ကြံ့ဖွံ့အတွင်းရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မျိုးကြီး မဇ္ဈိမသတင်းဌာန

ရွှေလီ။ ။ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် မဲဆွယ် စည်းရုံးနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းခေါင်းဆောင် တဦးကို သေနတ်သမားများက လုပ်ကြံ သတ်ဖြတ်မှု ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်။

ဗုဒ္ဒဟူးနေ့ည ၁ဝ နာရီကျော်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် ကြံ့ဖွံ အတွင်းရေးမှူးလည်း ဖြစ်သည့် ရပ်ကွက် ( ၃) ဥက္ကဌ ဦးဝင်းမောင် (အသက် ၅ဝ) ကို အနည်းဆုံး လူ ၃ ဦး ပါဝင်သည့် သေနတ်သမားများက နေအိမ်တခါးဝအနီး သေနတ်ဖြင့် အနီးကပ် တေ့ပစ်သွားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားသည်။ ထို့အပြင် အိမ်တွင်းမှ ပြေးထွက်လာသော ဦးဝင်းမောင်၏ သားတယောက်လည်း နောက်ထပ် ပစ်သွင်းလိုက်သည့် လက်ပစ်ဗုံးကြောင့် ဒဏ်ရာ ရရှိသွားသဖြင့် မူဆယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည်။

“သူ (ဦးဝင်းမောင်)က အရင်က ကြူကုတ်-ပန်ဆိုင်းမှာ ရှိတဲ့ ကိုးကန့်အိမ်တွေ အများကြီး သိမ်းခဲ့ဖူးတယ်။ သူက စစ်တပ်က ထွက်တဲ့သူ၊ ဒီမှာ လူကြီးလုပ်ရတော့ ရွာသားတွေကို အရမ်း ရက်စက်တယ် အဲလိုဖြစ်တော့ ဘယ်သူ လုပ်သလဲဆိုတာ မပြောတတ်ဘူး” လို့ ပန်ဆိုင်းဒေသခံ စိုင်းမောဝ်က ပြောပြသည်။

လာမည့် မေလ (၁ဝ) ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ထောက်ခံမဲပေးကြရန် စည်းရုံးရေးဆင်းခြင်း အပါအဝင် မဲပေးရေး ကိစ္စများနှင့် အလုပ် များနေချိန်အတွင်း သေနတ်သမားများက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲမှူးကြီးနှင့် မူဆယ်မြို့ လုံခြုံရေး တာဝန်ကျ ခြေလျင်တပ်ရင်း (၂၉ဝ)မှ တပ်ရင်းမှူးများက မူဆယ်ဆေးရုံသို့ သွားရောက်ပြီး လူနာကို ကြည့်ရှုခဲ့ကြသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form