ဦးဂမ္ဘီရနှင့် မြန်မာသံဃာတော်များ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု ချီးမြှင့်ခံရ

ဧရာဝတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရနှင့် မြန်မာသံဃာတော် များအား အင်္ဂလန်နိုင်ငံအခြေစိုက် Index on Censorship မဂ္ဂဇင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုကို ချီးမြှင့်လိုက် ကြောင်း သိရသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးသည် လူ့အခွင့်အရေးအဖွဲ့များ အာရုံစိုက်စရာဖြစ်စေခဲ့သလို ဆရာတော် ဦးဂမ္ဘီရ သည်လည်း ၎င်းလှုပ်ရှားမှုတွင် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သော ကြောင့် ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့ညနေက လန်ဒန်တွင်ပြုလုပ် သည့် ဆုပေးပွဲ၌ု Index on Censorship မဂ္ဂဇင်း၏ တာဝန်ခံကပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

အဆိုပါဆုကို လန်ဒန်မြို့ရှိ ဆရာတော် ဦးဥတ္တရနှင့် ဘလော့ဂါ ကိုထိုက်တို့က လက်ခံရယူခဲ့ကြောင်းလည်း သိရသည်။

ဆရာတော် ဦးဂမ္ဘီရသည် ရန်ကုန်တိုင်း ရဟန်းပျိုအဖွဲ့၏ ဦးဆောင်ဆရာတော်တပါးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အရှင်ဂမ္ဘီရအား စစ်အစိုးရက အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီချုပ်နှောင်ထားသည်။ အဖမ်းခံနေရသည့် ကာလအတွင်း ၌ပင် ဦးဂမ္ဘီရသည် မေတ္တာပို့ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်ခဲ့သည်။ အနာဂတ် မျိုးဆက်သစ်များ စစ်ကျွန်ဘ၀သို့ မရောက်ရလေအောင် စစ်အစိုးရ၏ အခြေခံဥပဒေအား မထောက်ခံကြရန် ထောင်ဝင်စာတွေ့ခွင့်ရသည့် မိသားစုဝင်များမှ တဆင့် ပြည်သူလူထုကို ပန်ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တားဆီးခြင်း၊ ထိန်းသိမ်းခြင်းခံထားရသူများနှင့် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းမရှိဘဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းခံနေရသူများသည် ဆန္ဒခံယူပွဲဥပဒေအရ မဲပေးခွင့် ရှိသူများဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

၎င်းကြေညာချက်တွင် “ဤပုဂ္ဂိုလ်များသည် မဲစာရင်းတွင် ၎င်းတို့၏အမည် ပါဝင်ရန်လည်းကောင်း၊ ဆန္ဒမဲပေးရန်လည်း ကောင်း၊ ဥပဒေပြဌာန်းချက်များအရ အာဏာပိုင်တို့၏တာဝန်ဖြစ်ကြောင်း ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။
စစ်အစိုးရက သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေကပြဌာန်းထားသည့်အတိုင်း သတ်မှတ် ခြင်းခံရသူများ၊ ပြစ်မှုတခုခုကြောင့် တရားရုံး၏အမိန့်စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူများ၊ ပြည်ပသို့တရားမ၀င် ရောက်ရှိနေသူများနှင့် နိုင်ငံခြားသားများအား မဲပေးခွင့်မရှိကြောင်း ဥပဒေပြဌာန်းထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form