မြန်မာသတင်းသမားတွေ ပြန်လွတ်လာပြီ

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ အိုလံပစ် မီးရှုးတိုင်သတင်းကို ရယူရင်း ယမန်နေ့က နယူးဒေလီတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာသတင်းထောက် ၄ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် တရားရုံးတရုံးက ပြန်လွှတ်ပေးရန် အမိန့် ချမှတ်လိုက်သည်။

အိုလံပစ် မီးရှုးတိုင် သယ်ဆောင်သည့် လမ်းအနီး တားမြစ်နယ်မြေထဲအထိ ဝင်ရောက်သည်ဟု ဆိုကာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည့် မြန်မာသတင်းသမား ၄ ဦးမှာ ယနေ့ ညနေတွင် နယူးဒေလီမြို့ ပါလီမန်လမ်းရှိ Special Executive Magistrate တရားရုံးမှ တရားသူကြီး J.K Malik ခုံရုံးတွင် စစ်ဆေးခံပြီးနောက် ပြန်လွတ်လာခြင်း ဖြစ်သည်။

“ကျနော်တို့ကို ၄ နာရီကျော်မှာ လွှတ်ပေးတာပါ။ အဓိကက မြန်မာဒုက္ခသည် ကဒ်ပြား ကိုင်ထားလို့ပါ။ လာမယ့် မေလ တရက်နေ့ ရုံးချိန်း ပြန်ပေးတယ်။ ဒီကနေ့ ဘာမှ ဆုံးဖြတ်ချက် မချဘဲ ပြန်ရုံးချိန်းပေးလိုက်တဲ့ သဘောပေါ့” ဟု BBC မြန်မာပိုင်းဆိုင်ရာ အလွတ်သတင်းထောက် ကိုကျော်သူရက ပြောသည်။

ကိုခင်မောင်လတ် (ဒီမိုကရက်တစ် မြန်မာ့အသံ - DVB)၊ ကိုကျော်သူရ (BBC)၊ ကိုနေလင်း (RFA)၊ အယ်ဒီတာ ကိုမျိုးမြင့်အောင် (ချင်းသတင်းဌာန Khonumthung) တို့ ၄ ဦးသည် Tuglak ရဲစခန်းတွင် ၂၄ နာရီနီးပါး ချုပ်နှောင်ခံခဲ့ရသည်။

တားမြစ်နယ်မြေ ပထမစည်းဖြစ်သည့် သမ္မတ အိမ်တော်နှင့် အိန္ဒိယဂိတ် လမ်းပေါ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး သူတို့နှင့်အတူ သတင်းယူနေသည့် နိုင်ငံခြားသား သတင်းထောက်များနှင့် ဒေသခံ အိန္ဒိယသားများမှာ ဖမ်းဆီးခံခဲ့ရခြင်း မရှိပါ။

“ပထမတော့ တိဘက်ထင်ပြီး ဖမ်းသွားတာ။ ဗမာသတင်းသမားမှန်း သိတော့လည်း ဖမ်းထားတာပဲ။ တားမြစ်နယ်မြေ ကျော်တယ်ဆိုပြီး။ သူများတွေလည်း သွားနေ၊ ဖြတ်နေကြတာပဲ။ သူတို့ကျတော့ မဖမ်းဘဲ ကျနော်တို့ကို ဖမ်းသွားတာ” ဟု DVB သတင်းထောက် ကိုခင်မောင်လတ်က ပြောသည်။ သူတို့နှင့်အတူ အသက်ကြီး တိဘက် ၅ ဦးနှင့် နီပေါအမျိုးသမီး ၁ ဦးတို့လည်း ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည်။

အခြား တိဘက်လူမျိုး ၄၇ ဦးကိုမူ တီဟားထောင်တွင် ရွှေ့ပြောင်း ချုပ်နှောင်ထားရန်နှင့် လာမည့် တနင်္လာနေ့သို့ ရုံးချိန်းရက် သတ်မှတ်ပေးလိုက်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form