လူထုလှုပ်ရှားမှုအတွက် ပြည်တွင်းမှာ အဖွဲ့သစ်တဖွဲ့ ပေါ်ပေါက်လာ

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ ပြည်တွင်းရှိ ပြန့်ကျဲနေတဲ့ အဖွဲ့ငယ်များအား ပြန်လည် စုစည်းပြီး လူထုလှုပ်ရှားမှု ဖော်ဆောင် ရန် ကြိုးပမ်းမည့် New Generation Movement for Justice အဖွဲ့ကို ပြည်တွင်း လူငယ်များက ယခုလ ၃ ရက်နေ့ ဖွဲ့စည်းလိုက်သည်။

ကျောင်းသား၊ ကျောင်းဆရာ၊ အလုပ်သမား၊ လယ်သမား အလွှာအသီးသီး ပါဝင်သည့် New Generation Movement for Justice အဖွဲ့ က အာဏာပိုင်များ၏ လိုက်လံ ဖြိုခွင်းမှုကြောင့် ပြန့်ကျဲနေသည့် စက်တင်ဘာ တော်လှန်ရေး နောက်ဆက်တွဲ အဖွဲ့ငယ်များကို ပြန်လည် စည်းရုံးခြင်းများကို လူထုလှုပ်ရှားမှုအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

"အင်အားနည်းနေတဲ့ အဖွဲ့တွေကို အင်အားရှိတဲ့အဖွဲ့ ပြန်ဖြစ်လာအောင် ယုံကြည်မူ တည်ဆောက်ပြီးတော့ လူထုလှုပ်ရှားမှု အကြီးကြီးတခု လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ" ဟု အဖွဲ့ဝင်တဦးဖြစ်သူ မနွယ်လေးဝေက ပြောသည်။

အဖွဲ့၏ ကနဦး လုပ်ဆောင်ချက်များအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး စသည့် လူငယ်အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ လူထုဆန္ဒခံယူပွဲတွင် ပြည်သူများအနေနှင့် ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများကို မြို့ရွာအနှံ့ လျှို့ဝှက် လုပ်ဆောင်နေသည်ဟု သိရသည်။

အတိုက်အခံ အင်အားစုများနှင့် အကဲခတ်များက နအဖ စစ်အစိုးရသည် ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုခြင်း မရှိသူများနှင့် ၁၄ နှစ်သက်တမ်းကြာ အမျိုးသားညီလာခံမှ ရေးဆွဲလိုက်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) သည် စစ်အုပ်စု အာဏာသက်ဆိုးရှည် ရေးအတွက် တရားဝင် ဖြစ်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ပြောဆို ဝေဖန်ကြသည်။ သူတို့က အဆိုပါ မူကြမ်း အတည်မပြုနိုင်ရေး အတွက် ပြည်သူများအနေနှင့် မဲရုံများသို့ သွားရောက်ကာ ကန့်ကွက်မဲပေးရေး လှုံ့ဆော်နေသည်။

နအဖ စစ်အစိုးရကမူ ဥပမဒမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို လာမည့် မေလ ၁ဝ ရက် နေ့ တွင် ကျင်းပသွားမည်ဟု ယမန်နေ့ညက တရားဝင် ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။

New Generation Movement for Justice က ဥပဒေအဖြစ် အတည်မပြုနိုင်ရန် မည်သည့် နည်းလမ်းဖြင့် လူထုလှုပ်ရှားမှုများ ဖော်ထုတ် သွားမည်ကို အသေးစိတ် ပြောကြားခြင်း မရှိပါ။

"Justice (တရားမျှတမှု) လို့ သုံးရတဲ့ အကြောင်းကတော့ ကျမတို့ တိုင်းပြည်မှာ ဘယ်လို နည်းစနစ်ကြီးပဲ ဖြစ်ဖြစ် တရားမျှတမှု ရှိဖို့ပဲ လိုလားတယ်။ တရားမျှတမူအတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ် ဆိုတာကို ပြောချင်တာပါ" ဟု မနွယ်လေးဝေက ပြောသည်။

"ကျမတို့ ကျောင်းသားတွေ ကျောင်းတနှစ်အောက်မှာ သိပ်ကြောက်တယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဈေးသည်တွေ တနေ့ ဈေးမထွက်ရမှာ ကြောက်တယ်။ အဲဒီအရာတွေ အောက်ကနေ လွတ်မြောက်လာဖို့အတွက် သတ္တိတွေ မွေးဖို့လိုပါတယ်။ တရက်တို့၊ တနှစ်တို့ နောက်ကျသွားတဲ့ အရာတွေကို ကြည့်နေမယ်ဆိုရင် ကျမတို့တသက် ခံစားသွားရဖို့ ဖြစ်တယ်ဆိုတာ သတိပေးချင်ပါတယ်" ဟု သူက ဆက်ပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form