လှိုင်သာယာ ဒီချုပ် ဥက္ကဋ္ဌ ရိုက်နှက်ခံရ

သန်းထိုက်ဦး မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်လှိုင် အား ယမန်နေ့က အမည်မသိ လူတဦးက အလစ်ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း၌ ၃ ချက် ချုပ်လိုက်ရသည်။

လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်တွင် နေထိုင်သူ အသက် ၇၄ နှစ်အရွယ်ရှိ ဦးမြင့်လှိုင်သည် ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် အိမ်ရှေ့၌ လမ်းထွက်လျှောက်နေစဉ် အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။

“မနေ့တုန်းက ၇ နာရီခွဲလောက်မှာ ကျနော့်အိမ်ရှေ့မှာ လမ်းလျှောက်နေရင်း ကျနော် အရိုက်ခံရပါတယ်” ဟု ဦးမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ရိုက်တဲ့လူကို ယူဆလို့ မရဘူးခင်ဗျာ။ လူကတော့ မသိဘူး။ လူကတော့ ကျနော့်ရပ်ကွက်က မဟုတ်ဘူး။ ဒီ့ပြင် ရပ်ကွက်က ဖြစ်မယ်ထင်တယ်။ ကျနော့်အရပ်က မဟုတ်ဘူး” ဟု ပြောသည်။

လှိုင်သာယာမြို့နယ် ဒေသခံတဦးကလည်း “သူက ရပ်ကွက်ထဲမှာလည်း အရမ်းကောင်းပါတယ်။ တရားထိုင်၊ ပုတီးစိတ်၊ ညောင်းရင် လေညင်းခံ လမ်းလျှောက်တယ်။ အဲဒါကို အရိုက်ခံရတာ။ သူ့ကို ရိုက်တာ၊ ဒါဟာ နိုင်ငံရေးကို အကြမ်းဖက် ဖြေရှင်းတယ်လို့ ကျနော် ယူဆပါတယ်” ဟု ပြောသည်။

ဦးခေါင်းဒဏ်ရာအား လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ကုသရာ ၃ ချက် အချုပ်ခံရပြီး ယခုလက်ရှိ ဦးခေါင်းတွင် အနည်းငယ် ကိုက်ခဲနေသေးသည်။

လှိုင်သာယာမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ က “အလားတူ ဟင်္သာတမှာ ကိုမောင်လေးကို အရိုက်ခံရတယ်ဗျာ။ နောက် HRDP (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်) က ကိုမြင့်အေး အရိုက်ခံရတယ်ဗျာ။ မတ္တရာမှာ ဦးသန်းလွင် အရိုက်ခံရတယ်ဗျာ။ တောင်ကုတ်မှာဆို အရိုက်ခံရတယ်ဗျာ၊ ဟုတ်လား။ အခုလည်း လှိုင်သာယာမှာ ရိုက်တယ်” ဟု ပြောသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form