စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ "ဆန်" ဝေဖို့
ဂျေမိုး မေလ ၇ရက် ၂၀၀၈။
စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ်စာကြည့်တိုက်နှင့် ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာပြည်သူများအတွက် အလှုငွေများနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများကို မုန်တိုင်းဒဏ် ခံနေရသူများ ကိုယ်စား လက်ခံပေးလျှက်ရှိပါသည်။
လမ်းပြကြယ်စာကြည့်တိုက်မှ ၄င်းကောက်ခံရရှိသောငွေများအား နေ့ချင်းရန်ကုန်သို့ အရောက်ပို့ကာကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ကိုင်နေသော နာရေးအသင်းကြီးမှတဆင့် ပြည်သူလူထု အခြေခံလိုအပ်ချက် ဖြစ်သည့် "ဆန်" ကိုအဓိကထားဖြန့်ဝေနေပါသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများမှလည်း မြန်မာပြည်ရှိဘုန်းကြီးကျောင်းများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တဆင့် ပြည်သူလူထု အခြေခံလိုအပ်ချက်များကို ကူညီသွားမည်ဟု သိရပါသည်။
"ကျနော်တို့ အနေနဲ့ကတော့ မုန်တိုင်းဒုက္ခသည်တွေ အဓိကရောက်နေတဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေကို မနက်ဖြန်က စပြီး ဆန်ဝေသွားမယ်" ဟု ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ ကိုစိုးထွန်း ကပြောပြပါသည်။
စင်္ကာပူနိုင်ငံရှိမြန်မာများမှာ ပင်နီဇူလပလာဇာရှိ အလှုခံဌာနများတွင် အလုပ်သိမ်းချိန်၌ သွားရောက် လှုဒါန်းကြ သော သတင်းများကို စင်္ကာပူနိုင်ငံရှိ နေ့စဉ်သတင်းစာများတွင် ဖေါ်ပြကြပါသည်။

စင်္ကာပူနိုင်ငံတွင် မြန်မာအများစု လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိ မြန်မာလူဦးရေ တစ်သိန်းခန့် ရှိ ကြောင်း သိရပါသည်။

Tags
မျှဝေခြင်း