ဥပဒေမူကြမ်း အတည်မဖြစ်ရေး ပြည်သူတိုင်းကန့်ကွက်မဲပေးရန် အန်အယ်လ်ဒီ စစ်ကိုင်းတိုင်းမှ ကြေညာ

NEJ ခေတ်ပြိုင်သတင်းဌာန

နအဖက ယခုအတည်ပြုမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ဖြစ်သွားပါက ၁၉၉၀ ပြည့်
နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများသည် အပြီးအပိုင် ချေဖျက်ပြီးဖြစ်သွားမည်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စစ်ကိုင်း တိုင်း၊ တိုင်းစည်းရုံးရေးအဖွဲ့က ထိုမူကြမ်းကို လက်မခံနိုင်ကြောင်း ကြေညာလိုက်သည်။

စစ်ကိုင်းတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းစည်းရုံးရေးအဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နအဖရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လုံးဝလက်မခံ နိုင်ကြောင်း ဧပြီ (၇) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

နအဖ စိတ်တိုင်းကျ ရေးဆွဲထားသည့် မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်တော့မည့် အခြေခံ ဥပဒေသည် ပြင်ဆင်ရန်ခက်ခဲသည့် ဥပဒေဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထား
သည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ “လွတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော် ရရှိရမည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်” ဟု အတိအလင်း ဖော်ပြထားသောကြောင့် စစ်အာဏာရှင်စနစ်ကို အခိုင်အမာ အကာအကွယ်ပေးနေသည့် ယင်းဥပဒေမူကြမ်းကို ပြုပြင်ရန်၊ ပယ်ဖျက်ရန် မဖြစ်နိုင်လောက်အောင် ခက်ခဲပြီး တိုင်းပြည်တွင်အန္တရာယ် ကျရောက်မည့် ဥပဒေမူကြမ်းတရပ်ဖြစ်ကြောင်းလည်း တိုင်းစည်းရုံးရေးအဖွဲ့က ထောက်ပြထားသည်။

ထို့ပြင် ယခုဥပဒေမူကြမ်းအတည်ဖြစ်မည်ဆိုပါက လက်ရှိစစ်အာဏာရှင်စနစ်ကို အခြေခံဥပဒေ
အရ တရားဝင် အာမခံသည့် စစ်အာဏာရှင်စနစ် ပေါ်ထွန်းလာပြီး ၎င်းတို့ထင်သလို အုပ်ချုပ်နိုင်
ရန် အာဏာအပ်နှင်းရာ ရောက်လိမ့်မည်ဖြစ်ကြောင်း၊ ပြည်သူများက ကန့်ကွက်မဲပေးပြီး ယင်းဥပ ဒေမူကြမ်းကို တညီတညွတ်တည်း ပယ်ချလိုက်မည်ဆိုပါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစသစ်များ မလွဲမသွေ ပေါ်ထွန်းလာမည်ဟု ယုံကြည်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ယခု မေလတွင် ကျင်းပမည့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲသည် စစ်အာဏာရှင်နှင့် ပြည်သူ
များ ဖြစ်ပွားနေသည့် နိုင်ငံရေးအားပြိုင်မှုကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံး ဗိုလ်လုပွဲကြီး သဖွယ်ဖြစ်နေကြောင်း၊ ဆန္ဒမဲပေးနိုင်ခွင့်ရှိသူ ပြည်သူတိုင်းက လာမည့်မေလ ဆန္ဒခံယူပွဲတွင် မပျက်မကွက် တခဲနက် ကန့်ကွက်မဲပေးကြရန် စစ်ကိုင်းတိုင်း၊ တိုင်းစည်းရုံးရေးအဖွဲ့က ပြည်သူ တရပ်လုံးသို့ ပန်ကြားထားသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form