ကိုစိုး ဧရာဝတီ
မြန်မာစစ်အစိုးရ စစ်ခေါင်းဆောင် တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အိန္ဒိယနိုင်ငံ ဒု သမ္မတ၏ ဖိတ်ကြားချက်အရ မကြာခင် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွားရောက်ရန် ရှိကြောင်း သိရ သည်။
ယမန်နေ့က ထုတ်ဝေသော စစ်အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် အိန္ဒိယ ဒု သမ္မတ မစ္စတာ မိုဟာမက် ဟာမစ်အန်ဆာရီ၏ ဖိတ်ကြားချက်အရ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီးဒေါ်မြမြစန်း တို့သည် ဒီမိုကရေစီ နိုင်ငံကြီး တခုဖြစ်သည့် အိန္ဒိယနိုင်ငံသို့ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီးသွားရောက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ အစိုးရ သတင်းစာက နေ့ရက် အတိအကျ ခရီးစဉ်အသေးစိတ်အား ဖော်ပြမထားသော်လည်း သံတမန် များကို ကိုးကား၍ လာမည့် ဧပြီလ ၂ ရက်နေ့တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ် စတင်မည်ဖြစ်ကြောင်း အေပီ သတင်းက ရေးသားသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ၏ ၅ ရက်ကြာ ခရီးစဉ် အတွင်း အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမည့် ရခိုင် ပြည်နယ် ကုလားတန် မြစ်စီမံကိန်းအတွက် အိန္ဒိယ အစိုးရနှင့် သဘောတူ လက်မှတ်ထိုးလိမ့် မည်ဟု မျှော်လင့်ရ ကြောင်းလည်း သတင်းတွင်ပါရှိသည်။
ယင်းသဘောတူ လက်မှတ်ထိုးမှုတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ရေးနှင့် ကုလားတန်မြစ်ကြောင်း ရေလမ်းမွမ်းမံရေး တို့ အတွက် အသုံးပြုရန်ပါဝင်သည်ဟု သိရသည်။
အဆိုပါ ဒီမိုကရေစီ နိုင်ငံကြီး တခုဖြစ်သည့် အိန္ဒိယနိုင်ငံ အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒသည် ယခင်နှင့် မတူဘဲ သိသာစွာပြောင်းလဲလာကြောင်း သံတမန်ဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ သခင်ချန်ထွန်း က ပြောသည်။
“အခုဆိုရင် ကွန်ဂရက်ပါတီနဲ့ မစ္စဆိုနီယာ ဂန္ဓီတို့လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောဆိုသံမကြားရဘူး၊ ကာကွယ်ရေး ဝန်ကြီးဟောင်းကမှ ပြောဆိုသေးတယ်၊ အိန္ဒိယအစိုးရအနေနဲ့ သူ့စီးပွားအတွက်ပဲ ဦးစားပေး စဉ်စား လုပ်ကိုင်လာတာ တွေ့နေရတယ်”ဟု သခင်ချန်ထွန်းက ပြောဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာတင့်ဆွေကလည်း“ကျနော်တို့ ကြည့်မြင် ရ သလောက်တော့ မြန်မာပြည်သူတွေဘာဖြစ်နေနေ အိန္ဒိယအစိုးရက ဂရုစိုက်မှာမဟုတ်ပါဘူး၊ သူတို့အကျိုးစီးပွားပေါ်မှာ အခြေခံပြီး စစ်အစိုးရနဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ မူဝါဒပဲ”ဟု ပြောသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် စီးပွားရေးနှင့် စစ်ရေးအတွက် တရုတ်နိုင်ငံ တနိုင်ငံတည်းကိုသာ အားမကိုး လိုသောကြောင့် အိန္ဒိယနှင့် ယခုကဲ့ ဆက်ဆံရေး တိုးမြှင့်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောဆိုသည်။
အိန္ဒိယရှိ လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အိန္ဒိယသို့ ရောက်ရှိလာပါက ဆန္ဒပြမည် ဟု ပြောဆိုသည်။
ယင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၀၀ ခုနှစ်က အိန္ဒိယ နိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ဖူးသေးသည်။
အိန္ဒိယအစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်း ဖက် ဖြိုခွဲခံရပြီးနောက် မြန်မာစစ်အစိုးရသို့ လက်နက်များ လွှဲပြောင်းရောင်းချခဲ့သည်။
မိုင်ပေါင်း ၈၃၀ ခန့် နယ်စပ်ခြင်း ထိစပ်နေသည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း ၂ နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်သွားလာ၍ ဆက်ဆံရေး ပိုမို တိုးမြှင့် လာခဲ့ခြင်းဖြစ်သည်။

Tags
သတင်း