မုံပီး မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူခြင်းကို မေ ၁ဝ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း စစ်အစိုးရက ကြေညာလိုက်သည်။
ဗုဒ္ဓဟူးနေ့ ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာသွားခြင်း ဖြစ်သည်။
ဆန္ဒခံယူပွဲ ဥပဒေအရ အနည်းဆုံး ၂၁ ရက် ကြိုတင် ကြေညာမည်ဆိုသော အချက်အရ ကြေညာသွားခြင်း ဖြစ်သည်။
စစ်အစိုးရက ဖေဖော်ဝါရီလအတွင်း ကြေညာချက်တွင် မေလတွင် ဆန္ဒခံယူပွဲလုပ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပါရှိသည်။
အခြေခံဥပဒေကို အတည်ဖြစ်လျှင် အရပ်သား အစိုးရတရပ် ပေါ်ပေါက်လာမည် နိုင်ငံရေး အပြောင်းအလဲ ဖြစ်မည်ဟု စစ်အစိုးရက ပြောနေသည်။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုတရပ်လုံး ကန့်ကွက်မဲ ထည့်ရန် ဆော်သြထားသည်။
အတိုက်အခံ အဖွဲ့အစည်းများနှင့် အနောက်တိုင်း အစိုးရများနှင့် ဝေဖန်သူများက စစ်အစိုးရ ရေးဆွဲခဲ့သော အခြေခံဥပဒေ မူကြမ်းသည် ၁၉၆၂ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့သော စစ်အုပ်ချုပ်ရေးကိုသာလျှင် ခိုင်မြဲစေမှာ ဖြစ်သည်ဟု ပြောဆိုသည်။

Tags
သတင်း