မင်းခက်မောင်/ဒေးဒရဲ ဧရာဝတီသတင်းဌာန
လဲ့လဲ့၏ မျက်နှာက မျှော်လင့်ချက်ကင်းမဲ့နေဟန် ပေါ်လွင်နေသည်။
သူ့အသက်က ၁၂ နှစ်သာသာပဲ ရှိဦးမည်။ ပုဂ္ဂလိက အလှူရှင်တဦး ထားခဲ့သည့် ကျောင်းဝတ်စုံကို သူ စိတ်မ၀င်စားနိုင်အား။ ကားလမ်းမကြီးတလျှောက်တွင် စုန်ဆန်ပြေးနေကြသည့် ကားများဆီသို့သာ သူ စူးစိုက်ကြည့်နေ၏။ သူ့ကျောတွင် ပိုးထား သည့် ညီမငယ်ကလည်း အဆက်မပြတ် ချောင်းတဟွတ်ဟွတ် ဆိုး၍နေသေးသည်။
ကားတစီးဖြတ်သွားတိုင်း လဲ့လဲ့က သူ၏ လက်ကလေးကိုမြှောက်၍ “စားစရာရှိရင် ချပေးခဲ့ပါ” ဟု တဆာဆာ အော်ဟစ် တောင်းခံနေသည်။
ထရပ်ကားတစီးက သူတို့ကို နည်းနည်း ကျော်သွားပြီးမှ ရပ်သွားခဲ့သည်။ လဲ့လဲ့ က ထိုကားဆီသို့ ချက်ချင်းခေါင်းကို လှည့် ကြည့်သည်။ ပြီးသည်နှင့် ထိုကား ရှိရာသို့ တန်းပြေးသွားတော့သည်။ လဲ့လဲ့၏ ကျောတွင် ပုဆိုးဖြင့်လွယ်ပိုး ထားသည့် ညီမငယ်ကလည်း နောက် တွင် လှုပ်ခါယမ်း၍ လိုက်ပါသွားခဲ့သည်။
သူ့သူငယ်ချင်း တချို့က ထရပ်ကားဆီ ရောက်နှင့်နေကြပြီး လက်များကို လေထဲ မြှောက်၍ အစားအစာ တခုခုပေးရန် တိုးဝှေ့ တောင်းခံနေကြပြီ ဖြစ်သည်။ အချင်းချင်း တွန်းထိုးရင်း ထရပ်ကားနောက်ဘက် သို့ နီးနိုင်သမျှ နီးအောင် အလုအယက် တိုးဝှေ့ကြသည်။ ကားနောက်ဘက်တွင်တော့ လူ ၂ ဦးက အငမ်းမရ အစာတောင်းခံ နေကြသူများထံသို့ အထုပ်များ ပစ်ချပေးနေသည်။
တိုးဝှေ့ရုန်းကန်ရင်း လဲ့လဲ့ ထမင်းတထုပ်ရလာခဲ့သည်။ သူ့ညီမငယ်ကို ခွဲကျွေး၍ သူလည်း ဆာလောင် မွတ်သိပ်စွာ စားလိုက်သည်။
ယနေ့ဆိုလျင် လဲ့လဲ့အဖို့ ဤသို့ ကားလမ်းဘေးတွင် အစာတောင်းခံ စားနေရသည်မှာ ၁၉ ရက် ရှိပြီ ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တ ၃ ပတ်က နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ဖျက်ဆီး ခံလိုက်ရ၍ ဘိုကလေးရှိ သူတို့အိမ်လေး ပျက်စီးခဲ့ရပြီး သူ့အဖေလည်း အသက်ဆုံးပါးခဲ့ရသည်။ ထိုအချိန်မှစ၍ လမ်းဘေးတွင် တောင်းစားနေခဲ့ရခြင်း ဖြစ်သည်။
လဲ့လဲ့က သူ့ကိုယ်သူ သနားစရာဟု မမြင်မိတော့ပါဟု ဆိုသည်။ မုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးချိန်မှ စ၍ အသက်ရှင် ကျန်ရစ်ခဲ့ သူများ အားလုံးလိုလိုက သူ့လိုပင် ရှင်သန်ရေးအတွက် စားစရာနှင့် သောက်ရေများ ရရန် တနေကုန် တန်းစီခဲ့ကြရသည်။ ရသမျှဖြင့် အသက်ဆက်ခဲ့ရသည် မဟုတ်ပါလား။
“နောက်လဆိုရင် တခြားသူတွေ ကျောင်းပြန်တက်ကြတော့မယ်ကြားတယ်။ ဒါပေမယ့် သမီး အခု လိုနေတာ ထမင်းပဲ။ ကျောင်းတက်ဖို့ မဟုတ်သေးဘူး” ဟု လဲ့လဲ့က ပြောသည်။
မုန်တိုင်းကပ်ဘေးသင့်ဒေသများမှအပ ကျန်တနိုင်ငံလုံးတွင် ကျောင်းများကို ဇွန်လ ၂ ရက်နေ့၌ ပြန်ဖွင့်မည်ဟု အစိုးရက မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ ဧရာဝတီတိုင်းတွင်တော့ ကျောင်းများ ပြန်လည်တည်ဆောက်ပြီးသည့် အချိန် အထိဆိုလျှင် ကျောင်းပြန်တက်ခွင့် ရရန် ကြာလိမ့်ဦးမည် ဖြစ်သည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ အဆိုအရ မုန်တိုင်းသင့်ခံခဲ့ရသည့် ဒေသအတွင်းရှိ ကျောင်းများ အားလုံး၏ ၉၀ ရာခိုင်နှုန်း မှာ ပြိုကျ ပျက်စီးခဲ့သည်ဟု ဆိုသည်။ စုစုပေါင်း မူလတန်းကျောင်းပေါင်း ၃၀၀၀ အထိ ပျက်စီး ခဲ့ရပြီး ကျောင်းသားပေါင်း ၅ သိန်းကျော် အတွက် ထိခိုက်နစ်နာခဲ့ရသည်။ ဤဒေသများအတွင်း ကျောင်းများ ပြန်ဖွင့်ရန် ၂ လခန့်အထိ နောက်ကျနိုင်ပါသည်။
ဤအချိန်တွင် စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ အားလုံးကို ၎င်းတို့ လက်သို့အပ်၍ သူတို့စိတ်ကြိုက် စီမံခန့်ခွဲခွင့် ရစေရန် ဈေးဆစ် တောင်းဆိုနေကြသည်။
“မနှစ်က ဒီအချိန်ပေါ့။ အဖေက ရန်ကုန်ကိုခေါ်သွားပြီး ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ၊ စာရေးစရာတွေ ၀ယ်လာပေးတယ် ” ဟု လဲ့လဲ့က မျက်ရည်ဝဲကာ သတိတရ ပြန်ပြောပြသည်။
သူ့လက်ကလေးကို ညီမငယ်၏ နဖူးပေါ်တင်၍ အဖျားရှိ မရှိ စမ်းကြည့်လိုက်သေးသည်။
“ညီမလေးက အအေးမိတာ တော်တော်ဆိုးတယ်။ မိုးရေထဲမှာ အကြာကြီးနေခဲ့ရတာ” ဟု သူက ဆက်ပြောနေသည်။
သူတို့တွင် ညအချိန် မိုးခိုနားရန် မိုးကာစတခု ရှိသော်လည်း ခြင်များ၏ ရန်မှ ကာကွယ်ပေးရန် ခြင်ထောင်များ မရှိကြပါ။
တခြား စိတ်တုန်လှုပ်ခြောက်ခြားနေသည့် မုန်တိုင်းသင့် ဒုက္ခသည်များကဲ့သို့ပင် လဲ့လဲ့သည်လည်း သူ့အဖေကို အသက်ဆုံး ရှုံးစေခဲ့သည့် ကြောက်စရာ မုန်တိုင်းညဆိုးကြီးကို ပြန်၍ အိပ်မက် မြင်မက်နေတတ်သည်ဟု ဆိုသည်။
“သမီး ညညတွေမှာ ထ အော်မိတယ်” ဟုလဲ့လဲ့က သူ့အဖြစ်ကို ၀န်ခံသည်။
“အမေကလည်း ကယ်ကြပါ ဆိုပြီး အိပ်နေရင်းက ထ ထ အော်တယ်။ မနက်လင်းလို့မေးတော့ အဖေ့ကို သတိရတယ်လို့ ပြောတာပဲ” ဟု သူက ဆက်ပြောသည်။
“တခါတလေလည်း သမီးတို့ တခြားသူတွေနဲ့ ရန်ဖြစ်ရတယ်။ အစားကို ရနိုင်သမျှ ရအောင် လုရတာ” ဟု ဆို၏။
မေလ ၁၆ ရက်နေ့က ကွင်းထဲတွင် ရဟတ်ယာဉ် ဆင်းသက်တော့မည်ကို မြင်ကြရာ မုန်တိုင်းသင့်ခဲ့ရသူများက ၎င်းနေရာသို့ စုပြုံ၍ အလုအယက် ပြေးသွားခဲ့ကြသည်။ ပြေးသွားရင်း သူ့ထက်ငါ တွန်းတိုက်သွားကြသေးသည်။ လူအုပ်ကြီးက လဲ့လဲ့ကို တွန်းလှဲချခဲ့သဖြင့် သူလဲကျကျန်ရစ်ခဲ့ရသည်။ ရဟတ်ယာဉ်သို့ မရောက်နိုင်ခဲ့။ ထိုစဉ်က သူ၏ ညီမငယ်ပင် လူနင်းမိမတတ် ဖြစ်ခဲ့ရသေးသည်ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
နောက်ဆုံး မည်သူမျှ သူတို့ထင်သလို စားရေရိက္ခာ မရခဲ့ကြပါ။ ရဟတ်ယာဉ်က ဆီဖြည့်ရန် ခေတ္တရပ်နားခဲ့ခြင်းသာ ဖြစ်ပြီး သူတို့ အချင်းချင်း တိုးဝှေ့ တိုက်ခိုက်လိုက်ကြရသည်သာ အဖတ်တင်ခဲ့သည်။ လက်ဗလာဖြင့် ပြန်ခဲ့ကြရသည်။
လဲ့လဲ့၏ အနာဂတ်ပညာရေးနှင့် တခြားမျှော်မှန်းချက်များကို မေးကြည့်မိရာ သူက မျက်မှောင်ကြုတ်၍ ခေါင်းယမ်းပြပါသည်။
နောက် ၀မ်းနည်းသံဖြင့် “သမီးကတော့ လမ်းဘေးမှာပဲ နေထွက်ကနေ နေ၀င် တောင်းနေရဦးမယ် ထင်ပါတယ်” ဟု ပြောနေ၏။

Tags
ဆောင်းပါး