အားနာပါရဲ့ ဇူလိုင် ၀ိဥာဉ်(ကိုမွှေး)


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
ဇူလိုင်ဟာ
မကူနိုင်မကယ်နိုင် သူတွေအတွက်ရော
ခိုကိုးရာမဲ့တွေအတွက်ပါ
မျက်နှာမလိုက်ဘူး....။

အသည်းအူ မခိုင် ရင်
အမြဲ အပူ ဖြိုင်စေတဲ့ဇူလိုင်..။

မိုးတွေကဖွဲလို့
ကောင်းကင်ကညို့လို့
မျက်ရည်တွေ ပျို့ပျို့ တက်လာစေတဲ့
ကဝေရဲ့ လ။

မြန်မာပြည်ဖွားမှန်ရင်
ဒီလရောက်တိုင်း နာကျင်ကြရတဲ့
ကျိန်စာဆိုးကြီး ထိုးထွက်တဲ့လ...။

ကြည့်ကြ...
ဇူလိုင်ဆယ့်ကိုးကြမ္မာဆိုးကစ
ခုနှစ် ဇူလိုင် သမဂ္ဂ အထိ
ဘာ ရ စရာ ရှိသေးလဲ....။

တက်ကြွတဲ့ သမဂ္ဂဟာ
လက်မရွံ့ လူသတ်သမားရဲ့
ဖောက်ခွဲ ချက်နဲ့ အသက်ပေါင်းများစွာကို
တခါထဲ ဖြိုခွဲခဲ့တယ်
တကယ်တော့ အဲဒီ အသက်ပေါင်းများစွာထဲမှာ
ငါတို့ ဆိုတဲ့ ပြည်သူ့အနာဂတ်လဲ ပါသွားခဲ့တယ်....။

ဇူလိုင်ပေါင်းများစွာ
ဇရာသာထောင်းသွားတယ်
ဘာမှတော့ မပြောင်းလဲ သေး
အရင်လိုပဲ ငါတို့မှာ အနာဂတ် မဲ့တုန်း
အရင်လိုပဲ ငါတို့မှာ ပစ္စုပ္ပာန်အစိုးမရတုန်း
အရင်လိုပဲ ငါတို့ မှာ အတိတ်ဆိုး ရဲ့ အရိပ်မိုးတုန်း...။

အောင်ဆန်းဟာ ထောင်နှုတ်ခမ်းတွေနင်းခဲ့တယ်
သေတွင်းတွေဆင်းခဲ့တယ် ငါတို့အတွက်။

ဒေါင်းများတက်ကြွတဲ့ ကျောင်းသားမဂ္ဂဟာ
သူ့ ရင်သူဖွင့် ဒေါင်းလံလွှင့်အံတုလို့
ပြည်သူ့အတွက် သူ့ ဖြစ်တည်မှုနဲ့
သူ့ ရင်သွေးတွေ အစတေးခံခဲ့တယ်..။

ဒီဇူလိုင်မှာ ငါတို့ ဟာ ငါတို့ပြန်ကြည့်တော့
နူနာစွဲနေတဲ့ မုဆိုးမတွေလို
ကူပါတကဲကဲ ပဲ ပြောတတ်တဲ့ပါးစပ်တွေနဲ့
ဖိနပ်နဲ့ ဖြတ်ရိုက်ပစ်ဖို့ ထက် ပိုပြီး ဘာများထိုက်တန်သေးသလဲ...

တကယ်ဆို အဲဒီအချိန် ဟောဒီနေ့မှာမွေးခဲ့တဲ့ သူဟာ
အမယ်အိုတောင် ဖြစ်နေပါပြီ လေ
အမျှဝေတောင် မကျွတ်တဲ့လွတ်မြောက်လိုစိတ်တွေနဲ့
ဝိဥာဏ်တွေကတော့ စိတ်ရှည်တုန်း
မျိုးဆက်တွေက ပြုန်းပြီးရင်းပြုန်းကောင်းမြဲ
နည်းနည်းမှ မပြောင်းလဲသေး...။

ဒေါင်းအလံပြန်လွှင့်လို့ တပြည်လုံး
ဝုန်းကနဲ...
ခပ်ရဲရဲ ထချဖို့လိုပြီ
သံသရာကို ဒီမှာတင်ဖြတ်
သူသတ်ရင် ကိုယ် သေ တဲ့စိတ်ကို ပြင်
သူသေ ကိုယ်သေ တိုက်ပွဲဝင်မှ
ဒီလ ကို ငါတို့ ပြန်ရမယ်ဟေ့....။


ကိုမွှေး

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် စစ်အာဏာရှင် နေ၀င်းနှင့် သူ၏ လက်မရွံ့များ ဖြစ်သော စိန်လွင်နှင့် ယခု လူသံဟစ်နေသော အောင် ကြီးတို့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖြိုခွင်းကာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များအား သူရဲဘောကြောင်စွာလက်နက်အားကိုးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ယခု ကျောင်းသား ဆိုသော မိမိတို့၏ (မိမိအပါအ၀င် ) ပျော့ညံ့ချက်များအားရေးသားပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form