးလွန်ထားသူတို့က ပွဲပြီး မီးသေ ဖြစ်စေချင်သော်လည်း အထမမြောက်ဘဲ ဖြစ်နေရသည်။

တပါတီ အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ရွံရှာလာကြပြီဖြစ်သော လူထုကြီးက အမြင်တိုးတက်ပြီး စွန့်လွှတ်စွန့်စားဝံ့သော ကျောင်းသားလူငယ်များ ဦးဆောင်မှုအောက် တညီတညွတ်တည်း လိုက်ပါခဲ့ကြပြီး မိမိတို့ဆန္ဒကို ထုတ်ဖော် ပြသခဲ့ကြ၍ ၈ ရက် သြဂုတ်လ ၁၉၈၈ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြသည်။ အမျိုးမျိုး ကျားကန်ခဲ့သော်လည်း လက်ဝါးကြီးအုပ် လုပ်ထားသော ပါတီကြီး အဆုံးမှာ ပြိုကျပျက်စီး သွားရပေတော့သည်။ အလိုအလျောက် ဖြစ်လာသည်တော့ မဟုတ်၊ "အညတရ သူရဲကောင်း" အများအပြား အသက် ပေးဆပ်ခဲ့ရသည်။

ထိုမှသည် ခေတ်သစ် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ဖြစ်လာခဲ့သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်တွင် ကျင်းပလာနိုင်ခဲ့သည်။ မြန်မာတို့သည်လည်း မျက်စိပိတ်၊ နားပိတ် ဘ၀မှသည် အနည်းဆုံး တစိတ်တပိုင်းဖြစ်ဖြစ် ကမ္ဘာနှင့် ထိတွေ့ ကူးလူးဆက်ဆံခွင့် ရခဲ့ကြသည်။ လက်ရှိ ဖွံ့ဖြိုးမှု အသီးအပွင့်များကား ရှစ်လေးလုံး စိတ်ဓာတ်၏ အကျိုးဖြစ်ပေသည်။ "ငါလုပ်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟူသော အတွေးများဖြင့်တော့ လူ့သမိုင်း တိုးတက် ထွန်းကားလာစရာ မရှိ။

စိန်ခေါ်မှုများကတော့ အမှန်ပင် များပြားနေဆဲ ဖြစ်ပါသည်။ သို့သော် ၈၈၈၈ အရေးတော်ပုံကြီး သက်သေ သာဓကကို ယူကာ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်သည့် အခွင့်အလမ်းများ အမြဲတစေ ရှိမြဲ ဖြစ်သည်ကို မမေ့လျော့သင့်ဟု တိုက်တွန်းလိုက်ရပေသည်။

http://burmese.mizzima.com/editorial/15/1477-2008-08-01-12-28-11

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form